ပါဝါဘန့်များကို ရေရှည်အသုံးပြုနိုင်ရန် သတိပြုသင့်သည့်အချက်များ

 

ပြီးခဲ့တဲ့တစ်ပတ်မှာ ပါဝါဘန့်ဝယ်မယ်ဆိုရင် သတိပြုသင့်တဲ့အချက်တွေကို ဖော်ပြခဲ့ပါတယ်။ ပါဝါဘန့်တွေမှာ အဓိကအစိတ်အပိုင်းအဖြစ် ဘက်ထရီနဲ့ ဆားကစ် နှစ်မျိုးတည်းသာ ပါဝင်ပေမယ့် ဘက်ထရီဟာ ပျက်ဖို့အလွန်လွယ်တာကြောင့် ဒီတစ်ပတ်မှာတော့ ပါဝါဘန့်တစ်လုံးကို သက်တမ်းကြာကြာ အသုံးပြုနိုင်ဖို့ သတိပြုသင့်တဲ့အချက်တွေ၊ မလုပ်သင့်တဲ့အချက်တွေကို ဆက်ပြီးဖော်ပြလိုက်ပါတယ်။

 

ပါဝါဘန့်ကို အားသွင်းနေစဉ် ဖုန်းအားသွင်းခြင်း
ပါဝါဘန့်ကို အားသွင်းထားတဲ့အချိန်မှာ ပါဝါဘန့်ကနေ ဖုန်းကို ထပ်အားသွင်းတာမျိုး မလုပ်သင့်ပါဘူး။ ပါဝါဘန့်ဟာ အဓိကအလုပ်နှစ်ခု ဖြစ်တဲ့   အားသွင်းတာရော၊    အားပြန်ထုတ်ပေးတာရော    နှစ်ခုလုံးကို တစ်ပြိုင်တည်းလုပ်နေရတဲ့အခါ  ဘက်ထရီကို  ဆိုးဆိုးရွားရွား  ထိခိုက် စေပြီး သက်တမ်းတိုစေပါတယ်။ ချက်ချင်းမပျက်ရင်တောင်မှ ပါဝါဘန့် ဟာ သိသိသာသာ ပူလာတာကို ခံစားရမှာဖြစ်ပြီး ဘက်ထရီကို အလွယ် တကူ   ပျက်စီးစေနိုင်ပါတယ်။   အခန့်မသင့်ရင်  ဘက်ထရီပေါက်ကွဲတဲ့အထိ  ဖြစ်စေနိုင်သလို  ဘက်ထရီတင်မကဘဲ  ဆားကစ်ကိုလည်း အပူလွန်ပြီး ပျက်စီးစေနိုင်ပါတယ်။ 
အားသွင်းချိန်လွန်ခြင်း
ပါဝါဘန့်ကို ဘက်ထရီအားပြည့်တာထက် အချိန်အကြာကြီး ကျော် လွန်ပြီး အားသွင်းထားတာကလည်း ဘက်ထရီကို သက်တမ်းတိုစေနိုင် ပါတယ်။ ညအိပ်ချိန်မှာ တစ်ညလုံး အားသွင်းထားတာမျိုးဟာ ပါဝါဘန့် သုံးစွဲနေသူ အတော်များများ လုပ်လေ့ရှိတဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ပါဝါဘန့်ကို အားသွင်းထားခဲ့ပြီး အပြင်ကို အကြာကြီးထွက်သွားတာ မျိုးလည်း မလုပ်သင့်ပါဘူး။
မီးမငြိမ်ချိန်မှာ အားသွင်းခြင်း
မီးအားမငြိမ်တဲ့အချိန်နဲ့   မီးလာလိုက် ပျက်လိုက်  အချိန်တွေမှာ အားသွင်းထားတာကလည်း ဘက်ထရီကို ထိခိုက်စေပါတယ်။ အထူး သဖြင့် မီးလာပြီး မီးအားမငြိမ်ဘဲ တက်လိုက်ကျလိုက် ဖြစ်နေချိန်မှာ အားသွင်းတာက ဘက်ထရီကိုရော ဆားကစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင် ပါတယ်။ လျှပ်စစ်မီးမဟုတ်ဘဲ မီးစက်နဲ့ အင်ဗာတာတွေကနေတစ်ဆင့် အားသွင်းတဲ့အခါမှာလည်း  လျှပ်စစ်ဓာတ်အားဟာ  မတည်မငြိမ်ဖြစ် တတ်လို့ မီးစက်နဲ့ အင်ဗာတာမီးတွေကနေ အားသွင်းတာကိုလည်း တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ လျှပ်စစ်မီးလာပြီး မီးအား လည်း တည်ငြိမ်နေတဲ့အချိန်မှာ အားသွင်းတာက အကောင်းဆုံးဖြစ် ပါတယ်။ 
ရေစိုခြင်း
ပါဝါဘန့်ဟာ အခြား လျှပ်စစ်ပစ္စည်းတွေလိုပဲ ရေစိုဒဏ်ကို မခံနိုင် ပါဘူး။ ပါဝါဘန့်ဟာ တိုက်ရိုက်ရေစိုတာကိုရော၊ စိုထိုင်းတဲ့နေရာတွေမှာ ထားလို့ ရေငွေ့ပျံပြီး ရေငွေ့ဝင်တာကိုရော မခံနိုင်ပါဘူး။ ရေဝင်တဲ့ ပမာဏအပေါ်  မူတည်ပြီး  အနှေးနဲ့အမြန်  ပျက်စီးမှာဖြစ်ပါတယ်။ မတော်တဆ  ရေအနည်းငယ်စိုသွားရင်လည်း  ချက်ချင်းပြန်မသုံးဘဲ အဖုံးဖွင့်၊ Dryer မှုတ်ပြီး သေချာအခြောက်ခံပြီးမှ ပြန်သုံးသင့်ပါတယ်။ ကိုယ်ထည်မှာ သတ္တုအစိတ်အပိုင်းပါဝင်တဲ့ ပါဝါဘန့်တွေဆိုရင် ရေစို နေတဲ့လက်နဲ့ကိုင်ပြီး အားသွင်းတဲ့အခါ မတော်တဆ ဓာတ်လိုက်နိုင်တာ ကိုလည်း သတိထားရမှာဖြစ်ပါတယ်။
အပူလွန်ခြင်း
အပူလွန်ခြင်းကလည်း ပါဝါဘန့်တွေထဲက ဘက်ထရီကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။ သာမန် အခန်းအပူချိန်က ပြဿနာမရှိပေမယ့် တိုက်ရိုက်နေရောင်ကျတဲ့ နေရာမျိုးတွေ၊ အလုံပိတ်ထားတဲ့ ကားရဲ့ ဒက်ရှ်ဘုတ်ပေါ်မှာ  ပါဝါဘန့်ကို  တင်ခဲ့တာမျိုးတွေက ဘက်ထရီကို အပူလွန်စေပါတယ်။ ပါဝါဘန့်ကို အားသွင်းထားချိန်မှာ နေရာကလည်း အပူလွန်တဲ့နေရာမှာ ရှိနေတယ်ဆိုရင် ပေါက်ကွဲတဲ့အထိ ဖြစ်စေနိုင် ပါတယ်။
လွတ်ကျခြင်း
ဒီတစ်ချက်ကတော့   ရှင်းပါတယ်။   ပါဝါဘန့်ထဲမှာ နုနယ်တဲ့ ဆားကစ်တွေကို ဘက်ထရီနဲ့ ဆက်ထားတာကြောင့် လွတ်ကျတဲ့အခါ ဆားကစ်တွေ အလွယ်တကူ ပျက်စီးနိုင်သလို ပြင်ပကိုယ်ထည်ကွဲတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ ပါဝါဘန့်ကို သွားလေရာ ယူသုံးတတ်သူတွေ ဆိုရင် ရော်ဘာအုပ်ထားတဲ့ကိုယ်ထည်မျိုးနဲ့ ပါဝါဘန့်ကို ရွေးသုံးတာက လက်ထဲကချော်ကျတာကို   ကာကွယ်နိုင်သလို   ပြုတ်ကျရင်လည်း ထိခိုက်မှုကို လျော့နည်းစေပါတယ်။                                       ကိုစိုး
ကိုးကား - powerbank.guru