
ရန်ကုန် ဖေဖော်ဝါရီ ၂၄
ကချင်ပြည်နယ် ပူတာအိုမြို့နယ် တွင် တောင်ကျချောင်းရေ တက်၍ ရေလယ်သောင်ပြင်ရှိ တဲအတွင်း ၌ ကလေးငယ်တစ်ဦးပါ ခုနစ် ဦးကို မီးသတ်တပ်ဖွဲ့က သွားရောက် ကယ်တင်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၃ နာရီခန့်က ပူတာအိုမြို့နယ် မူလာရှီးဒီချောင်း အတွင်း တောင်ပေါ်တွင် မိုးရွာ သွန်းမှုကြောင့် တောင်ကျရေလျှံ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရာ ချောင်း အတွင်း ချောင်းကမ်းပါးရေကာတန်း(မြေထိန်းနံရံ) တည်ဆောက် ရေးလုပ်ငန်းရှိ လုပ်သားခြောက်ဦး နှင့် ကလေးငယ်တစ်ဦး စုစုပေါင်း ခုနစ်ဦးတို့သည် ရေလယ်သောင်ပြင် ရှိ နေထိုင်ရာတဲအတွင်း ကျန်ရှိ နေကြောင်း တာဝန်သိပြည်သူ တစ်ဦးက သတင်းပေးပို့လာ၍ ယင်းနေ့ နံနက်ပိုင်းတွင် ပူတာအို ခရိုင်/မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကားတွေကော အဲဒီမှာ ရှိနေတာ။ ရေတက်တော့ ကြိုးတွေ ဘာတွေနဲ့ သွယ်ပြီးတော့ အဲဒီမှာ ကျန်နေတဲ့သူတွေ ဘေးကင်းတဲ့ နေရာရောက်ဖို့အတွက် ကူညီ ဆောင်ရွက်ပေးခဲ့တာပါ။ ရေစီးက လည်း အလွန်သန်နေတာ။ သူတို့ ကတော့ အမြင့်တစ်နေရာမှာ ကယ်ဆယ်ရေးကို စောင့်နေကြ တာပေါ့” ဟု ဖြစ်စဉ်ကို သိရှိသူ ပူတာအိုမြို့ ဒေသခံတစ်ဦးက ပြောသည်။
MT
Photo-MFSD