ပူတာအိုမြို့နယ်အတွင်း ကျေးရွာ ၁၂ ရွာ ဓာတ်အားလိုင်းတိုးချဲ့ခြင်းလုပ်ငန်းပြီးစီး

 

ပူတာအို   စက်တင်ဘာ   ၂၉


ကချင်ပြည်နယ်   ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာတွင်   မီးလင်းရေးအတွက် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ တိုးချဲ့     တည်ဆောက်ခြင်းလုပ်ငန်းကို  လျှပ်စစ်ဓာတ်အား  ဖြန့်ဖြူးရေးလုပ်ငန်း က   ဆောင်ရွက်ခဲ့ရာ  ယခုအခါ   လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာများတွင်  မီးလင်းနေပြီဖြစ်သည်။

 


ပူတာအိုမြို့နယ်အတွင်းရှိ  နမ်ဒင်၊ မာမဲ့ရှီးဒီ၊  လားဝါးတား၊  အလပ် ဒမ်း၊  ဝါးဆား၊ ဖန်ခိုင်(၂)၊ အထက်ဆန်ဂေါင်၊  ညဲဆာလာဒီ၊    နီးနာဝါချီ၊  ဖတ်မာစွပ်၊ ဆာရ်ခွမ်ဒမ်းနှင့်  ဝမ်ခွမ်ဒမ်းကျေးရွာများတွင်  ၁၁ ကေဗွီ  ဓာတ်အားလိုင်းနှင့် ၄၀၀ ဗို့   ဓာတ်အားလိုင်းများ  တိုးချဲ့တပ်ဆင်ခြင်း၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၁၁ လုံးနှင့် ၅၀ ကေဗွီအေ   ထရန်စဖော်မာ တစ်လုံးတည်ဆောက်ခြင်းလုပ်ငန်းများကို       လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်    ခွင့်ပြုရန်ပုံငွေကျပ်  ၇၆၃ ဒသမ ၁၅၈   သန်းဖြင့်   တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက  ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်သည်။

 


ကျေးရွာများအတွက် လျှပ်စစ်ဓာတ်အားများကို ၂၀၁၈ ခုနှစ်မှ စတင် ၍ ၃ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ်စက်ရုံ မှ ဖြန့်ဝေပေးမည်ဖြစ်ကာ ယင်းစက်ရုံသည်  ပူတာအိုနှင့်    မချမ်းဘော့ မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၅ ခုနှင့်  ကျေးရွာပေါင်း ၆၆ ရွာတို့ကိုလည်း  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။    အဆိုပါကျေးရွာများတွင်  ယခင်က  ဖယောင်းတိုင်မီးများနှင့်  ဆိုလာမီးများကိုသာ   အသုံးပြုခဲ့ကြရ ပြီး  ယခုအခါ  လျှပ်စစ်ဓာတ်အားရရှိလာပြီဖြစ်၍  များစွာဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သည်။                                        

ဖုန်ကန်(ပူတာအို)