
မန္တလေး ဩဂုတ် ၂
ပုသိမ်ကြီးမြို့နယ်ရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ယနေ့တွင် အဆိုပါမြို့နယ်ရှိ ကျောက်မီးကျေးရွာဓမ္မာရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသည်။ ပုသိမ်ကြီးမြို့နယ်၌ ကျေးရွာအုပ်စု ၅၈ ခုနှင့် လူဦးရေ ၂၁၄၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေမှာ ၁၂၆၁၀ ရှိ ကြောင်းနှင့် ယခုကာကွယ်ဆေးကို မြို့နယ်အတွင်း စုရပ်ငါးနေရာခွဲကာ ယနေ့တွင် သုံးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ် ကြောင်း ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောသည်။
ပါဝင်ပေးဖို့လို
“ကျွန်တော်တို့ ပုသိမ်ကြီးမြို့နယ်မှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနေတာ သုံးရက်မြောက်ရှိပါပြီ။ စုစုပေါင်းလူဦးရေ ၉၀၀ ထိုးပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်း ပိုပြီးအောင်မြင်ဖို့အတွက် ပြည်သူတွေကလည်း ပါဝင်ပေးဖို့ လိုပါတယ်” ဟု ပြောသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သူဇာအောင် က “ပုသိမ်ကြီးမြို့နယ်မှာ အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကာကွယ်ဆေးတွေ ထိုးပေးနေပါ တယ်။ သူတို့တွေ ထိုးပြီးသွားရင် သံဃာတော်တွေနဲ့ သီလရှင်တွေ၊ ဈေးသူ ဈေးသားတွေ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေနဲ့ ပရဟိတဆောင် ရွက်နေသူတွေစသဖြင့် ထိုးပေးသွားမှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက ရောဂါကို ၇၉ ရာခိုင်နှုန်းကျော်အထိ ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရ ပါတယ်” ဟု ပြောသည်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ထိုးနှံပေးလျက်
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဇူလိုင် ၃၁ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ အသက် ၆၅ နှစ်နှင့် အထက် ဦးတည်အုပ်စုများကို ဦးစားပေးအစီအစဉ်အလိုက် ဆေးရရှိမှု အပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မောင်အေးချမ်း