
မန္တလေး သြဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်တွင်ရှိသော နှစ်ပေါင်း ၁၆၀ ဝန်းကျင်က ကနောင် မင်းသားကြီး စိုက်ပျိုးခဲ့သော အိမ်ရှေ့မင်း ထန်းတောကို ယူနက် စကို မှတ်တမ်းဝင် ထိန်းသိမ်းနိုင် ရေးအတွက် မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာနမှ ၂၀၁၈ ခုနှစ်မှ စတင်၍ သုတေသနပြုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းအားလုံး၏ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
အိမ်ရှေ့မင်း (ကနောင် မင်းသားကြီး) မှ ၎င်း၏ သားတော် သမီးတော်များအား ယင်းဒေသ တစ်ဝိုက်တွင် နေရာသတ်မှတ်၍ ထန်းပင်များ စိုက်ပျိုးစေခဲ့ရာ ထန်းပင်ပေါင်း နှစ်သောင်းကျော် ရှိခဲ့သော်လည်း နှစ်ကာလ ကြာရှည်ခဲ့ပြီဖြစ်၍ ယခုအချိန်တွင် ထန်းပင်ပေါင်း ခြောက်ထောင် ကျော်သာကျန်ရှိကြောင်း မန္တလေး တက္ကသိုလ် ရုက္ခဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ကလျာလူက ပြောသည်။
“ထန်းပင်တွေကို အကွက် နေရာချပေးပြီး ကျောက်စာတိုင် လေးတွေနဲ့ စိုက်ခဲ့တာဖြစ်လို့ ယနေ့အထိ တွေ့နိုင်ပါတယ်၊ မင်္ဂလာ ထန်းတောဖြစ်တယ်။ ထန်းပင်မရှိရင် မင်္ဂလာမရှိဘူး ဆိုတဲ့ ဒေသခံတွေရဲ့အစွဲအလမ်း ရှိကြသလို ထန်းပင်တွေလာဝယ် တာတောင် ခုတ်လှဲမရောင်းကြ ဘဲ ထိန်းသိမ်းကြလို့ ထန်းပင်အစု လိုက်တွေ့ရတယ်။ တစ်ဦးဆိုရင် သူ့မြေကွက်ထဲမှာ အပင် တစ်ထောင်လောက်တောင် ရှိ တယ်။Tangible and Intangible Heritage Culture ရှိရာမှာ ထန်းပင်းတွေကို လက်ဆုပ် လက်ကိုင်ပြနိုင်တာဖြစ်လို့ ယူနက် စကိုမှတ်တမ်းဝင်ဖို့ ဆောင်ရွက် နေတာပါ” ဟု ၎င်းကပြောသည်။
အိမ်ရှေ့မင်း ထန်းတောမှ ထန်းပင်များကို ဓာတ်ခွဲခြင်းနှင့် ဒေသဝန်းကျင်လူမှုစီးပွား သုတေ သန ဆောင်ရွက်ခဲ့ကြရာ ထိုထန်းပင်များမှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်၍ အပင်၏ အနာရွတ် (Sacrs) များ မရှိတော့ ခြင်း၊ အပင်ပွေး နှစ်ထပ်ရှိခြင်းနှင့် ထန်းလက်နေရာများမှ နှစ်ကွင်း (ထန်းပင်အသက်) များအရ လွန်ခဲ့သောနှစ်ပေါင်း ၁၆၀ ကျော် ရတနာပုံခေတ်က ထန်းပင်များ ဖြစ်သည်ဟုသိရှိနိုင်ကြောင်း သိရ သည်။
“အိမ်ရှေ့မင်း ထန်းတောက ထန်းပင်တွေမှာ အပွေး နှစ်ထပ်ရှိ တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ တော့ ထန်းရွက်တစ်ရွက်ကြွေ သွားရင် Scar လို့ခေါ်တဲ့ အမာရွတ် ကျန်ခဲ့တယ်။ သူမှာပါတဲ့ နှစ်ကွင်း တွေအရ နှစ်ပေါင်း ၁၆၀ ဝန်းကျင် ဆိုတာ ခန့်မှန်းနိုင်လို့ ရတနာပုံ ခေတ်က စိုက်ခဲ့တာလို့ ပြောနိုင် တယ်။ Community base Conservation (အစုအဖွဲ့ကို အခြေခံထိန်းသိမ်းရေး) ဆိုတာ ဘယ်သူမှမခိုင်းဘဲ သူတို့ဘာသာ ထိန်းသိမ်းတာဖြစ်လို့ အလွန် ထူးခြားတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယူနက်စကို ထိန်းသိမ်းမှု စာရင်းဝင်ရောက်နိုင်ရေးအတွက် မန္တလေးတက္ကသိုလ် ရုက္ခဗေဒဌာန၊ မနုဿဗေဒဌာန၊ သမိုင်းဌာနနှင့် ရှေးဟောင်းယဉ်ကျေးမှု ဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး သုတေသန ရလဒ်များအရ အိမ်ရှေ့မင်း ထန်းတောမှ ထန်းသီး များသည် အချိုအဆင့် ၁၃ ရှိသည့် အတွက် မြန်မာနိုင်ငံတွင် အကောင်းဆုံးအရသာရှိပြီး အခြား ကောင်းမွန်သော ဓာတ်ခွဲတွေ့ရှိ ချက်များကြောင့် ဒေသခံများ အတွက် လူမှုစီးပွားရေးအထောက် အကူပြု စားသောက်ကုန်ထုတ် ခြင်း စသည့်လုပ်ငန်းများ ဖော်ဆောင်ပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)