
ယဉ်လာဒ်၊ ဓာတ်ပုံ- KoHtetBaganTaxi / The Unlock Travels
နိုင်ငံရဲ့ တစ်ခုတည်းသောနဲ့ ပထမဦးဆုံး ဘူမိဥယျာဉ်တစ်ခုဖြစ်တဲ့ ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်နယ်မြေထဲက
တောင်ပေါ်တောင်ရွာလေးဆီကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြပေးချင် ပါတယ်။
အညာမြေရဲ့ အိုအေစစ်
အညာမြေရဲ့အိုအေစစ်လို့ တင်စား ထားရတဲ့ ပုပ္ပားတောင်အမျိုးသားဘူမိ ဥယျာဉ်ရဲ့ ဘူမိရုပ်သွင်ဟာ ထူးခြားလှတဲ့နေရာတစ်ခုလို့ဆိုရပါတယ်။ လက်ရှိမှာ တော့ “အမျိုးသားဘူမိဥယျာဉ်” အနေနဲ့ ဖွင့်လှစ်ထားပြီး အဲ့ဒီကနေမှ ကမ္ဘာ့အသိ အမှတ်ပြု UNESCO Geopark အဆင့် အထိ ရောက်ရှိအောင် ကြိုးစားသွားမယ် လို့ ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။
ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ် ကို ၂၀၂၄ ခုနှစ် မတ် ၂၀ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဘူမိဥယျာဉ် အကျယ် အဝန်း ဧက ၅၀၀၀၀ ကျော်ရှိပြီး ဘူမိ နယ်မြေ (Geosite) ပေါင်း ၁၅ ခုနဲ့ ဖွဲ့စည်း တည်ထောင်ထားပါတယ်။ ဒီဘူမိနယ်မြေ ပေါင်း ၁၅ ခုထဲမှာ တောင်ပေါ်တောင်ရွာ လေးအပါအဝင် ဖြစ်ပါတယ်။
သမိုင်းအမွေအနှစ်တွေရှိတဲ့နေရာ
ပုပ္ပားဆိုတာ ဒေသခံတွေရဲ့ ကိုးကွယ် ယုံကြည်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း အစဉ်အလာတွေ အစရှိတဲ့ သမိုင်းဆိုင်ရာယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိတဲ့ နေရာတစ်ခုလို့ ဆိုရပါတယ်။ ပုဂံနဲ့ပုပ္ပား က ခွဲခြားမရအောင် ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ လာရောက်လည်ပတ် ကြတဲ့နေရာတစ်ခု ဖြစ်ပါတယ်။
‘‘ပုပ္ပားကို ရောက်ရင် ဘုရားဖူးစရာပဲ ရှိတယ်လို့ ထင်မှတ်ထားကြတယ်။ တကယ်တော့ ပုပ္ပားမှာ လည်ပတ်လေ့လာ စရာတွေများပါတယ်။ အခု ပုပ္ပားတောင် မီးတောင်ချိုင့်ဝှမ်း အလယ်ထဲမှာရှိတဲ့ တောင်ပေါ်တောင်ရွာလေးဆိုရင် အလွန် သာယာလှပပါတယ်။ ရှမ်းပြည်ရောက် နေတဲ့ခံစားမှုမျိုး မြူတွေတိမ်စိုင်တွေနဲ့ လှပတဲ့ရွာလေးတစ်ရွာပါ။ ဒေသခံတွေက လည်း ဖော်ရွေပျူငှာကြပါတယ်’’လို့ ပုဂံပုပ္ပားခရီးစဉ်တွေကို ရောင်းချပေးနေ တဲ့ The Unlock Travels & Tour က အရောင်းမန်နေဂျာ ကိုဟိန်းထက်ကိုကိုက ပြောပြပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမျိုးရင်း ‘‘မြန်မာ့ ရွှေသမင်’’တွေကို ပုပ္ပားတောင်ဥယျာဉ် သမင်ခြံအတွင်းမှာ မွေးမြူထားသလို ဆတ်တွေကိုလည်း မွေးမြူထားတယ်လို့ ပုဂံဒေသခံ ကိုပြည့်စုံက စာရေးသူကို ပြောပါတယ်။ ပုပ္ပားတောင်ဥယျာဉ် သမင် ခြံကလည်း အမျိုးသားဘူမိဥယျာဉ်ရဲ့ ဘူမိနယ်မြေ အမှတ်(၇)မှာ ပါဝင်ပြီး ပုပ္ပားကိုရောက်ရင် သွားရောက်လည်ပတ် လေ့လာသင့်တဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။
“မြန်မာပြည်အနှံ့အပြားမှာ လှပလွန်း တဲ့နေရာတွေများစွာရှိပါတယ်။ ဒေသခံ တွေရဲ့ ပွင့်လင်းရိုးသားမှုအလှ၊ ရိုးရာဓလေ့ ထုံးစံအလှ၊ ယုံကြည်ကိုးကွယ်ရာအလှ၊ တောတောင်သဘာဝအလှ၊ အနုပညာ သုခုမအလှ၊ အနုပညာရုပ်ဝတ္ထု တည်ဆောက်မှုအလှ၊ တိုင်းရင်းသားတို့ရဲ့စုစည်းညီညွတ်မှုအလှတွေကို မြင်တွေ့ နိုင်စေပါတယ်။ မြန်မာပြည်ဟာ ကမ္ဘာ ပေါ်မှာ စိတ်ဝတ္ထု၊ ရုပ်ဝတ္ထုနဲ့ပြည့်စုံလှပတဲ့ နိုင်ငံတစ်ခုပါပဲ”လို့ ခရီးသွားကုမ္ပဏီ တစ်ခုရဲ့ တာဝန်ရှိသူကလည်း စာရေးသူ ကို ပြောပါတယ်။
‘‘အခုချိန်ကတော့ ပုပ္ပားဘက်ကို ဘုရားဖူးတွေ သွားကြပါတယ်။ မိုးရာသီ လည်းဖြစ် အသီးနှံလေးတွေလည်း အစုံ ပေါတော့ ခရီးသွားအလာများပါတယ်။ တောင်ပေါ်ရွာလေးဆီတော့ အသွားများ ကြပါတယ်။ မိုးတွင်းပိုင်းနဲ့ ဆောင်းတွင်း ကာလတွေဆို ပုပ္ပားကို သွားရောက် လည်ပတ် သင့်တဲ့ကာလပါ။ အဲဒီအချိန်က အလှပဆုံးအချိန်တွေလို့ ပြောလို့ရပါ တယ် ’’လို့ ပုဂံဒေသခံ Taxi ပြေးဆွဲပေးတဲ့ ကိုထက် (ပုဂံ)က စာရေးသူကို ပြောပြပါ တယ်။
စကားဝါပန်းတို့ဌာနေ
စကားဝါပန်းတို့ဌာနေလို့ တင်စား ရတဲ့ ပုပ္ပားဒေသမှာ မာလကာသီး၊ ပိန္နဲသီး၊ နဂါးမောက်သီးစတဲ့ ဒေသထွက်သီးနှံ တွေ၊ ပန်းတွေ၊ ပျိုးပင်ခြံတွေ ပေါများလှပါ တယ်။ အညာမြေရဲ့အိုအေစစ်လို့ တင်စား ရတဲ့ ပုပ္ပားတောင်မကြီးအောက်ခြေမှာ ရှိတဲ့ တောင်ပေါ်ရွာခရီးစဉ်ကို ခရီးစဉ် ဒေသ အသစ်အနေနဲ့ ဩဂုတ် ၂၃ ရက်မှာ စတင် သွားရောက်လည်ပတ်ကြမှာဖြစ်ပါ တယ်လို့ The Unlock Travels & Tour က တာဝန်ရှိသူက စာရေးသူကို ဆိုပါ တယ်။
တောင်ပေါ်တောင်ရွာလေးက ပုပ္ပား တောင်မကြီးရဲ့ မီးတောင်ချိုင့်ဝှမ်းအတွင်း တည်ရှိနေပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်တဲ့ကျေးရွာဖြစ်ပါတယ်။ မန္တလေး တိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်တောင်ပေါ်(တောင်) ကျေးရွာ အုပ်စုမှာရှိပြီး အများစုကတော့ တောင်ပေါ် ရွာလို့ ခေါ်ကြပါတယ်။
ဤသို့ ဝိသေသတွေများစွာရှိလှတဲ့ ပုပ္ပားတောင်ဒေသ၊ စကားဝါပန်းတို့ ပွင့်လန်းရာမြေ၊ အညာမြေရဲ့ အိုအေစစ် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဘူမိဥယျာဉ် တစ်ခုဖြစ်တဲ့ ပုပ္ပားတောင် အမျိုးသားဘူမိ ဥယျာဉ်နယ်မြေထဲက တောင်ပေါ်တောင် ရွာလေးဆီကို သွားရောက်လည်ပတ်နိုင် စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။ ။