
မြင့်မြတ်
====
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်များနှင့်အတူ ယခုနောက်ပိုင်းဝင်လာသည့် အတွေး များက နိုင်ငံကို ဘယ်လိုဒီမိုကရေစီပုံစံ မျိုးနဲ့ တည်ဆောက်မလဲ၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီကျင့်စဉ်က ဘယ်လိုကျင့်စဉ်မျိုးနှင့် သင့်တော်မလဲ ဆိုတာ ပြည်သူတစ်ယောက်အနေဖြင့် စဉ်းစားနေမိသည်။
ဒီမိုကရေစီဆိုသည်က အားလုံး အတွက် သည်းခြေကြိုက်စကားလုံး ဖြစ်နေသည်ကလွဲ၍ ပါးစပ်ဖျားတွင်သာ လမ်းဆုံးနေပြီး လက်တွေ့ကျင့်စဉ်က တခြားစီဖြစ်နေသည်။ ဆွေးနွေးပွဲများ၊ ဒီမိုကရေစီစာတမ်းဖတ်ပွဲများ တွင်တွင် ကျင်းပဖြစ်ခဲ့သော်လည်း လက်တွေ့နှင့် စပ်ဟပ်အောင် မကျင့်သုံးခဲ့ကြ၍ အသွင် ကူးပြောင်းစ ဒီမိုကရေစီ၏ တန်ဖိုးများ ယုတ်လျော့သွားခဲ့သည်။
Quality of democracy နှင့်
Democracy index
မြန်မာသာမက ကမ္ဘာမှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ဒီမိုကရေစီက နောက်ပြန်ဆုတ်နေသည်။ ၂၀၂၀ ပြည့် နှစ် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ အရည် အသွေး Rank သတ်မှတ်ခြင်းဆိုင်ရာ အစီရင်ခံထုတ်ပြန်ချက်တစ်ခုတွင် နိုင်ငံ ၁၇၄ နိုင်ငံအနက် ၃၅ နိုင်ငံသာ အရည် အသွေးပြည့်မီသည့် Working democracy အခြေအနေတွင်ရှိနေ သည်။ ဒိန်းမတ်၊ ဖင်လန်၊ ဆွီဒင်၊ နော်ဝေ စသည့်နိုင်ငံတို့ဖြစ်သည်။
အမေရိကန်သည်ပင် Deficient democracy ဟုခေါ်သည့် ဒီမိုကရေစီ အရည်အသွေးမပြည့်မီ ချို့တဲ့သည့်အုပ်စု တွင် ပါဝင်နေသည်ကို သတိထားမိသည်။ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက နှစ်မျိုးစပ်ဒီမိုကရေစီ (Hybrid democracy) အုပ်စုတွင် ပါဝင်နေသည်။ ရွေးကောက်ပွဲ ပုံမှန် ကျင်းပပေးသော်လည်း နိုင်ငံရေးအရ ဖိနှိပ်ထားသည့် အသွင်ရှိသည့်နိုင်ငံများက ဤအုပ်စုတွင် ပါဝင်ကြသည်။ အဆိုးဆုံး က (Hard Autocracy) အာဏာရှင်ပုံစံ အုပ်ချုပ်သောနိုင်ငံများဖြစ်၍ ဒီမိုကရေစီ ချို့တဲ့အားအနည်းဆုံးသော အာဏာရှင် အဖြစ် သတ်မှတ်ခြင်းခံရသော နိုင်ငံများ ဖြစ်သည်။
ကမ္ဘာတွင် Democracy index ဟု ခေါ်သည့် ဒီမိုကရေစီစံချိန်စံညွှန်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိသည်။ UK အခြေ စိုက်ပုဂ္ဂလိက EIU အဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပခြင်း ရှိ၊ မရှိ၊ နိုင်ငံရေးနှင့် နိုင်ငံ့အရေးအရာများတွင် ပြည်သူများပါဝင်နိုင်မှု၊ လူ့အခွင့်အရေး အခြေအနေနှင့် တရားဥပဒေစိုးမိုးနိုင် မှုဟူသည့် အချက်လေးချက်အပေါ် မူတည်၍ ထုတ်ပြန်ပေးနေခြင်းဖြစ် သည်။
ဒီမိုကရေစီစနစ်သည် ယခု နောက်ပိုင်းနှစ်များအတွင်း နောက်ပြန် သွားနေကြောင်း၊ ဆုတ်ယုတ်လာနေ ကြောင်း အချက်အလက်များက ဖော်ပြနေသည်။ ဒီမိုကရေစီနိုင်ငံများ တွင်ပင် အမျိုးသားရေးအင်အားစု များ ကြီးထွားလာနေပြီး အာဏာရှင် ဘက် ယိမ်းယိုင်လာနေကြောင်း ပြဆို နေသည်ကိုတွေ့ရသည်။
အနာဂတ်ဒီမိုကရေစီအတွက်
လမ်းပြမြေပုံ
ဆိုတော့.. မြန်မာနိုင်ငံ၏ အခြေ အနေကို လေ့လာကြည့်သည့်အခါ ဒီမိုကရေစီသက်တမ်း နှစ်ဆက်လုံးတွင် အားရစရာမရှိသည့် အနေအထားများ အဖြစ် ဖော်ပြခြင်းခံရသည်ကို တွေ့ရ သည်။ မြန်မာနိုင်ငံကို (Authoritarian democracy) အာဏာရှင် ဒီမိုကရေစီနိုင်ငံ အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
ဒီမိုကရေစီ အိုင်ကွန်တစ်ဦး ဦးဆောင် ခဲ့သော ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံကို အာဏာရှင် ဒီမိုကရေစီအုပ်စုတွင် ထည့်သွင်းထားခြင်းသည် ဆီလျော် မှန်ကန်ခြင်း ရှိ၊ မရှိ ကို ယခင်သက်တမ်း အတွင်း ကျင့်သုံးခဲ့သည့် ဒီမိုကရေစီမဆန် သော အပြုအမူ၊ မှားယွင်းစွာအသုံးပြုခဲ့ သည့် ကျင့်စဉ်များနှင့် အကဲဖြတ်မှတ်တမ်း တင်နိုင်ပါသည်။ ဒီမိုကရေစီစံနှုန်းများ အတိုင်း ကျင့်သုံးခဲ့ပါသလား။
အကြောင်းတရားပေါင်း များစွာ ကြောင့် တပ်မတော်က အာဏာထိန်း ခဲ့ရခြင်းနှင့် နောက်ပိုင်း ဒီမိုကရေစီကို ကျောခိုင်းသော နိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက် ဖြစ်စဉ်များအရလည်း ဆန်းစစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အာဏာအရပ်ရပ်အား ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းထား သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ ကျင်းပပေးမည်၊ အနိုင်ရပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်ကို လွှဲပေးသွားမည်ဟု ကမ္ဘာသိ၊ မြန်မာသိ ကတိပေးထားချက်ကို အလေးအနက်ထားအသိအမှတ်ပြုရမည်ဖြစ်သည်။
စစ်မှန်၍ စည်းကမ်းပြည့်ဝသော
ဒီမိုကရေစီဟူသည်
ဤတွင် “လွတ်လပ်ပြီး တရားမျှတ ခြင်း”၊ “ပါတီစုံရွေးကောက်ပွဲပြုလုပ် ခြင်း’’၊ “ဒီမိုကရေစီစံနှုန်း”ဟူသော စကား လုံးများသည် လွန်ခဲ့သောဆယ်စုနှစ်တစ်ခု အတွင်း နားရည်ဝပြီး ဖြစ်သည်။ သို့သော် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော” ဟူသည့် စကားစုက အနာဂတ်ဒီမိုကရေစီ စနစ်အတွက် အားရစရာ အာမခံချက်တစ်ခု အဖြစ် တွေ့ရပြန်သည်။ မှန်ပါသည်၊ အနာဂတ်တွင် ကျင့်သုံးမည့် ဒီမိုကရေစီ သည် စည်းကမ်းရှိရမည်။ စည်းကမ်းမရှိ လျှင် စစ်မှန်မှုရှိမည်မဟုတ်၊ မစစ်မှန်လျှင် တရားမျှတမှုလည်းရှိမည်မဟုတ်၊ တရား မမျှတလျှင် ပွတ်တိုက်မှုများမည်၊ လူများစု ဖြင့် အနိုင်ယူခံရသောကြောင့် လူနည်းစု အခွင့်အရေးများ ဆုံးရှုံးမည်၊ နိုင်ငံနှင့် တိုင်းရင်းသားများအတွက် အကျိုးမရှိ၊ ပျက်စီးခြင်းသာ အဖတ်တင်မည်ကို အတွေ့ အကြုံအရ သင်ခန်းစာယူရမည်ဖြစ်ပါသည်။
ဒီမိုကရေစီဟူသည် ဆန့်ကျင်ဘက် အင်အားစုများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ပြီး ညီညွတ်မှုတည်ဆောက် ၍ တိုးတက်အောင်မြင်မှုများ ရယူခြင်းပင် မဟုတ်ပါလား။ စစ်မှန်၍ စည်းကမ်းပြည့်ဝ မည့် ဒီမိုကရေစီအတွက် ဤအခြေခံ အချက်များကိုပင် မကျိုးပျက်အောင် သတိပြုရမည်ဖြစ်ပါသည်။
မိမိနိုင်ငံနှင့်ကိုက်ညီနိုင်မည့်
ပုံစံအမျိုးမျိုးနှင့် ဒီမိုကရေစီ
ကမ္ဘာပေါ်တွင် ဒီမိုကရေစီဆိုသော အသုံးအနှုန်းကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆို၍ ခံယူကျင့်သုံးနေကြသည်။ ကွန်မြူနစ်ပါတီ ဦးဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သည်လည်း ဆိုရှယ်လစ်ဒီမိုကရေစီ ခေါ် ပြည်သူ့ဒီမိုကရေစီကို ကျင့်သုံးနေပါသည်။ နိုင်ငံအားလုံး ဒီမိုကရေစီနှင့်မကင်းပါ။ တရုတ်နိုင်ငံ၏ ဥပမာက ပုံစံအမျိုးမျိုးနှင့် ရှိနေသော ဒီမိုကရေစီကို မိမိနိုင်ငံနှင့် ကိုက်ညီသော စံသတ်မှတ်ချက်အတိုင်းသာ ထားရှိ ကျင့်သုံးနေသည့်ပုံစံဖြစ်သည်။
နိုင်ငံတိုင်းတွင် ဒီမိုကရေစီကျင့်သုံးပုံက အမျိုးမျိုးဖြစ်သည်။ မိမိနိုင်ငံ၏ နောက်ခံ သမိုင်းကြောင်း၊ ပထဝီဝင် ရေမြေအခြေအနေ၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် နေထိုင်သော လူမျိုးအရေအတွက်များ အပေါ်မူတည်၍ အသင့်တော်ဆုံးပုံစံကို ကျင့်သုံးကြသည်။ ပြည်သူတို့၏ ပညာ ဉာဏ် အမြော်အမြင်နှင့် နိုင်ငံရေးရေချိန်၊ ကျင့်ဝတ်နှင့် အခြေခံစံနှုန်းများကို လိုက်နာနိုင်သည့် အနေအထားများကို ထည့်တွက်ရသည်။ နိုင်ငံသားတို့၏ လူပုဂ္ဂိုလ်စွဲကြီးတတ်မှုနှင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အပေါ် အလွန်အမင်းယုံကြည် ကိုးစား အစွဲကြီးမှုကလည်း ကျင့်သုံးနေ သည့် ဒီမိုကရေစီစံနှုန်းများအပေါ် သက်ရောက်နိုင်၍ အနုတ်လက္ခဏာဆောင် သွားနိုင်ပုံကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
ဒီမိုကရေစီမအောင်မြင်သည့်
နိုင်ငံတကာ ဥပမာများ
ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေသော ဒီမိုကရေစီကျင့်စဉ်ကို မိမိနိုင်ငံ၏ အခြေ အနေနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ နိုင်ငံကြီး များအနေဖြင့် မိမိတင်ပို့လိုက်သော ဒီမိုကရေစီပုံစံသည် ထိုနိုင်ငံ၏ အခြေအနေ မျိုးစုံနှင့် ကိုက်ညီသင့်တော်ရဲ့လား မစဉ်းစား၊ O စာမျက်နှာ ၈ မှ
မသုံးသပ်ဘဲ ကိုယ့်အတ္တအကျိုးစီးပွားကို သာ အခြေခံသည့်အတွက် တင်ပို့သမျှ ဒီမိုကရေစီစနစ်များမှာ ကျဆုံးရသည်သာ များနေသည်ကို လေ့လာနိုင်ပါသည်။
အီရတ်၊ လစ်ဗျား၊ ဆီရီးယား၊ အာဖဂန်နစ္စတန်ပြဿနာများနှင့် ယခု နှစ်များအတွင်း အာဖရိကနိုင်ငံအချို့တွင် စစ်ဘက်အာဏာသိမ်းမှုများက ပြသနေ ပါသည်။ အနောက် လစ်ဘရယ်ဒီမိုကရေစီ ကို သွတ်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သည်ကို တွေ့ရသည်။ တာလီဘန်များကို အကြမ်းဖက် အကြောင်းပြတိုက်ထုတ်ခဲ့သော်လည်း အဆုံးတွင် တာလီဘန်တို့ထံသာ အာဏာ ပြန်လည်အပ်နှံရသည့် အဖြစ်မျိုး ရောက် ခဲ့ရသည်။ အာဖဂန်တွင် အမေရိကန် ဒီမိုကရက်တို့ နှစ် ၂၀ ခန့် ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်ခဲ့သော်လည်း မအောင် မြင်ခဲ့ပါ။ အဓိကအကြောင်းရင်းသည် ကျင့်သုံးသော ဒီမိုကရေစီစံချိန်စံညွှန်း များ မပြည့်မီသောကြောင့်ဖြစ်ရသည်။ ဒီမိုကရေစီကို လက်မခံသော ရှေးရိုးစွဲခေါင်းဆောင်များကြောင့်လည်း အာဖဂန် တွင် ဒီမိုကရေစီကျဆုံးရသည်။ ဒီမိုကရေစီ ရင့်ကျက်ပါသည်ဆိုသော ထိုင်းနိုင်ငံတွင်ပင် နိုင်ငံရေးသမား များ ပဋိပက္ခပြင်းထန်သည့်အခါတိုင်း တပ်မတော်က အာဏာသိမ်းရသည့် ဖြစ်စဉ်များ မကြာခဏကြုံရသည်ကို သင်ခန်းစာယူနိုင်ပါသည်။
ဒီမိုကရေစီကျင့်သုံးပုံများ
နိုင်ငံတိုင်းတွင် ဒီမိုကရေစီကို ကျင့်သုံးပုံများ မတူညီကြကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မှတ်သားမိသမျှ ယေဘုယျအားဖြင့် ဒီမိုကရေစီပုံစံ လေးမျိုး ကို မိမိနိုင်ငံ၏ အခြေအနေများနှင့်အညီ ကျင့်သုံး အကောင်အထည်ဖော်နေကြ ကြောင်း သိရှိရပါသည်။ Direct democracy (တိုက်ရိုက်ဒီမိုကရေစီ)၊ Representative democracy (ကိုယ်စား ပြုဒီမိုကရေစီ)၊ Constitutional democracy (ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကျင့်သုံးသော ဒီမိုကရေစီ) နှင့် Minority democracy ( အနည်းစု ဦးစားပေးဒီမိုကရေစီ) ဟူ၍ မှတ်သားမိ ပါသည်။
တိုက်ရိုက်ဒီမိုကရေစီသည် နိုင်ငံရေး အသိဉာဏ်မြင့်မားသော လူထုက နိုင်ငံ အကြီးအကဲကို တိုက်ရိုက်မဲပေး ရွေးကောက်တင်မြှောက်သည့်နည်းဖြစ် သည်။ ကိုယ်စားပြုဒီမိုကရေစီတွင် လွှတ်တော်မဏ္ဍိုင်နှင့် လွှတ်တော် ကိုယ်စားလှယ်များက အစိုးရနှင့်အစိုးရ အကြီးအကဲထက် ပို၍အားကောင်းသည် ကိုပြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကျင့်သုံးသော ဒီမိုကရေစီ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်၍မရ၊ ဥပဒေ၏ ကန့်သတ် ချက်များအောက်တွင် အာဏာသုံးရပ် ပါဝါအညီအမျှအာဏာဖြင့် အပြန်အလှန် check and balance ပြုလုပ် ထိန်းကျောင်း ၍ အုပ်ချုပ်သောစနစ်ဖြစ်သည်။ လက်ရှိ အမေရိကန်၊ ဂျပန်၊ အစ္စရေး စသည့်နိုင်ငံ အတော်များများတွင် ကျင့်သုံးကြသည်။
အနည်းစုဦးစားပေး ဒီမိုကရေစီက လူနည်းစု တိုင်းရင်းသားလူမျိုးများ ကိုပို၍ ကိုယ်စားပြုသည့်ပုံစံဖြစ်သည်။ ဤသို့ပုံစံများကြားတွင် ရွေးကောက်ပွဲ လည်းရှိပြီး တင်မြှောက်ခံရသော နိုင်ငံ အကြီးအကဲ သို့မဟုတ် အစိုးရအကြီးအကဲ က de facto တရားဝင်ပြဋ္ဌာန်းမထား သော်လည်း အမှန်ဖြစ်နေသည့်သဘော ဖြင့် လက်တွေ့တွင် ပို၍အာဏာရှိသော၊ အာဏာကို ချုပ်ကိုင်ခွင့်ရရှိနေသော ဒီမိုကရေစီပုံစံတစ်မျိုးလည်း ရှိသေး သည်။ ၎င်းကို Guided democracy ဟု ခေါ်သည်။ ယခင်က အင်ဒိုနီးရှား၊ ယခု ရုရှား စသည့်နိုင်ငံများကျင့်သုံးနေသည့် ပုံစံဟုဆိုကြသည်။
အားလုံးကို ကိုယ်စားပြုနိုင်မှ
စစ်မှန်တရားမျှတမှုရှိပါမည်
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာ တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲပုံစံသည် အလွန်အရေးကြီး ပါသည်။ ယှဉ်ပြိုင်သူ အားလုံးအတွက် တန်းတူညီမျှ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲသည်သာ ဒီမိုကရေစီ၏ ပုံရိပ်ကို အသက်ဝင်စေပါသည်။ ထို့ကြောင့် အနာဂတ်ဒီမိုကရေစီ နှင့်အတူ ယှဉ်တွဲလာမည့် ဖက်ဒရယ် အခြေခံ ပြည်ထောင်စုကြီးအတွက်ကော အများစုနည်းတူ အနည်းစုကိုယ်ပါ ကိုယ်စားပြုနိုင်ရန်အတွက်ပါ တိကျ သေချာစေမည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို နောင်ရွေးကောက် ပွဲများတွင် မိတ်ဆက်ကျင့်သုံးတော့ မည်ဖြစ်ပါသည်။
မဏ္ဍိုင်သုံးရပ်လုံးတွင် တိုင်းရင်းသား များ ပါဝင်လာနိုင်ခြေပိုများလာပြီး တစ်ပါတီတည်း ကြီးစိုးမှုကိုရပ်တန့်နိုင် မည်ဖြစ်ကာ ပါတီအားလုံးကို ကိုယ်စားပြုသည့် အာဏာခွဲဝေမှုများ ကိုလည်း မြင်တွေ့လာရတော့မည်ဖြစ် ပါသည်။ လူနည်းစု၏အမြင်များကိုပါ ထင်ဟပ်တော့မည် ဖြစ်ခြင်းကြောင့် ပွတ်တိုက်မှုများနှင့် ပဋိပက္ခများ လျော့နည်းလာနိုင်ပြီး နိုင်ငံသားအားလုံး ၏အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တော့မည်ဟု သုံးသပ်ရပါ သည်။ သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပရုံဖြင့် ပြီးပြည့်စုံသော ဒီမိုကရေစီရရှိပြီဟု ဆိုလိုခြင်း မဟုတ်သလို အာဏာသုံးရပ်ခွဲခြားပြီးတိုင်းလည်း ဒီမိုကရေစီယဉ်ကျေးမှုမရှိ က စစ်မှန်မှုမရှိနိုင်ကြောင်းကိုမူ သိနားလည်ထားရမည်ဖြစ်ပါသည်။
ဒီမိုကရေစီအာဏာရှင်ပုံစံသို့
လမ်းချော်သွားနိုင်သည်ကို သတိပြုပါ
နောက်တစ်ချက်က ဒီမိုကရေစီတွင် တာဝန်ယူတာဝန်ခံမှု အရေးကြီးခြင်းနှင့် အတူ ကတိတည်ရန်လည်း လိုအပ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များနှင့် တက်လာသော အစိုးရတစ်ရပ်အတွက် ပိုအရေးကြီးသည်။ ပြည်သူကို ကိုယ်စား ပြုပြီးတက်လာသော ကိုယ်စားလှယ်က ပြည်သူ့မျက်နှာမကြည့်ဘဲ ပါတီအကျိုး နှင့် ပါတီခေါင်းဆောင်၏ လိုအပ်ချက်များ ကိုသာ တာဝန်ခံနေရခြင်းကြောင့် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သလို ဖြစ်ရသည်။
တလွဲတာဝန်ခံမှုတွေ၊ အတ္တလိုအင် တွေနှင့်ပြည့်နေသော အရည်အချင်း မပြည့်ဝသည့် နိုင်ငံရေးသမားများ လက်ထဲတွင် ဒီမိုကရေစီဖွံ့ဖြိုးမှု အဟန့်အတားဖြစ်နိုင်သည်ကို နောင် အနာဂတ်ဒီမိုကရေစီအတွက် သင်ခန်းစာ ယူရမည်ဖြစ်သည်။ ပြည်သူအားလုံးနှင့် လူနည်းစုတိုင်းရင်းသားတို့၏ လိုလား ချက်များကိုဥပေက္ခာပြု၊ ပါတီနှင့်ပါတီ ခေါင်းဆောင်ကိုသာ ဦးစားပေးလွန်းပြီး အာဏာအလွဲသုံးစားလုပ်သလိုဖြစ်သွား သည့်အခါ ဒီမိုကရေစီ အာဏာရှင်စနစ် (Authoritarian democracy) ဆီသို့ လမ်းချော်သွားတတ်သည်ကို သတိပြုရန် လိုပါသည်။
ပညာရေးဖြင့် အခြေခံအုတ်မြစ်ချရမည့် ဒီမိုကရေစီယဉ်ကျေးမှု
ဒီမိုကရေစီကို စည်းစနစ်တကျ မကျင့်သုံးနိုင်ခြင်းသည် ဒီမိုကရေစီ ယဉ်ကျေးမှုများကို မေ့လျော့နေခြင်း ကြောင့်ဖြစ်သည်။ စည်းကမ်းရှိခြင်း၊ ဥပဒေကိုလိုက်နာခြင်းသည် အနိမ့်ဆုံး လိုအပ်ချက်တစ်ခုဖြစ်သည်။ လူတစ်ဦး နှင့်တစ်ဦး တန်ဖိုးထားရမည်။ တန်းတူညီမျှ ၊ တရားမျှတမှု ရှိကိုရှိရမည် ဖြစ်သည်။ လွတ်လပ်မှုကို စည်းကမ်းနှင့် တွဲ၍ ကျင့်သုံးနိုင်ရမည်။ ပရမ်းပတာ လွတ်လပ်မှုမျိုးမဟုတ်၊၊ အမြင်မတူသူ အချင်းချင်းနားလည်မှု ပေးနိုင်စွမ်းရှိရ မည်ဖြစ်ပြီး ညှိနှိုင်းနိုင်စွမ်းရှိရမည်။ မတူကွဲပြားသူများနှင့် အပေးအယူ မျှမျှတတဖြင့် ယုံကြည်မှုတည်ဆောက် နိုင်ရမည်ဖြစ်ပြီး ပေါင်းစည်းလုပ်ဆောင် တတ်ရမည်။ ဒီမိုကရေစီအုတ်မြစ်ခိုင်မာ ရန် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းတွင် တာဝန်ရှိသလို သက်ဆိုင်ရာပါတီ နှင့် ကိုယ်စားလှယ်ကို ရွေးချယ်ရမည့် ပြည်သူမှာလည်း တာဝန်ရှိသည်ဟု ခံယူ နိုင်စွမ်းရှိရမည်ဖြစ်သည်။
အခြေခံအုတ်မြစ်ကောင်းဖို့အတွက် မရှိမဖြစ်မြှင့်တင်ရမည့် အရာသည် ပညာရေးဖြစ်သည်။ ကျွန်တော်တို့နိုင်ငံ အခြေအနေအရဆိုလျှင် ဒီမိုကရေစီ အုတ်မြစ်အတွက် စာသင်ခန်းများသည် သာ အားကိုးရာဖြစ်တော့သည်။ အချိန်မီ မနှေးအမြန် ဆောင်ရွက်ရမည့်အရာ ဖြစ်သည်။ အရည်အသွေးမီ democracy resource ကို စာသင်ခန်းများတွင်ပင် ရယူစုဆောင်း၍ ဒီမိုကရေစီယဉ်ကျေးမှု ကို အခြေခံပညာအဆင့်မှာပင် ပြုစု ပျိုးထောင် လေ့ကျင့်ပေးရပါမည်။
ပညာကသာ ဆင်ခြင်တုံတရားကို မြှင့်ပေးနိုင်မည်ဖြစ်သည်။ ပညာအခြေခံ ကသာ Smart နိုင်ငံသားများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကာ ပါတီစွဲ ပုဂ္ဂိုလ်စွဲကင်းကင်းဖြင့် မဲဆွယ် ကိုယ်စားလှယ်လောင်းများ၏ အရည် အချင်းကို မေးခွန်းများဖြင့်အကဲဖြတ် စောင့်ကြည့်လေ့လာနိုင်သော နိုင်ငံသား ကောင်းများကို ပေါ်ထွက်စေပါသည်။ မဏ္ဍိုင်သုံးရပ်အပေါ်တွင် ပညာရည် ပြည့်ဝသော ပြည်သူများရှိသင့်သည်။
b စာမျက်နှာ ၉ မှ
သို့သော်လည်း မျိုးချစ်စိတ်နှင့် နိုင်ငံချစ် စိတ်၊ အမျိုးသားရေးနှင့် ဘာသာသာသနာ၊ အမျိုးသား အကျိုးစီးပွားကိုတော့ ဒီမိုကရေစီ၏ရှေ့မှာ ဦးစားပေးထားရ မည်။ ပါတီအကျိုးထက် အမျိုးသား အကျိုး၊ ပါတီနိုင်ငံရေးထက် အမျိုးသား နိုင်ငံအရေးကို ပို၍ဦးထိပ်ထားရမည်။ ပါတီအလံသည် နိုင်ငံတော်အလံအောက် မှာသာ ရှိနေရမည်ဖြစ်သည်။
ဒီမိုကရေစီ၏ဆန့်ကျင်ဘက်သည်
အာဏာရှင်ဆန်ခြင်းဖြစ်သည်
ဒီမိုကရေစီက လူတိုင်းကိုတန်းတူ ညီမျှမှုနှင့် တန်းတူအခွင့်အရေးကိုဖြစ်စေ သည်ဟု ဆိုထားသည်။ တန်းတူဖြစ်ဖို့ဆို လျှင် တစ်ဦး၏တန်ဖိုးကို တစ်ဦး က တန်ဖိုးထားတတ်ဖို့လိုသည်။ ကျွန်တော်တို့ထံတွင် ဤသို့သော တန်ဖိုးထားမှုများ ရှိနေကြပြီလား။ အနာဂတ်ဒီမိုကရေစီအတွက် မေးခွန်း တစ်ခုဖြစ်ပါမည်။ မိမိကိုယ်တိုင် လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်၊ ဆုံးဖြတ်နိုင် ခွင့်၊ ပြောခွင့်ဆိုခွင့်၊ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင် ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်၊ ပါဝင်ခွင့်များ ရှိရမည်ဟု ဒီမိုကရေစီစံနှုန်းများအရ ဆိုထားသည်။ ဤအတွက်ကော မိမိတို့၏ ဆင်ခြင်ပိုင်းခြားသုံးသပ်နိုင် စွမ်းရည်နှင့်အညီ “လွတ်လပ်စွာ” ဟူသော ဒီမိုကရေစီကျင့်စဉ်အတွက် အဆင်သင့်ဖြစ်ပါပြီလား၊ လိုအပ်ချက် များစွာဖြင့် ရင့်ကျက်မှုရှိရန်လိုအပ်နေဆဲဟုမြင်ပါသည်။
ဒီမိုကရေစီဗန်းပြ၊ အာဏာရှင် ဆန်ဆန် ယခုလို အကြမ်းဖက်ဖြစ်စဉ်များ ကြောင့် ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အသက်မွေးဝမ်းကျောင်း ရောင်းချခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်စသည့် လူ့အခြေခံ အခွင့်အရေးများစွာ ပိတ်ပင်တားဆီး ဟန့်တားခံနေရသည် မဟုတ်ပါလား။ လွတ်လပ်မှုမရှိ၍ လူ့အဖွဲ့အစည်းများစွာ မှာ အေးချမ်းသာယာမှု ကင်းမဲ့နေခြင်းက ပင် အဖြေဖြစ်နေပါသည်။ ဒီမိုကရေစီကို တန်ဖိုးရှိရှိ အသုံးချတတ်လျှင် စစ်မက် ကင်းပြီး အလွန်ငြိမ်းချမ်းပါသည်။
အမှန်က ဒီမိုကရေစီသည် နိုင်ငံ တစ်နိုင်ငံအတွက် မူပိုင်တံဆိပ်တစ်ခု မဟုတ်ပါ။ နိုင်ငံကြီးတစ်ခုက မူပိုင်ယူပြီး ရန်သူမိတ်ဆွေသတ်မှတ်ရမည့် လက်နက် ကိရိယာတစ်ခုအဖြစ်လည်း မသုံးသင့်ပါ။ တစ်ဖက်က ဘာလုပ်လုပ် ထကန့်ကွက် သည့် ဒီမိုကရေစီမျိုးလည်း မဖြစ်သင့်ပါ။ အပြန်အလှန် check and balance ထားရှိသော်လည်း ဘုံအကျိုးစီးပွားကို လျစ်လျူရှုမိသည့်အခါ ပွတ်တိုက်မှုများ၊ ပဋိပက္ခပြင်းထန်လာပြီး အကွဲအပြဲဖြစ် ကြရသည့် ဒီမိုကရေစီမျိုးလည်း မဖြစ် သင့်ပါ။ မဏ္ဍိုင်တစ်ခုခုက အခြားမဏ္ဍိုင် တစ်ခုခုအပေါ် လွှမ်းမိုးလွန်းသော အာဏာရှင်ဒီမိုကရေစီမျိုးလည်း မဖြစ် သင့်ပါ။ အများစုအားသာချက်ဖြင့် အနည်းစုအပေါ် အနိုင်ယူ အနိုင်ကျင့် သည့် ဒီမိုကရေစီလည်းမဖြစ်သင့်ပါ။ အပေးအယူလုပ်ပြီး ညှိနှိုင်းတတ်ရန်နှင့် win- win- win ကို တည်ဆောက်နိုင်ရန် လိုသည်။ ပြည်သူအားလုံး လူမှုစီးပွားဘဝ များတည်ငြိမ်ပြီး ငြိမ်းချမ်းရေးကိုရှေးရှု သော ဒီမိုကရေစီမျိုးသာဖြစ်သင့်ပါသည်။ မည်သည့်ဒီမိုကရေစီပုံစံ ကျင့်သုံးသည် ဖြစ်စေ စည်းလုံးခိုင်မာသော စစ်ဘက် institution နှင့်အတူ စစ်ဘက်- အရပ် ဘက်ဆက်ဆံရေး ကောင်းမွန်အဆင်ပြေ ချောမွေ့စေရေးကိုမူ ဘယ်သောအခါမှ မမေ့အပ်ပေ။
အချုပ်အားဖြင့် ဒီမိုကရေစီဟူသည် ပညာ၊ ဝီရိယရှေ့ထား စိတ်ရှည်သည်းခံ ကာ နားလည်မှုပေးပြီး တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်ယူရမည့် ရေရှည် Process တစ်ခုသာဖြစ်သည်။ အလောတကြီး လုပ်ယူရမည့်အရာ မဟုတ်ပါ။ အသွင်ကူးပြောင်းစ ဒီမိုကရေစီတိုင်းတွင် ခလုတ်ကန်သင်း အဟန့်အတားကင်းကင်းဖြင့် ချောမွေ့ စွာ ဖြတ်သန်းခဲ့ရသည်ဟူ၍လည်း မရှိပါ။ အားလုံးသည် အခက်အခဲများစွာ ကျော်လွှားပြီးမှ အောင်မြင်ခဲ့ကြသည် ချည်းဖြစ်သည်။
ပြည်သူအပါအဝင် သက်ဆိုင်သူ အားလုံးက တက်ညီလက်ညီ ကြိုးစားကြ ဖို့လိုပါမည်။ အထက်တွင် တင်ပြခဲ့ သော ဒီမိုကရေစီစနစ်အမျိုးမျိုးမှ အားသာချက်များကိုယူ၍ အားနည်းချက် များကို ပြုပြင်ရပါမည်။ စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရန် ပြင်သင့်ပြင်ထိုက် သော ဥပဒေများကို ပြင်ဆင်ခြင်း များ ရှိလာနိုင်ပါသည်။ မိမိနိုင်ငံ သမိုင်း နောက်ခံ အခြေအနေအလုံးစုံနှင့် ကိုက်ညီမည့် အမျိုးသားအကျိုးစီးပွား အခြေခံသည့် ဒီမိုကရေစီစနစ်မျိုးကိုသာ ပြောင်းလဲသင့်သည်များ ပြောင်းလဲ၍ မိမိနည်း မိမိဟန်ဖြင့် ရဲရဲဝံ့ဝံ့ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်သင့် ပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။ ။
n
- Log in to post comments