ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်

 

၁။    ပြန်ကြားရေးဝန်ကြီးဌာနသည် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ဥပဒေ၊ နည်းဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းကာ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခင်က ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့်  ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့်အညီ ထုတ်ဝေစာများကို ကြိုတင်စိစစ်ခွင့်ပြုချက်ရယူပြီးမှသာ ထုတ်ဝေဆောင်ရွက် ခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်တွင် ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပုံနှိပ်ခြင်းနှင့်  ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့သည့်အတွက် ထုတ်ဝေစာများကို ကြိုတင်စိစစ်ခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့ပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်များကို ဥပဒေနှင့်အညီ ခွင့်ပြုပေးခဲ့ပါသည်။

 


၂။    ထိုကဲ့သို့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းများကို လွတ်လပ်စွာရေးသားထုတ်ဝေမှုများ ခွင့်ပြုပေးနေ သကဲ့သို့ ထုတ်ပြန်ထားသည့် ဥပဒေ/နည်းဥပဒေများအား လိုက်နာဆောင်ရွက်ရေးအတွက်လည်း ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အချို့သော ပုံနှိပ်သူများ၊ ထုတ်ဝေသူများသည် လွတ်လပ်မှုကို  အခွင့်ကောင်းယူ၍  လိုက်နာရမည့်  ကျင့်ဝတ်စည်းကမ်းများကို  ဖောက်ဖျက်ကာ  ပုံနှိပ် ထုတ်ဝေဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် လုပ်ငန်းများ ပိတ်သိမ်းစေခြင်း၊ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေ ခြင်းများကို ဆောင်ရွက်ကာ ကြီးကြပ်လျက်ရှိပါသည်။ 

 


၃။    ၂၀၂၁ ခုနှစ်အတွင်း  ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း  ဥပဒေပုဒ်မ(၈)ပါ  စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့သော ပုံနှိပ်သူ၊ ထုတ်ဝေသူများအား အရေးယူဆောင်ရွက်ခဲ့မှုများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-


    (က)    နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက် စေမည့် အကြောင်းအရာများကို ရေးသားထုတ်လွှင့်ခဲ့သည့် မဂ္ဂဇင်း တစ်အုပ်၊ သတင်းအေဂျင်စီ ၁၁ ခုတို့အား လုပ်ငန်းပိတ်သိမ်းခြင်း၊ လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များ  ရုတ်သိမ်းခြင်း တို့ကို ဆောင်ရွက်ခဲ့ရပါသည်။
    (ခ)    ညစ်ညမ်းစာအချို့ ဖော်ပြထုတ်ဝေခဲ့သော ထုတ်ဝေသူ တစ်ဦးအား စီမံခန့်ခွဲရေး နည်းလမ်းဖြင့် ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခြင်း၊ ဘာသာရေးအရထိခိုက်စေသည့် အကြောင်းအရာများ ကို ထုတ်ဝေခဲ့သော ထုတ်ဝေသူ တစ်ဦးအား လုပ်ငန်းအသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းခြင်း တို့ကို ဆောင်ရွက်၍ စနစ်တကျကြီးကြပ်လျက်ရှိပါသည်။

 


    (ဂ)    ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးကို ထိခိုက်စေသော အကြောင်းအရာများကို  ရေးသား ဖော်ပြနေကြသည့် Facebook Page များကိုလည်း လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရပါသည်။

 


၄။    ပြန်ကြားရေးဝန်ကြီးဌာနသည် စာပေထုတ်ဝေဖြန့်ချိမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လည်းကောင်း၊ သတင်းမီဒီယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်လည်းကောင်း သက်ဆိုင်ရာ ဥပဒေ/နည်းဥပဒေများနှင့်အညီ  ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့်  ပုံနှိပ်သူ၊  ထုတ်ဝေသူများ အနေဖြင့် ဟီရိဩတ္တပ္ပကင်းမဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော ညစ်ညမ်းစာများ ပုံနှိပ်ထုတ်ဝေ ခြင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယဉ်ကျေးမှု အရ ထိခိုက်နစ်နာစေမည့် အကြောင်းအရာများ ဖော်ပြခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့နှင့် နိုင်ငံသားတိုင်း တန်းတူမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့် အရေးတို့ကို   ထိခိုက်စေမည့်   အကြောင်းအရာများ  ဖော်ပြခြင်း၊  ရာဇဝတ်မှု၊  ရက်စက်ကြမ်းကြုတ်မှု၊ အကြမ်းဖက်မှု၊ လောင်းကစားမှုနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာပြစ်မှုများကို အားပေးလှုံ့ဆော်   ရေးသားဖော်ပြခြင်းတို့ကို  မပြုလုပ်ကြပါရန်နှင့်  လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန