ပုလောမြို့နယ်၌ အရှည် ၂၄ ပေရှိ ဝေလငါးမန်းကြီးတစ်ကောင် သေဆုံးလျက်တွေ့ရှိ

 

ပုလော   သြဂုတ်  ၂၅


တနင်္သာရီတိုင်းဒေသကြီး  ပုလောမြို့နယ် ကျောက္ကာ ကျေးရွာအုပ်စု၊   ကော့ဒွေးကျွန်းကျေးရွာ   အရှေ့ သဲသောင်ပြင်တွင်  သြဂုတ် ၂၃ ရက်   နံနက်ပိုင်းက သောင်တင်သေဆုံးလျက်ရှိသော      ဒေသအခေါ် ဝစီပြောက်ငါးမန်း(Whale Shark)  တစ်ကောင်ကို ဒေသခံရေလုပ်သားများက တွေ့ရှိခဲ့သည်။


ကျောက္ကာကျေးရွာအုပ်စု   အုပ်ချုပ်ရေးမှူးက ပုလောမြို့နယ်   ငါးလုပ်ငန်းဦးစီးဌာနသို့  အကြောင်း ကြားသဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက သောင်တင်သေဆုံးနေသည့်  ငါးမန်းကြီးကို   သွား ရောက်ကြည့်ရှုစိစစ်တိုင်းတာမှုများ ပြုလုပ်ခဲ့ရာ  ငါး အမျိုးအစားမှာ ဒေသအခေါ် ဝစီပြောက်ငါးမန်းအထီး ဖြစ်ကြောင်းနှင့်   အရွယ်အစားမှာ အလျား ၂၄ ပေ၊ လုံးပတ်အရွယ်အစား ၁၀ ပေ၊ ပါးစပ် အရွယ်အစား ၃ ဒသမ ၆ ပေခန့်ရှိကြောင်း သိရသည်။


ကော့ဒွေးကျေးရွာရှိ    ရေလုပ်သားများ၏ ပြောကြားချက်အရ   အဆိုပါ   ငါးမန်းကြီးသည် သဘာဝဘေးအန္တရာယ်ကြောင့်သေဆုံးကာ ရေတက် ချိန်တွင်    မျောပါလာပြီး   သောင်တင်နေခြင်းဖြစ်နိုင် ကြောင်း၊  ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ    ငါးမန်းကြီးအား    စိစစ်တိုင်းတာမှုများ ပြုလုပ်ပြီးနောက်   ကော့ဒွေးကျေးရွာ  ရာအိမ်မှူးနှင့်   ရေလုပ်သားများက ငါးမန်းသေကို  မြေမြှုပ်ခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ  သိရသည်။        

                                     
မြင့်ဦး(မြိတ်)