ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားသုံးဆူ ပြုပြင်ထိန်းသိမ်းခြင်းစီမံကိန်း အစီရင်ခံစာတင်သွင်းခြင်းအခမ်းအနား ကျင်းပ

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားသုံးဆူ ပြုပြင်ထိန်းသိမ်းခြင်းစီမံကိန်း အစီရင်ခံစာတင်သွင်းခြင်းအခမ်းအနား ကျင်းပ

 

====================================================

နေပြည်တော် ဇန်နဝါရီ ၁၁

 

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရားသုံးဆူ(ဘုရားအမှတ် ၄၇၇၊ ၄၇၈ နှင့် ၄၇၉) တို့ ပြုပြင်ထိန်းသိမ်းခြင်း စီမံကိန်း အစီရင်ခံစာတင်သွင်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်၌ ကျင်းပ သည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန် ဟွာ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ Korea Cultural Heritage Founda-tion(KCHF) မှ ညွှန်ကြားရေးမှူး Mr. Kim Dong Min နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ၂၀၁၆ ခုနှစ် ပုဂံဒေသတွင် အင်အားပြင်းငလျင်လှုပ်ခတ် ခဲ့မှုကြောင့် ရှေးဟောင်းအဆောက်အအုံများစွာ ထိခိုက် ပျက်စီးခဲ့ရပါကြောင်း၊ ရှည်လျားသော အမျိုးသားရေး လက္ခဏာ သမိုင်းကြောင်းနှင့် မြင့်မားထင်ရှားသော ယဉ်ကျေးမှုအမွေအနှစ်တို့တည်ရှိရာ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသ၌တည်ရှိနေသည့် ရှေးမြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်များသည် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ပျက်စီးယိုယွင်းမှုများနှင့် ရင်ဆိုင် ကြုံတွေ့နေရပါကြောင်း။

 

ပူးပေါင်းဆောင်ရွက်မှု

 

သဘာဝဘေးအန္တရာယ်ကြောင့် ပုဂံဒေသရှိ ယဉ်ကျေး မှုအမွေအနှစ်များ ပျက်စီးမှုမှ လျှော့ချနိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံ KCHF မှ နည်းပညာဆိုင်ရာ ပစ္စည်း များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ကူညီထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိခိုက်ပျက်စီးမှုများ အနက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရားသုံးဆူနှင့် နံရံဆေးရေးပန်းချီ ထိန်းသိမ်းရေးလုပ်ငန်းဆိုင်ရာ စီမံကိန်း ကို ကိုရီးယားနိုင်ငံ Korea Cultural Heritage Foundation မှ ပညာရှင်အဖွဲ့သည် ၂၀၁၈ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဘုရားသုံးဆူနံရံပန်းချီထိန်းသိမ်းရေးစီမံကိန်း ဒုတိယ အဆင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်လည်း သဘောတူခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုစီမံကိန်းသည် မြန်မာ−ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အထောက်အပံ့ပေး နိုင်မည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ဘုရားသုံးဆူ နံရံ ပန်းချီထိန်းသိမ်းရေးစီမံကိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အတွက် ထိရောက် သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုရီးယားနိုင်ငံ Korea Cultural Heritage Foundation မှ ညွှန်ကြားရေးမှူးက ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပထမလုပ်ငန်းစဉ်ဖြစ်သည့် ဘုရားသုံးဆူ ပြုပြင်ထိန်းသိမ်း ခြင်း လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုဖလှယ်ရေး ပူးပေါင်း ဆောင်ရွက်မှုများ၊ ရှေးဟောင်းဝတ္ထုပစ္စည်းပြပွဲများတွင် ပါဝင်ဆောင်ရွက်မှုများ၊ နည်းပညာသင်တန်းပို့ချမှုများ၊ မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ လက်စွဲစာအုပ် လေးမျိုး ဖြစ်သည့် Conservation manual , Structural Conservation manual, Mural Painting Conservation manual, GPR (Ground Penetration Radar) manual များကို သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် ကိုရီးယားသမ္မတနိုင်ငံ၏ အကူအညီ ဖြင့် ဆောင်ရွက်ထားသည့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ရှိ ပြတိုက်ဓာတ်ခွဲခန်းနှင့် ရှေးဟောင်းပစ္စည်း သိုလှောင်ခန်းများကို ကြည့်ရှုလေ့လာကြသည်။

 

ဆက်လက်၍ ကမ္ပည်းကျောက်စာဖွင့်လှစ်ခြင်း အခမ်းအနားကိုကျင်းပရာ ကိုရီးယားရိုးရာ သီချင်းပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော ပုဂံမြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများက Arirang ကိုရီးယားရိုးရာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီး တို့က မြန်မာ - ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နေသည့် ဘုရားသုံးဆူကမ္ပည်းကျောက်စာကို ဖွင့်လှစ် ပေးခဲ့ကြပြီး ဘုရားသုံးဆူဘုရား ပြုပြင်ထိန်းသိမ်းမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကိုရီးယားနိုင်ငံ Korea Cultural Heritage Foundation ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

လေ့ကျင့်သင်ကြားပေး

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ကိုရီးယား သမ္မတနိုင်ငံ Korea Culture Heritage Foundation တို့ ပူးပေါင်း၍ ပုဂံဒေသရှိ ဘုရားအမှတ် ၄၇၇၊ ၄၇၈၊ ၄၇၉ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှစတင်၍ ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းအစီအစဉ်တွင် ဘုရားသုံးဆူ ၏ အဆောက်အအုံဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်း၊ နံရံပန်းချီ ပြုပြင်ထိန်းသိမ်းခြင်း၊ အထွေထွေပြုပြင်ထိန်းသိမ်းခြင်း နှင့် ရှေးဟောင်းသုတေသနထိန်းသိမ်းရေး နည်းစနစ်များကို ဌာနမှဝန်ထမ်းငယ်များအား လေ့ကျင့်သင်ကြားပေးခြင်း အစီအစဉ်များ ပါဝင်သည်။

 

အဆိုပါပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်သည် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ပြီး ဒုတိယအဆင့်ကို ၂၀၂၁ မှ ၂၀၂၅ ခုနှစ်အထိ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်