
ရန်ကုန် ဧပြီ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနလက်အောက်ရှိ ယွန်းပညာကောလိပ် (ပုဂံ)ကို မေ ၁၂ ရက်တွင် စတင်ဖွင့်လှစ်၍ ယွန်းပညာရပ်များ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယွန်းပညာကောလိပ် (ပုဂံ)ကို ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် အဆင့်တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် မြန်မာယွန်းသိပ္ပံ ကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့်ခဲ့ပြီးနောက် ယွန်းပညာကောလိပ်အဖြစ် ယနေ့တိုင် မြန်မာ့ရိုးရာ ယွန်းပညာရပ်များ၊ ခေတ်မီပညာရပ်များနှင့် နိုင်ငံတကာယွန်းပညာရပ်များကို လက်တွေ့သင်ကြားပေးလျက်ရှိသည်။
“နိုင်ငံခြားသားခရီးသွားတွေအနေနဲ့ ယွန်းပညာကောလိပ်မှာ လက်တွေ့သင်ကြားနေမှုကို လေ့လာကြည့်ရှုနိုင်သလို ကျောင်းဝင်းထဲမှာ ရှိတဲ့ ပြတိုက်၊ နည်းစဉ်ခန်းမနဲ့ ယွန်းပစ္စည်း အရောင်းပြခန်းများကိုလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။ မေ ၁၂ ရက်မှာ ကျောင်းပြန်ဖွင့်မှာဖြစ်တဲ့ အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက် ၂၅ နှစ်ထက် မကျော်သူများ တက်ရောက်မယ်ဆိုရင် နှစ်နှစ်သင်ကြားပြီး ဒီပလိုမာဘွဲ့ ပေးပါတယ်။ နှစ်နှစ်ပြီးသွားရင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် တတိယနှစ်ကို ဆက်လက်တက်ရောက်နိုင်ပါတယ်။ ဒီပလိုမာဘွဲ့ရဖို့ အတွက် ကျောင်းဆင်းလက်ရာနဲ့ ကျောင်းဆင်းစာတမ်းတွေပြုစုပြီး ယွန်းဘာသာရပ်ကို သင်ကြားတဲ့အပြင် သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ် ပေါင်းကူးနိုင်အောင် စီးပွားရေးပညာရပ်တွေကိုလည်း သင်ကြားပေးပါတယ်။ ဒီပလိုမာနဲ့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကျောင်းပြီးသွားရင် ယွန်းထည်ပညာရပ်နဲ့ စီးပွားရေးပညာရပ် တွေကို သိရှိထားတာကြောင့် စီးပွားရေးကျွမ်းကျင်တဲ့ လုပ်ငန်းရှင်၊ ပညာရှင်တွေ ပေါ်ထွန်းလာမှာဖြစ်တဲ့အတွက် ကျွန်မတို့ကျောင်းအနေနဲ့ အဲဒီလိုလုပ်ငန်းရှင်၊ ပညာရှင်တွေထွက်ပေါ်လာအောင် သင်ကြားပေး နေတဲ့ ကျောင်းကြီးပါ” ဟု ပုဂံယွန်းပညာကောလိပ် ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က ပြောသည်။
၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား ကျောင်းသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး ပထမနှစ်တွင် နှစ်စဉ် ကျောင်းသား ၁၄၀ ခန့်၊ ဒုတိယနှစ်တွင် ကျောင်းသား ၁၀၀ ကျော်ဖြင့် စုစုပေါင်း ကျောင်းသား ၂၅၀ ခန့်ကို ယွန်းပညာရပ်များ နှစ်စဉ် သင်ကြား ပေးလျက်ရှိကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကြောင့် သင်ကြားမှုယာယီရပ်နားခဲ့ရသော ပထမနှစ်ကျောင်းသား ၁၄၀ ကိုလည်း ယခုကျောင်းဖွင့်ချိန်တွင် ပြန်လည်ခေါ်ယူ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယွန်းပညာကောလိပ်တွင် ဒီပလိုမာ နှစ်နှစ် အောင်မြင်ပြီးပါက စီးပွားရေးတက္ကသိုလ်များသို့ ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ်ထိ ခြောက်နှစ် တိတိတက်ရောက် သင်ကြားခွင့်ရခဲ့ပြီး ၂၀၁၁ ခုနှစ်မှစတင်၍ စစ်ကိုင်း နှင့် သန်လျင်တွင်ရှိသော သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ ပေါင်းကူးတက်ရောက်ခွင့်ရရှိ၍ တက္ကသိုလ်များက ပေးအပ်သောဘွဲ့များ ကို အပ်နှင်းပေးလျက်ရှိကြောင်း သိရသည်။ ညိမ်းသူ (သတင်းစဉ်)