
ရန်ကုန် ဒီဇင်ဘာ ၂၃
ပြည်တွင်း၊ ပြည်ပ ခရီးသွားများအကြား စိတ်ဝင်စားမှု အများဆုံးရရှိရာ မြန်မာနိုင်ငံမှ နေရာတစ်ခုဖြစ်သည့် ပုဂံရှေးဟောင်းယဉ်ကျေး မှုနယ်မြေမှ ဘုရားများအား ပျက်စီးစေမည့် ကပ်ပါးပင်များကို ရှင်းလင်းမှုလုပ်ဆောင်နေရာ ပထမအဆင့်အနေဖြင့် ရာခိုင်နှုန်း တော်တော် များများ ပြီးစီးနေပြီဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။
ဧရိယာ ၁၁ ခု သတ်မှတ်ရှင်းလင်း
ထိုသို့ဘုရားများတွင် တွယ်ကပ်ပေါက်ပွား နေသည့် ကပ်ပါးပင်များကို ရှင်းလင်းရာ တွင် ဧရိယာ ၁၁ ခု သတ်မှတ်ကာ ရှင်းလင်း နေခြင်းဖြစ်ပြီး ရာသီဥတုပြောင်းလဲခြင်း နှင့် မိုးများခဲ့ခြင်းကြောင့် အပင်များ ပေါက် ရောက်မှုမှာ ပိုမိုများပြားခဲ့ကြောင်းလည်း သိရသည်။
“အခုက အပေါ်ပိုင်းတွေကို ရှင်းလင်းတာ က ဧရိယာ ၁၁ခု ရှိတယ်။ တော်တော်လေး ရှင်းလင်းပြီးသွားပြီ။ သိပ်တောင်မကျန်တော့ ဘူး။ အဓိကကတော့ ပုဂံကိုဝင်လာတဲ့ အဓိက လမ်း သုံးခုရဲ့ လမ်းဘေးဝဲယာဘုရားတွေကို ပထမဦးစားပေးပေါ့။ ပြီးတော့ တောထဲမှာရှိ တဲ့ ဘုရားတွေရဲ့ အပေါ်ပိုင်းတွေမှာ လုပ်နေ တယ်”ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
အဆင့်လေးဆင့်ခန့် ဆောင်ရွက်ရ
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့် အနေဖြင့် အပင်များကို ခုတ်ထွင်ရှင်းလင်း ပြီးနောက် အပင်အမြစ်များကို ဓာတုဗေဒ ဆေးရည်ထိုးသွင်းကာ သတ်ခြင်း၊ အမြစ်များ တိုးဝင်ခဲ့သည့်နေရာများမှ မိုးရေယိုစီးခြင်း မဖြစ်ရန်ပိတ်ခြင်း စသည်ဖြင့် အဆင့် လေးဆင့်ခန့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
“ကပ်တွယ်နေတဲ့ အပင်တချို့ကနွေရောက် တဲ့အခါ ခြောက်ပြီးတော့ သူ့ဘာသာ ကွာကျ သွားတာ။ ရေညှိတွေလည်း ကွာကျသွားတာ။ အန္တရာယ်ရှိတာက ညောင်ပင်ပေါ့။ ညောင်ပင် ကိုတော့ အဓိကပေါ့” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
MT