
ညောင်ဦး စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ ယခုတစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူ များပြားလာနေကြောင်း ရွှေစည်းခုံစေတီတော်ရုံး အဖွဲ့ဝင် ဦးသန်းမြင့်အောင်ထံမှ သိရသည်။
ပုဂံဒေသ၏ သမိုင်းဝင်အထင်ကရဘုရားများဖြစ်သည့် တုရင်တောင် စွယ်တော်မြတ်စေတီ၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ရွှေဆံတော်၊ ထီးလိုမင်းလို၊
ရွှေစည်းခုံ၊ မနူဟာ၊ အာနန္ဒာ၊ ဗူးဘုရား၊ အလိုတော်ပြည့်၊ ကျောက်ဂူဥမင်၊ ပြဿကြီးဘုရား၊ သဗ္ဗညုဘုရားနှင့် ကန်တော့ပလ္လင်ဘုရားများသို့ လာရောက်ဖူးမြော်သူ ၁၅၀ မှ ၅၅၀ အထိရှိကြောင်း၊ ဘုရားဖူးများမှာ ဟဲဟိုး၊ တကောင်း၊ တောင်ကြီး၊ ဟိုပုံး၊ နတ်မောက်၊ မကွေး၊ ပဲခူး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များမှ လာကြပြီး ပုပ္ပားတောင်ကလပ် အဘအောင်မင်းခေါင်ထွက်ပွဲ (ဘိုးတော်ထွက်ပွဲ)သို့လာရင်းဖြင့်လည်း ပုဂံဘုရားများကို ဝင်ရောက် ဖူးမြော်ကြကြောင်း သိရသည်။
စက်လှေအငှားလိုက်သည့် ဦးမောင်စိုးက မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် သမိုင်းဝင်အထင်ကရ ဘုရားများအပြင် ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ သာသနိကအဆောက်အအုံ၊ စေတီပုထိုး များကို ဖူးမြော်ကြသလို ဘုရားများရှိ နံရံဆေးရေးပန်းချီများကိုလည်း စိတ်ဝင်စားမှုမြင့်တက်လာကြောင်း၊ ယခုရက်ပိုင်းကဲ့သို့ ဘုရားဖူးများ ဆက်တိုက်လာရောက်ခဲ့ပါက ဈေးဆိုင်များ၊ မြင်းလှည်းအငှားလိုက် သမားများ၊ စက်ဘီးငှားစားသူများ၊ သုံးဘီးအငှားသမားများ၊ ဗူးဘုရား မြစ်ဆိပ်မှ စက်လှေအငှားလိုက်သူများ ပြန်လည်အဆင်ပြေလာနိုင် ကြောင်း ပြောသည်။
ကိုဗစ်- ၁၉ ရောဂါ မြန်မာနိုင်ငံတွင် စတင်ကူးစက်ချိန်မှစ၍ ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသသို့ ဘုရားဖူးမြော်ခွင့်ကို ပိတ်ထားခဲ့ရာမှ ယခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစတင်ပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဂေါပကအဖွဲ့ထားရှိသည့် ဘုရား ၁၉ ဆူအပါအဝင် ဘုရား၊ စေတီ၊ သာသနိကအဆောက်အအုံများတွင် ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ပြန်လည်ဖူးမြော်ခွင့်ပြုခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)