
ယဉ်လာဒ်၊ ဓာတ်ပုံ-ဦးမောင်ညို၊ ထွန်းတောက်
ရှေးဟောင်းမြို့တော်ဖြစ်ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ ပုဂံဒေသမှ နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိတဲ့ မန်ကျည်းကိုးခွပင်ရှိတဲ့ ဇီးအိုကျေးရွာအကြောင်းကို ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အဖြစ် ဖော်ပြပေးချင်ပါ တယ်။ နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိတဲ့ မန်ကျည်းပင်ကြီးမှာ မန်ကျည်းကိုးကိုင်းရှိတာကြောင့် မန်ကျည်းကိုးခွပင်လို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ဒါ့ပြင် ဇီးအိုကျေးရွာမှာ ပုဂံခေတ်ကတည်းကရှိခဲ့ပြီး ယခုအခါ သစ်တောဦးစီးဌာနက ထိန်းသိမ်း ထားတဲ့ အင်ကြင်းတောအုပ်လည်း ရှိပါသေးတယ်။
ခရီးစဉ်ဒေသခုနစ်ခုမှာပါဝင်
ပုဂံဒေသကို ပြည်တွင်း/ပြည်ပ ခရီး သွားဧည့်သည်တွေ ပိုပြီးလာရောက် လည်ပတ်အောင် ပုဂံဒေသရဲ့ ခရီးစဉ် ဒေသခုနစ်ခုကို ဖော်ထုတ်ထားတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြား မှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ တာဝန်ရှိသူက ဆိုပါတယ်။ ပုဂံဒေသကို ခရီးသွား မြှင့်တင်ဖို့အတွက် ဖော်ဆောင်ထားတဲ့ ခရီးစဉ်ခုနစ်ခုထဲမှာ ဇီးအိုကျေးရွာက လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ပုဂံဒေသထဲက ကျောက်မျက်မှော် ခရီးစဉ်၊ ညောင်ဦးမြို့နယ် အရှေ့တောင် ဘက် သက်စိုးတောင်ပေါ်က ကျောက် ရေကန်ခရီးစဉ်၊ ဇီးအိုကျေးရွာက နှစ်ပေါင်း ၉၀၀ ကျော် သက်တမ်းရှိတဲ့ မန်ကျည်း ကိုးခွပင်နဲ့ ပုဂံခေတ်ကတည်းက ရှိခဲ့ပြီး သစ်တောဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ၂၁ ဧကရှိတဲ့ အင်ကြင်းတော၊ ခေတ် အဆက်ဆက် သျှောင်ပေစူး ဆံကေသာ ကို ထိန်းသိမ်းထားရှိတဲ့ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့က စက်စက်ယိုကျေးရွာ၊ ညောင်ဦးမြို့နယ်ရဲ့အရှေ့ဘက် ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်း ၁၆ မိုင်ခန့်အကွာမှာရှိတဲ့ သဲပြင်တော ကျေးရွာရုပ်စုံကျောင်း၊ လက်ပံအိုင်ကျေးရွာ က ဂဲမိုးအိုင်ခရီးစဉ်နဲ့ ကျောက်ပန်းတောင်း မြို့နယ်မှာတည်ရှိပြီး အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်က ပုပ္ပားတောင်တက်ခရီးစဉ် တို့ကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းမြှင့်တင် ဖို့အတွက် စီစဉ်ထားရှိပါတယ်။
ပုဂံဒေသမှာ တစ်နေရာတည်း ဘုရား ပေါင်း ၃၈၂၂ ဆူကို ဖူးမြော်နိုင်ပြီး အညာဒေသဖြစ်တာမို့ ဒေသခံတွေရဲ့ လူနေမှုဘဝတွေကိုလည်း မြင်တွေ့နိုင် ပါတယ်။ ဒေသရဲ့ ရိုးရာဓလေ့အတိုင်း ချက်ပြုတ် စားသောက်ကြတာတွေကို မြင်တွေ့ရစေပါတယ်။ ဒါ့အပြင် ဆီကြိတ် လုပ်ငန်း၊ ထန်းလျက်လုပ်ငန်း၊ နံရံ ဆေးရေးပန်းချီလုပ်ငန်းတွေကိုပါ လေ့လာ နိုင်ပါတယ်။
ဇီးအိုကျေးရွာသို့
အေဒီ ၃ ရာစုကတည်းက ဘိုးဘွား ဘီဘင်အဆက်ဆက် စောင့်ရှောက်ခဲ့ ကြတယ်လို့ ယုံကြည်ထားကြတဲ့ ဒေသ အခေါ် သစ်လှတော တစ်နည်းအားဖြင့် အင်ကြင်းတောလည်းရှိတာမို့ ဇီးအို ကျေးရွာက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလှ ပါတယ်။ ပုဂံမြို့ပေါ်ကနေ ဇီးအိုကျေးရွာ ကို ၁၃ မိုင်ခန့်သွားရပြီး တုရွင်း တောင်တန်းကို မြင်တွေ့ရပြီဆိုရင် မျက်နှာချင်းဆိုင်က လမ်းလေးထဲကို ချိုးပြီး သွားရောက်နိုင်ပါတယ်။
ဇီးအိုကျေးရွာဆီ သွားတဲ့လမ်းမှာ မြင်တွေ့ရတဲ့ ရှုခင်းတွေက စာရေးသူကို ဆွဲဆောင်နိုင်ပါတယ်။ ပုဂံဒေသရဲ့ အငွေ့ အသက်တွေကို မြင်တွေ့ရသလို ထန်းပင် ပျိုလှလှတွေနဲ့ စိမ်းစိုနေတဲ့ယာခင်းတွေ ကိုလည်း တွေ့မြင်ရတာမို့ စိတ်ကိုအေးချမ်း စေပါတယ်။ ထန်းပင်တွေက အစီအရီ တညီတညာရှိနေပြီး ဒီလိုမြင်ကွင်းဟာ ဆယ်စုနှစ်နီးပါး ကြာပြီဖြစ်သော်လည်း မပြောင်းမလဲ တည်ရှိနေဆဲဖြစ်ပါတယ်။ မပြုမပြင် သဘာဝအတိုင်း တည်ရှိနေတဲ့ အလှတရားစစ်စစ်ကို တွေ့မြင်ရတာက ဇီးအိုကျေးရွာရဲ့ အထင်ကရ အမှတ် အသားတစ်ခုလို့ ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ ဇီးအိုကျေးရွာမှာ လူဦးရေ ၁၈၀ ကျော် နေထိုင်ကြပြီး လူဦး ရေ ၁၀၀ ကျော်က ထန်းလျက်လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်လို့ ဒေသခံ ဦးမောင် ညိုက စာရေးသူကို ပြောပါတယ်။ ယနေ့ အချိန်အထိ သောက်သုံးရေအဖြစ် မိုးရေ ကိုသာ အဓိက သုံးစွဲပြီး နေလာခဲ့ကြတယ် လို့လည်း သိရပါတယ်။
မန်ကျည်းကိုးခွပင်နဲ့ အင်ကြင်းတော
ဇီးအိုကျေးရွာကို ရောက်ပြီဆိုရင် မန်ကျည်းကိုးခွပင်နဲ့ ဇီးအိုအင်ကြင်းတော ထဲကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဟိုးတစ်ချိန်တုန်းကတော့ ပုဂံဒေသက ဇီးအိုကျေးရွာလေးကို နိုင်ငံခြားသား ဧည့်သည်တွေလာရောက်ဖို့ ဟိုတယ် လုပ်ငန်းရှင်တွေက ငွေကုန်ကြေးကျခံပြီး နတ်ထိန်းတောအတွင်း နတ်ကနား ပေးပြီး Tourist Attraction အဖြစ် ဖော်ဆောင်ခဲ့ပါသေးတယ်။
နတ်ထိန်းတောလို့ဆိုတဲ့ အင်ကြင်း တောကို ဒေသခံ ဦးကံရှင်က လက်ရှိ အချိန်ထိ ထိန်းသိမ်းစောင့်ရှောက်နေ တုန်းပါ။ အင်ကြင်းတောအုပ်အတွင်းမှာ အင်ကြင်းအပြင် ပျဉ်းကတိုး၊ ကုက္ကို၊ မန်ကျည်း၊ ထနောင်း၊ ရှား၊ တမာ၊ သပွတ်၊ သက်ရင်းကြီး၊ စောင်ချမ်း အစရှိတဲ့ အပင်တွေလည်း ပေါက်ရောက်နေတာမို့ ပုဂံဒေသရဲ့ စိမ်းလန်းတဲ့ အိုအေစစ်တစ်ခု အဖြစ် တည်ရှိနေပါတယ်။
ထူးခြားချက်ကတော့ ဒေသခံတွေ ဟာ သစ်လှတော တစ်နည်းအားဖြင့် အင်ကြင်းတောထဲက အပင်တချို့တလေ ကိုတောင် မခုတ်လှဲကြပါဘူး။ နတ်ပိုင် ပစ္စည်း နတ်စောင့်ရှောက်တဲ့ ပစ္စည်းတွေ မို့ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်ကို တောင် ယခုအချိန်ထိ ဒေသခံတွေ မကောက်ယူကြပါဘူး။ နတ်ကြီးတာမို့ အပင်တွေရဲ့ အကိုင်းအခက်တွေကို သံချိတ်နဲ့မခူးကြဘဲ သစ်သားချိတ်နဲ့သာ ခူးကြရတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ယနေ့ချိန်ထိ အင်ကြင်းတောအုပ်ကို တွေ့မြင်နေရတာဖြစ်ပါတယ်။ နတ်ထိန်း တောအတွင်းက အကြီးဆုံးအင်ကြင်းပင် ဟာ အမြင့် ၁၇၃ ပေ၊ လုံးပတ် ၁၅ ပေ ၁ လက်မရှိပြီး သက်တမ်းက နှစ်ပေါင်း ၅၀၀ ရှိနေပါပြီလို့ အင်ကြင်းတောကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဦးကံရှင် က စာရေးသူကို ပြောပြခဲ့ဖူးပါတယ်။
ကွန်ရက်လမ်းဖောက်လုပ်နိုင်လျှင်
ဇီးအိုကျေးရွာမှာနေထိုင်တဲ့ ဒေသခံ ဦးမောင်ညိုကတော့ ပုပ္ပား -စက်စက်ယို- ဇီးအိုကျေးရွာကို ကျေးရွာချင်းဆက် မြေနီလမ်းချောဖောက်လုပ်ပေးရင် ရွာ သုံးရွာရဲ့ မတူညီတဲ့သဘာဝအလှအပ တွေကို ခရီးသွားတွေ ရရှိခံစားနိုင်တယ် လို့ စာရေးသူကို ပြောပါတယ်။
‘‘သဘာဝရှုခင်းတွေကို ပိုခံစားရမှာ ပါ။ ပုပ္ပား၊ စက်စက်ယိုနဲ့ ဇီးအိုကျေးရွာကို ကွန်ရက်လမ်း ဖောက်လုပ်နိုင်တယ်ဆိုရင် ကျွန်တော်တို့ ရွာတင်မကပါဘူး။ ဘေးက ကျေးရွာတွေကိုပါ ပိုပြီးဖွံ့ဖြိုးသွားစေမှာ ဖြစ်ပါတယ်’’လို့ ဇီးအိုကျေးရွာမှာ မွေးဖွား ပြီး အခုချိန်ထိ မိရိုးဖလာ ထန်းတက် လုပ်ငန်းကိုလုပ်ကိုင်နေတဲ့ ဒေသခံ ဦးမောင်ညိုက ပြောပါတယ်။
ဒါကြောင့်မို့ ပုဂံဒေသကို အလည် ရောက်ဖြစ်ခဲ့ရင် ညောင်ဦးမြို့ပေါ်က နှစ်ပေါင်း ၉၀၀ သက်တမ်းရှိတဲ့ မန်ကျည်း ကိုးခွဆီကို သွားရောက်လည်ပတ်နိုင်တဲ့ အပြင် နတ်ထိန်းတောလို့ခေါ်ဆိုကြတဲ့ ဇီးအိုအင်ကြင်းတော သဘာဝထိန်းသိမ်း ရေးနယ်မြေကိုပါ သွားရောက်လည်ပတ် နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန် အဖြစ် ရေးသားဖော်ပြပေးလိုက်ပါတယ်။