ပုဂ္ဂလိက ပညာရေးဥပဒေ ပြဋ္ဌာန်း

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပုဂ္ဂလိကပညာရေးဥပဒေ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၅၀ / ၂၀၂၃
၁၃၈၅ ခုနှစ်၊  ကဆုန်လပြည့်ကျော်   ၉   ရက်
(၂၀၂၃ ခုနှစ်၊ မေလ   ၁၂   ရက်)


    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


အခန်း (၁)


အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 


၁။    ဤဥပဒေကို ပုဂ္ဂလိကပညာရေးဥပဒေဟု ခေါ်တွင်စေရမည်။
၂။    ဤဥပဒေတွင်ပါရှိသော စကားရပ်များသည် အမျိုးသားပညာ ရေးဥပဒေတွင် ပါရှိသည့် စကားရပ်များအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်။ ထို့ပြင်  အောက်ပါစကားရပ်များသည်  ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
    (က)    ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရပညာရေးဝန်ကြီးဌာနကို ဆိုသည်။
    ( ခ )    ဦးစီးဌာန  ဆိုသည်မှာ   ဤဥပဒေပါ   လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော ဦးစီးဌာနကိုဆိုသည်။ 
    ( ဂ )    ကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဝန်ကြီးဌာနက ဖွဲ့စည်း သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းကြီးကြပ် ရေးအဖွဲ့ကို ဆိုသည်။
    (ဃ)    ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေနှင့် အညီ ဖွဲ့စည်းထားသော သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်  သို့မဟုတ်   ပြည်ထောင်စုနယ်မြေကိုယ်ပိုင် သို့မဟုတ်      ပုဂ္ဂလိက‌ကျောင်းကြီးကြပ်ရေးအဖွဲ့ကို ဆိုသည်။ 
    ( င )     ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိကကျောင်း ဆိုသည်မှာ ဤဥပဒေနှင့်အညီ မှတ်ပုံတင်တည်ထောင်ထားသည့် ကျောင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ဤဥပဒေနှင့် အညီ မှတ်ပုံတင်ထားသည့် ကျောင်းခွဲများလည်း ပါဝင် သည်။
    ( စ )    ပုဂ္ဂလိကပညာရေး  ဆိုသည်မှာ   ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းများက ဝန်ကြီးဌာန၏ ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ    ဖော်ဆောင်သော   ပညာရေးကို ဆိုသည်။    
    (ဆ)    တည်ထောင်သူ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ ကျောင်းကို အရင်းအနှီးထည့်ဝင်ပြီး တည်ထောင်ဖွင့်လှစ် သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။
    ( ဇ )    စီမံအုပ်ချုပ်သူ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ ကျောင်း၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး ဆိုင်ရာ ကိစ္စများကို တာဝန်ခံ ဆောင်ရွက်သော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။
    ( ဈ )    ပုဂ္ဂလိကကျောင်းဆရာ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းတစ်ခုခုတွင်    သင်ကြားရေးတာဝန် ထမ်းဆောင်ရန် သက်ဆိုင်ရာဥပဒေပါ သတ်မှတ်အရည် အချင်းနှင့်ပြည့်စုံပြီး ဤဥပဒေအရ မှတ်ပုံတင်ထားသည့် သင်ကြားပို့ချသူကို ဆိုသည်။
    (ည)    ထပ်ဆောင်းဘာသာရပ် ဆိုသည်မှာ သတ်မှတ်ထားသော ကျောင်းသင်ဘာသာရပ်များအပြင် ဝန်ကြီးဌာန၏ ခွင့်ပြု ချက်ဖြင့် ထပ်ဆောင်းသင်ကြားပေးသော ဘာသာစကား နှင့် ဘာသာရပ်များကို ဆိုသည်။
    ( ဋ )    ထပ်ဆောင်းသင်ခန်းစာများ ဆိုသည်မှာ ကျောင်းသင် ဘာသာရပ်ပါ    သင်ခန်းစာများအပြင်   ထပ်ဆောင်း သင်ကြားသည့် သင်ခန်းစာများ၊ ထပ်ဆောင်းဘာသာရပ် တွင် သင်ကြားသည့် သင်ခန်းစာများကို ဆိုသည်။
    ( ဌ )    ကြော်ငြာ ဆိုသည်မှာ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း နှင့်စပ်လျဉ်း၍ စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ အမူအရာ ဖြင့်ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့် ဖြစ်စေ   လူတစ်ဦး   သို့မဟုတ်   လူအများကိုသိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကို ဆိုသည်။
အခန်း ( ၂ )
ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များ
၃။    ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
    (က)    ပညာရေးတွင်     ပုဂ္ဂလိကကဏ္ဍကို    မြှင့်တင်ခြင်းဖြင့် အသိပညာအတတ်ပညာများ တတ်မြောက်သော ပညာ တတ်များ မွေးထုတ်၍ နိုင်ငံတော်၏ လူမှုစီးပွားမြင့်မား တိုးတက်လာစေရန်၊
    ( ခ )    ပညာရေးကဏ္ဍအသီးသီးတွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီ ပညာရေးကို အကောင်အထည်ဖော်ရန်၊
    ( ဂ )     အမျိုးသားပညာရေးဆိုင်ရာ မူဝါဒနှင့်အညီ သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးစေရန်၊
    (ဃ)    အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်သည့် စဉ်းစား တွေးခေါ်မှုကို အားပေးသော အသိပညာ အတတ်ပညာ များ သင်ကြားတတ်မြောက်စေရေးအတွက် လေ့ကျင့် ပျိုးထောင်ပေးရန်၊    
    ( င )    ပညာရပ်အသီးသီးကို အသက်မွေးဝမ်းကျောင်း အထောက် အကူပြုရေးအတွက် ဦးတည် သင်ကြားလေ့ကျင့်ပေးရန်။
အခန်း (၃)
ပုဂ္ဂလိကပညာရေးဆိုင်ရာ အခြေခံမူများ
၄။    ပုဂ္ဂလိကပညာရေးဆိုင်ရာ အ‌ခြေခံမူများမှာ အောက်ပါအတိုင်း ဖြစ်သည် -
    (က)    နိုင်ငံတော်၏ ပညာရေးမူဝါဒများနှင့်အညီ ပညာရေးဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများတွင်   ပုဂ္ဂလိကကဏ္ဍ  ပူးပေါင်း ပါဝင်ဆောင်ရွက်ရေး၊
    ( ခ )    ပုဂ္ဂလိက‌ကျောင်းဆရာ၊ သင်ယူသူနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးကို စဉ်ဆက်မပြတ် တိုးတက် အောင်ဆောင်ရွက်ရေး၊
    ( ဂ )    ပညာရေးနယ်ပယ်အသီးသီးတွင်    ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာပူးပေါင်းပါဝင်ဆောင်ရွက်မှု မြှင့်တင်ရေး၊
    (ဃ)     နိုင်ငံတကာအသိအမှတ်ပြုပြီး အရည်အ‌သွေးအာမခံချက် ရှိသည့်   ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်းများ ပေါ်ထွက်လာရေး၊
    ( င )    နိုင်ငံသားတိုင်း   လွတ်လပ်စွာ  ပညာသင်ယူခွင့်ရရှိပြီး တစ်သက်တာ စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေး၊
    ( စ )     ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ တည်ထောင်သူ များ၊ စီမံအုပ်ချုပ်သူများ၊ ပုဂ္ဂလိကကျောင်းဆရာများ၊ ဝန်ထမ်းများ၏    အကျိုးစီးပွားကို   ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ 
    (ဆ)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းတွင် သင်ယူသူများ ၏ အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန် ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ရေး၊
    ( ဇ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် တက္ကသိုလ် ဖြစ်ပါက သင်ယူသူ၏ဆန္ဒကို အခြေခံပြီး သတ်မှတ်ထား သော အရည်အချင်းပြည့်မီမှုအရ ရွေးချယ်နိုင်ခွင့်ရှိသော တက္ကသိုလ်ဝင်ခွင့်စနစ်ကို    သက်ဆိုင်ရာ  တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ ကျင့်သုံးစေရေး၊
    ( ဈ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းများတွင် ဘာသာ ရေး၊ နိုင်ငံရေးလွှမ်းမိုးမှုနှင့် ယင်းတို့၏ ဝင်ရောက်စွက်ဖက် မှုတို့မှ ကင်းလွတ်စေရေး။
အခန်း (၄)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစား
၅။    (က)    ဤဥပဒေနှင့်အညီမှတ်ပုံတင်ရမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်သည်-
        ( ၁ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌အခြေခံပညာကျောင်း၊
        ( ၂ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက နည်းပညာနှင့် သက်မွေး ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်း၊ 
        ( ၃ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌အဆင့်မြင့်ပညာကျောင်း၊
        ( ၄ )    ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း။
    ( ခ )    ပုဒ်မခွဲ(က)ပါ မှတ်ပုံတင်ရမည့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း အမျိုးအစားများတွင် အကျိုးအမြတ်ယူ သော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၊ ရရှိလာသော အကျိုးအမြတ်များကို တစ်စုံတစ်ရာ ရယူခံစားခြင်းမရှိဘဲ ယင်းကျောင်း၏   ပညာရေးလုပ်ငန်းများအတွက်သာ သုံးစွဲသည့် အကျိုးအမြတ်မယူသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့်  ယင်းကျောင်းများ၏  ကျောင်းခွဲ အသီးသီးလည်း ပါဝင်သည်။  
အခန်း (၅)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ခြင်း
၆။    ပုဒ်မ ၅ ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းများကို တည်ဆဲ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ သက်ဆိုင်ရာဥပဒေများနှင့် ညီညွတ် ပါက ဤဥပဒေနှင့်အညီ မှတ်ပုံတင်၍ တည်ထောင်ရမည်။ 
၇။    တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ရန်အတွက် သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ သို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။  
၈။    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းသည် -
    (က)    အစိုးရကျောင်းနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်မှုကို ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်းများ၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် နိုင်သည်။
    ( ခ )    အစိုးရကျောင်းမဟုတ်သော အခြားကျောင်းအမျိုးအစား များနှင့်    ပူးပေါင်း၍ဖြစ်စေ၊   တွဲဖက်၍ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ      ပူးပေါင်းလုပ်ဆောင်မှုကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ သတ်မှတ် ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။
အခန်း (၆)
ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်
 ယင်းအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၉။    ဝန်ကြီးဌာနသည် -
    (က)    ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
        ( ၁ )    ပြည်ထောင်စုဝန်ကြီး၊        ဥက္ကဋ္ဌ
            ပညာရေးဝန်ကြီးဌာန     
        ( ၂ )    ဒုတိယဝန်ကြီး၊         ဒုတိယဥက္ကဋ္ဌ (၁)
            ပညာရေးဝန်ကြီးဌာန
        ( ၃ )    ဒုတိယဝန်ကြီး၊        ဒုတိယဥက္ကဋ္ဌ (၂)
            ပညာရေးဝန်ကြီးဌာန    
        ( ၄ )    ညွှန်ကြားရေးမှူးချုပ်၊         အဖွဲ့ဝင်
            ကျောင်းပြင်ပနှင့်
            တစ်သက်တာ
            ပညာရေးဦးစီးဌာန
        ( ၅ )    ညွှန်ကြားရေးမှူးချုပ်၊        အဖွဲ့ဝင်
             မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
        ( ၆ )    ညွှန်ကြားရေးမှူးချုပ်၊        အဖွဲ့ဝင်
            မြန်မာနိုင်ငံတိုင်းရင်းသား 
            ဘာသာစကားဦးစီးဌာန    
        ( ၇ )    ညွှန်ကြားရေးမှူးချုပ်၊        အဖွဲ့ဝင်
            လေ့လာဆန်းစစ်
            အကဲဖြတ်ရေးဦးစီးဌာန    
        ( ၈ )    သက်ဆိုင်ရာဝန်ကြီးဌာန        အဖွဲ့ဝင်
            များမှကိုယ်စားလှယ်များ    
        ( ၉ )    အမျိုးသားသင်ရိုးညွှန်းတမ်း    အဖွဲ့ဝင်
            ကော်မတီအဖွဲ့ဝင်သုံးဦး
        (၁၀)    အမျိုးသားပညာရေးအဆင့်        အဖွဲ့ဝင်
            အတန်းနှင့်အရည်အသွေး
            အာမခံမှုအကဲဖြတ်
            ကော်မတီအဖွဲ့ဝင်သုံးဦး    
        (၁၁)    ညွှန်ကြားရေးမှူးချုပ်/        အတွင်းရေးမှူး
            အမြဲတမ်းအတွင်းဝန်၊ 
            ပညာရေးဝန်ကြီးဌာန    
        (၁၂)    ညွှန်ကြားရေးမှူးချုပ်၊    တွဲဖက်အတွင်းရေးမှူး(၁)
            အဆင့်မြင့်ပညာဦးစီးဌာန    
        (၁၃)    ညွှန်ကြားရေးမှူးချုပ်၊    တွဲဖက်အတွင်းရေးမှူး(၂)
            အခြေခံပညာဦးစီးဌာန    
        (၁၄)    ညွှန်ကြားရေးမှူးချုပ်၊        တွဲဖက်အတွင်းရေးမှူး(၃)
            ဆရာအတတ်ပညာဦးစီးဌာန


    ( ခ )    ကြီးကြပ်ရေးအဖွဲ့ကို    လိုအပ်ပါက   ပုဒ်မခွဲ (က) ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
၁၀။    ကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည် -
    (က)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းအမျိုးအစားအလိုက် ထားရှိရမည့် စံချိန်စံညွှန်းများ သတ်မှတ်ပေးခြင်း၊
    ( ခ )    ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိကကျောင်းနှင့်  ပုဂ္ဂလိက ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားရာတွင် တင်ပြ ရမည့် လိုအပ်ချက်များကို သတ်မှတ်ပေးခြင်း၊
    ( ဂ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့်     သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိကကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း၊    သင်တန်းရပ်နားခြင်းတို့နှင့် စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ 
    (ဃ)    ပုဒ်မခွဲ (ဂ) ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများက မှတ်ပုံတင်သက်တမ်းအတွင်း      သင်တန်းရပ်နားရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍     သင်ယူသူများ၏ အခွင့်အရေးမဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများမရှိစေရန်      စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုပေးခြင်း၊
    ( င )    ဤဥပဒေအရ ပေးသွင်းရမည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ် ကြေးနှင့် အခြားအခ‌ကြေးငွေတို့ကို သတ်မှတ်ခြင်းနှင့် ယင်းကိစ္စရပ်များအတွက် ကင်းလွတ်ခွင့်နှင့် သက်သာခွင့် ပေးခြင်းတို့ကို ဝန်ကြီးဌာနနှင့်  သက်ဆိုင်ရာဝန်ကြီးဌာန တို့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
    ( စ )    ပုဒ်မခွဲ(ဂ)ပါ  ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူ ပြောင်းလဲခြင်း၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း၏ အမည်ပြောင်းလဲ ခြင်း သို့မဟုတ် တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ 
    (ဆ)    နိုင်ငံခြားသားပုဂ္ဂလိက‌ကျောင်းဆရာ      မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊    သက်တမ်းတိုးမြှင့်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
    ( ဇ )    ဒေသဆိုင်ရာကြီးကြပ်ရေးအ‌ဖွဲ့၊ မှတ်ပုံတင်အရာရှိချုပ်နှင့် မှတ်ပုံတင်အရာရှိတို့အား ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း၊
    ( ဈ )    လိုအပ်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့ များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း။ 
    (ည)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက အခါအားလျော်စွာပေးအပ်သော လုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။    
၁၁။    ကြီးကြပ်ရေးအဖွဲ့သည် -
    (က)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော  ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ်ထုတ်ပေး ခြင်း၊  သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီး ပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့် စပ်လျဉ်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ စိစစ်တင်ပြချက်ကို သတ်မှတ်ချိန်အတွင်း စိစစ်ဆုံးဖြတ်ရမည်။
    ( ခ )    နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာ      မှတ်ပုံတင် လက်မှတ်နှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ၏   စိစစ်တင်ပြချက်ကို   သတ်မှတ်ချိန်အတွင်း  စိစစ် ဆုံးဖြတ်ရမည်။
     ( ဂ )    ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိကကျောင်းများ၏  သင်ရိုး ညွှန်းတမ်းနှင့် သင်ရိုးမာတိကာများသည် အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီ၏   သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ရမည်။
    (ဃ)    အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ကော်မတီက ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ ပညာရေးဆိုင်ရာ အဆင့်အတန်း နှင့် အရည်အသွေးအကဲဖြတ်ရာတွင် ကူညီပံ့ပိုးရမည်။ 
    ( င )    ကိုယ်ပိုင် သို့မဟုတ်  ပုဂ္ဂလိကကျောင်းများ၏ ပညာရေး ဆိုင်ရာ အဆင့်အတန်းနှင့် အရည်အသွေးသည် အမျိုးသား ပညာရေးအဆင့်အတန်းနှင့်   အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ၏      သတ်မှတ်ချက်များနှင့်အညီ ဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရမည်။ 
    ( စ )    ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိကကျောင်းအမျိုးအစား အလိုက်    အပ်နှင်းသော   သင်တန်းပြီးဆုံးကြောင်း လက်မှတ်၊  အောင်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့၊ ဂုဏ်ထူး ဆောင်ဘွဲ့များသည်   သတ်မှတ်ချက်များနှင့်  ပြည့်စုံမှု ရှိ မရှိ စိစစ်ကြီးကြပ်ရမည်။    
    (ဆ)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းများ တည်ထောင် ရာတွင် ကျောင်းအမျိုးအစားအလိုက် ရင်းနှီးမြှုပ်နှံနိုင်မှု ပမာဏ၏ စစ်မှန်မှုကို စစ်ဆေးရမည်။
    ( ဇ )    နိုင်ငံခြားသားပုဂ္ဂလိက‌ကျောင်းဆရာများ၏   အရည် အ‌သွေးအဆင့်အတန်းသည် ဝန်ကြီးဌာနက ချမှတ်သော မူဝါဒနှင့်အညီဖြစ်စေရန် စိစစ်ဆောင်ရွက်ရမည်။ 
    ( ဈ )    နိုင်ငံခြားသား     ပုဂ္ဂလိက‌ကျောင်းဆရာရရှိထားသော ဘွဲ့ဘာသာရပ်ဖြင့်ဖြစ်စေ၊    ကျွမ်းကျင်သော   အခြား ဘာသာရပ်ဖြင့်ဖြစ်စေ   သင်ကြားခွင့်ရရှိစေရန်  စိစစ် ခွင့်ပြုရမည်။
၁၂။    ကြီးကြပ်ရေးအဖွဲ့နှင့် ယင်းက ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ များသည်   မည်သည့်ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းကိုမဆို အခါအားလျော်စွာ သွားရောက်စစ်ဆေးခြင်း၊ လိုအပ်ပါက ဓာတ်ပုံ ဗီဒီယိုမှတ်တမ်းများရယူခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သက်ဆိုင်ရာ စာရွက် စာတမ်း အထောက်အထားများကို ကြည့်ရှုခြင်းနှင့် မိတ္တူကူးယူခြင်း များ ပြုလုပ်နိုင်သည်။
၁၃။    ဦးစီးဌာနသည် ကြီးကြပ်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်၍ ယင်းအဖွဲ့၏ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။
အခန်း (၇)
ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် 
ယင်းအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၁၄။    ကြီးကြပ်ရေးအဖွဲ့သည် -
    (က)    ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
        ( ၁ )    နေပြည်တော်ကောင်စီက    ဥက္ကဋ္ဌ
            တာဝန်ပေးအပ်သောကောင်စီဝင်
        ( ၂ )    ပြည်ထောင်စုနယ်မြေရှိ     အဖွဲ့ဝင်
            တက္ကသိုလ်မှ ပါမောက္ခချုပ်တစ်ဦး        
        ( ၃ )    သက်ဆိုင်ရာဝန်ကြီးဌာနမှ     အဖွဲ့ဝင်
            ကိုယ်စားလှယ်နှစ်ဦး
        ( ၄ )    ပြည်ထောင်စုနယ်မြေ      အဖွဲ့ဝင်
            အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ 
            ကိုယ်စားလှယ်တစ်ဦး   
         ( ၅ )    ကုသရေးဦးစီးဌာနမှ     အဖွဲ့ဝင်
            ကိုယ်စားလှယ်တစ်ဦး     
        ( ၆ )    အလုပ်သမားညွှန်ကြားမှုဦးစီး    အဖွဲ့ဝင်
            ဌာနမှ ကိုယ်စားလှယ်တစ်ဦး    
        ( ၇ )    ပြည်ထောင်စုနယ်မြေရှိ နည်းပညာ၊    အဖွဲ့ဝင်
            သက်မွေးပညာရေးနှင့် 
            လေ့ကျင့်ရေးဆိုင်ရာကျောင်းမှ
             ကျောင်းအုပ်ကြီးတစ်ဦး    
        ( ၈ )    ပြည်ထောင်စုနယ်မြေ    အတွင်းရေးမှူး
            ပညာရေးမှူး
    ( ခ )    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည် -
        ( ၁ )    သက်ဆိုင်ရာ တိုင်းဒေသကြီး     ဥက္ကဋ္ဌ
            သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က 
            တာဝန်ပေးအပ်သော ဝန်ကြီး
        ( ၂ )    သက်ဆိုင်ရာ တိုင်းဒေသကြီး    အဖွဲ့ဝင်
            သို့မဟုတ် ပြည်နယ်ရှိတက္ကသိုလ်မှ
             ပါမောက္ခချုပ်တစ်ဦး
        ( ၃ )    သက်ဆိုင်ရာ ဝန်ကြီးဌာနမှ    အဖွဲ့ဝင်
            တိုင်းဒေသကြီး  သို့မဟုတ် 
            ပြည်နယ်အဆင့် ကိုယ်စားလှယ်
            နှစ်ဦး
        ( ၄ )    သက်ဆိုင်ရာ တိုင်းဒေသကြီး    အဖွဲ့ဝင်
            သို့မဟုတ် ပြည်နယ်အထွေထွေ 
            အုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသ
            ကြီး သို့မဟုတ် ပြည်နယ်အဆင့် 
            ကိုယ်စားလှယ်တစ်ဦး
        ( ၅ )    ကုသရေးဦးစီးဌာနမှ     အဖွဲ့ဝင်
            တိုင်းဒေသကြီး သို့မဟုတ်
             ပြည်နယ်အဆင့် 
            ကိုယ်စားလှယ်တစ်ဦး 
        ( ၆ )    အလုပ်သမားညွှန်ကြားမှုဦးစီး    အဖွဲ့ဝင်
            ဌာနမှ တိုင်းဒေသကြီး သို့မဟုတ် 
            ပြည်နယ်အဆင့် 
            ကိုယ်စားလှယ်တစ်ဦး    
        ( ၇ )    သက်ဆိုင်ရာ တိုင်းဒေသကြီး    အဖွဲ့ဝင်
            သို့မဟုတ် ပြည်နယ်ရှိ 
            နည်းပညာ၊ သက်မွေးပညာရေးနှင့်
             လေ့ကျင့်ရေးဆိုင်ရာကျောင်းမှ 
            ကျောင်းအုပ်ကြီးတစ်ဦး    
        ( ၈ )    သက်ဆိုင်ရာ တိုင်းဒေသကြီး     အတွင်းရေးမှူး
            သို့မဟုတ် ပြည်နယ်ပညာရေးမှူး    
    ( ဂ )    ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ခ) တို့ပါ သတ်မှတ်ချက်နှင့်အညီ ပြင်ဆင် ဖွဲ့စည်းနိုင်သည်။
၁၅။    ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -    
    (က)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများကို မှတ်ပုံတင်လက်မှတ် ထုတ်ပေး ခြင်း၊   သက်တမ်းတိုးမြှင့်ခြင်း၊  ပေါင်းစည်းခြင်း၊ အပြီး ပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့ကို ကြီးကြပ်ရေး အဖွဲ့သို့  စိစစ်တင်ပြ၍  ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ခြင်း၊
    ( ခ )    ပုဒ်မခွဲ(က)ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှ အပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ   ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏   မှတ်ပုံတင်လက်မှတ်ထုတ်ပေး ခြင်း၊   သက်တမ်းတိုးမြှင့်ခြင်း၊  ပေါင်းစည်းခြင်း၊ အပြီး ပိတ်သိမ်းခြင်း၊ သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ်  ငြင်းပယ်ခြင်း၊ 
     ( ဂ )    သက်ဆိုင်ရာ   တိုင်းဒေသကြီး၊   ပြည်နယ်  သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြန်မာနိုင်ငံသား ပုဂ္ဂလိက ကျောင်းဆရာများ၏ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ ပယ်ဖျက်ခြင်းတို့နှင့်စပ်လျဉ်း၍ စိစစ်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
    (ဃ)    နိုင်ငံခြားသား   ပုဂ္ဂလိကကျောင်းဆရာ၏  မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း၊   ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်း၊ သက်တမ်းတိုးမြှင့်ရန် ငြင်းပယ် ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ကို ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက် ခြင်း၊
    ( င )    ပုဂ္ဂလိက‌ကျောင်းဆရာများ၏   အရည်အ‌သွေးအဆင့် အတန်းသည်‌ ဝန်ကြီးဌာနက ချမှတ်သော မူဝါဒနှင့်အညီ ဖြစ်စေရန် ကြီးကြပ်စစ်ဆေးဆောင်ရွက်ခြင်း၊
    ( စ )    မြန်မာနိုင်ငံသား ပုဂ္ဂလိကကျောင်းဆရာရရှိထားသော ဘွဲ့ဘာသာရပ်ဖြင့်ဖြစ်စေ၊ ကျွမ်းကျင်သော အခြားဘာသာ ရပ်ဖြင့်ဖြစ်စေ သင်ကြားခွင့်ရရှိစေရန် စိစစ်ခွင့်ပြုခြင်း၊
    (ဆ)    သက်ဆိုင်ရာ   တိုင်းဒေသကြီး၊   ပြည်နယ်  သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ   ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ ပညာရေးဆိုင်ရာ အဆင့်အတန်း နှင့်  အရည်အသွေးသည် အမျိုးသားပညာရေးအဆင့် အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ ၏   သတ်မှတ်ချက်များနှင့်အညီဖြစ်စေရန်   ကြီးကြပ် ဆောင်ရွက်ခြင်း၊


    ( ဇ )    ပုဒ်မခွဲ(က)ပါ ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိကကျောင်း များမှအပ    သက်ဆိုင်ရာ    တိုင်းဒေသကြီး၊   ပြည်နယ် သို့မဟုတ်   ပြည်ထောင်စုနယ်မြေအတွင်းရှိ   ကိုယ်ပိုင် သို့မဟုတ်   ပုဂ္ဂလိကကျောင်းများ၏  တည်ထောင်သူ သို့မဟုတ်   စီမံအုပ်ချုပ်သူ  ပြောင်းလဲခြင်း၊  ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ်   တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့နှင့် စပ်လျဉ်း၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
    ( ဈ )    ပုဒ်မခွဲ(က)ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ အမည်ပြောင်းလဲခြင်း သို့မဟုတ် တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူပြောင်းလဲခြင်း၊ တည်နေရာပြောင်းရွှေ့ဖွင့်လှစ်ခြင်းတို့နှင့်စပ်လျဉ်း၍         ကြီးကြပ်ရေးအဖွဲ့သို့  စိစစ်တင်ပြ၍ ယင်း၏ဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက် ခြင်း၊ 
    (ည)    ပုဒ်မခွဲ(က)ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှ အပ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ   ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းများသည် မှတ်ပုံတင်သက်တမ်းအတွင်း သင်တန်းရပ်နားရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ သင်ယူသူများ၏     အခွင့်အရေး  မဆုံးရှုံးစေရန်နှင့် ကျောင်းသားမိဘများ၏ နစ်နာဆုံးရှုံးမှုများ မရှိစေရန် စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုပေးခြင်း၊
    ( ဋ )    သက်ဆိုင်ရာ   တိုင်းဒေသကြီး၊     ပြည်နယ်   သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ မှတ်ပုံတင်ထားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းသည် သတ်မှတ် ချက်များနှင့်အညီ လုပ်ငန်းစတင်နိုင်ခြင်း ရှိ မရှိ ကြီးကြပ် ခြင်း၊
    ( ဌ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းနှင့် သက်ဆိုင်သည့် စာရင်းအင်း၊   သတင်းအချက်အလက်များ  ပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပြန်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြခြင်း၊
    ( ဍ )    စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော တည်ထောင်သူ၊ စီမံအုပ်ချုပ်သူ၊ ပုဂ္ဂလိက‌ကျောင်းဆရာ များနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲရေးနည်းလမ်းအရ အ‌ရေးယူ နိုင်ရန် ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြခြင်း၊
    ( ဎ )    ကဏ္ဍအလိုက်    လုပ်ငန်းအဖွဲ့များ   ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
    (ဏ)    ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
၁၆။    ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့သည် -
     (က)    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း  မှတ်ပုံတင်လက်မှတ်လျှောက်ထား ခြင်း သို့မဟုတ် မှတ်ပုံတင်သက်တမ်းတိုးလျှောက်ထား ခြင်း၊ ပေါင်းစည်းခြင်း၊ အပြီးပိတ်သိမ်းခြင်း သို့မဟုတ် သင်တန်းရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ လျှောက်ထား ခြင်းကို   သတ်မှတ်ချက်နှင့်အညီ  ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြရမည်။
    ( ခ )    နိုင်ငံခြားသား   ပုဂ္ဂလိကကျောင်းဆရာ   မှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်း   သို့မဟုတ်  မှတ်ပုံတင် သက်တမ်းတိုး    လျှောက်ထားခြင်းနှင့်    စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ကြီးကြပ်ရေးအဖွဲ့သို့ စိစစ်တင်ပြ ရမည်။
    ( ဂ )    ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့၏   ဆုံးဖြတ်ချက်ကို  သတ်မှတ်ချိန် အတွင်း မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရမည်။
    (ဃ)    ပုဒ်မခွဲ(က)ပါ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများမှ အပ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း မှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်း   သို့မဟုတ်  မှတ်ပုံတင် သက်တမ်းတိုး    လျှောက်ထားခြင်းနှင့်   စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ် ခြင်း ပြုရမည်။
    ( င )    မြန်မာနိုင်ငံသား   ပုဂ္ဂလိကကျောင်းဆရာ  မှတ်ပုံတင် လက်မှတ်လျှောက်ထားခြင်း    သို့မဟုတ်   မှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ် ချက်နှင့်အညီ    ခွင့်ပြုခြင်း   သို့မဟုတ်   ငြင်းပယ်ခြင်း ပြုရမည်။
    ( စ )    ပုဒ်မခွဲ(ဃ)နှင့်  ပုဒ်မခွဲ (င)တို့ပါ ကိစ္စရပ်များနှင့် စပ်လျဉ်း ၍  ဆုံးဖြတ်ချက်ကို  သတ်မှတ်ချိန်အတွင်း  မှတ်ပုံတင် အရာရှိထံသို့ ပေးပို့ရမည်။
၁၇။    ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် ယင်းက ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့များသည်   သက်ဆိုင်ရာ  တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ်    ပြည်ထောင်စုနယ်မြေအတွင်းရှိ   မည်သည့်ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းကိုမဆို အခါအားလျော်စွာ သွားရောက် စစ်ဆေးခြင်း၊  လိုအပ်ပါက  ဓာတ်ပုံဗီဒီယိုမှတ်တမ်းများ ရယူခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သက်ဆိုင်ရာ စာရွက်စာတမ်းအထောက်အထား များကို ကြည့်ရှုခြင်းနှင့် မိတ္တူကူးယူခြင်းများ ပြုလုပ်နိုင်သည်။
၁၈။    ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူးရုံးသည် သက်ဆိုင်ရာ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ ယင်းအဖွဲ့၏ ကုန်ကျစရိတ် များကိုလည်း ကျခံရမည်။
အခန်း (၈)
မှတ်ပုံတင်အရာရှိချုပ်၊ ဒုတိယမှတ်ပုံတင်အရာရှိချုပ်နှင့် မှတ်ပုံတင်အရာရှိ 
၁၉။    ဝန်ကြီးဌာနသည် -
    (က)    ညွှန်ကြားရေးမှူးချုပ်/ အမြဲတမ်းအတွင်းဝန်၊ ပညာရေး ဝန်ကြီးဌာနကို   မှတ်ပုံတင်အရာရှိချုပ်အဖြစ်  ခန့်အပ် ရမည်။
    ( ခ )    အခြေခံပညာဦးစီးဌာန၊   အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ် များကို ဒုတိယမှတ်ပုံတင်အရာရှိချုပ်များအဖြစ် ခန့်အပ် ရမည်။
    ( ဂ )    မှတ်ပုံတင်အရာရှိချုပ်နှင့် ဒုတိယမှတ်ပုံတင်အရာရှိချုပ် များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။
၂၀။    မှတ်ပုံတင်အရာရှိချုပ်သည် -
    (က)    ဤဥပဒေအရ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူးများကို သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မှတ်ပုံတင် အရာရှိအဖြစ် ခန့်အပ်ရမည်။
    ( ခ )    မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  မှတ်ပုံတင် အရာရှိများအား ကြီးကြပ်လမ်းညွှန်ရမည်။
၂၁။    ဒုတိယမှတ်ပုံတင်အရာရှိချုပ်များသည် မှတ်ပုံတင်ခြင်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ကြီးကြပ် ဆောင်ရွက်ရမည်။
၂၂။    ဦးစီးဌာနသည်   မှတ်ပုံတင်အရာရှိချုပ်၏  ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်၍ မှတ်ပုံတင်အရာရှိချုပ်၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။
၂၃။    မှတ်ပုံတင်အရာရှိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည် - 
    (က)    သက်ဆိုင်ရာ   တိုင်းဒေသကြီး၊   ပြည်နယ်  သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်းရှိ   ကိုယ်ပိုင်  သို့မဟုတ် ပုဂ္ဂလိကကျောင်းများ၏ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
    ( ခ )    ကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ တို့၏ ဆုံးဖြတ်ချက်နှင့်အညီ ဤဥပဒေအရ ပေးသွင်းရ မည့် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ အခြားအခကြေးငွေ နှင့် ဒဏ်ကြေးငွေများကို ကောက်ခံခြင်း၊
    ( ဂ )    ကြီးကြပ်ရေးအဖွဲ့၊   မှတ်ပုံတင်အရာရှိချုပ်နှင့်  ဒုတိယ မှတ်ပုံတင်အရာရှိချုပ်များက အခါအားလျော်စွာ ပေးအပ် သော တာဝန်များကို ဆောင်ရွက်ခြင်း။
၂၄။    မှတ်ပုံတင်အရာရှိသည် ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ)နှင့် ပုဒ်မခွဲ (စ) တို့အရ ပေးပို့သည့် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀   အတွင်း  မှတ်ပုံတင်ကြေးနှင့်   နှစ်စဉ်ကြေးပေးသွင်းစေပြီး မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်။ 
၂၅။    သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးမှူးရုံးသည် မှတ်ပုံတင်အရာရှိ၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်၍ မှတ်ပုံတင်အရာရှိ၏ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။
အခန်း (၉)
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ခြင်းအတွက်သတ်မှတ်ချက်များ
၂၆။    တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ဖွင့်လှစ်ရန် မှတ်ပုံတင်လက်မှတ်လျှောက်ထားရာတွင် ဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာနက သတ်မှတ်ထား သော အခြေခံလိုအပ်ချက်များ၊ ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်များ နှင့်အညီ သက်ဆိုင်ရာ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထား ရမည်။
၂၇။    တည်ထောင်လိုသူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း မှတ်ပုံတင်လက်မှတ်   လျှောက်ထားရာတွင်  အောက်ပါအထောက် အထား၊ စာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည် - 
     (က)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊    သက်ဆိုင်ရာဥပဒေ များနှင့်အညီ     ကိုယ်ပိုင်   သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်ရန် ခွင့်ပြုထားသော အထောက်အထားများ၊ 
    ( ခ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းအဖြစ် အသုံးပြုမည့် မြေနှင့်   အ‌ဆောက်အဦ   သို့မဟုတ်  အ‌ဆောက်အဦ ပိုင်ဆိုင်ခွင့်   သို့မဟုတ်    ငှားရမ်းအသုံးပြုခွင့်ဆိုင်ရာ အထောက်အထားများ၊
    ( ဂ )    သတ်မှတ်သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာအတိုင်း သင်ကြားရန် သင်ကြားမှုအစီအစဉ်၊
    (ဃ)    ကျောင်းသား၊   ကျောင်းသူ  အဆောင်များထားရှိပါက ကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ထားကြောင်း အထောက်အထားများ၊
    ( င )    ‌ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း၏ ပရိဝုဏ်၊ ပတ်ဝန်း ကျင်နှင့် စာသင်ခန်းများသည် ဥပဓိရုပ်ကောင်းမွန်ကာ ကျန်းမာရေးနှင့် ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိစေရန် ဆောင်ရွက်ထားကြောင်း အထောက်အထားများ၊
    ( စ )    အ‌ရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များ၊ 
    (ဆ)    ကျောင်းလုံခြုံရေးနှင့် မီးဘေးကာကွယ်ရေးအစီအစဉ်များ။
၂၈။    တည်ထောင်သူသည် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်း၏ သင်တန်းများကို ဤဥပဒေနှင့်အညီ မှတ်ပုံတင်လက်မှတ်ရရှိသည့် နေ့မှစ၍ တစ်နှစ်အတွင်းဖွင့်လှစ်ရမည်။
၂၉။    (က)    ကိုယ်ပိုင်   သို့မဟုတ်  ပုဂ္ဂလိက‌ကျောင်း၏  မှတ်ပုံတင် သက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့မှစ၍ ငါးနှစ် ဖြစ်သည်။ 
    ( ခ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းသည် မှတ်ပုံတင် လက်မှတ်သက်တမ်း  တိုးမြှင့်ခြင်းကို  ခွင့်ပြုသက်တမ်း ကာလအတွက်     အစီရင်ခံစာနှင့်အတူ   မှတ်ပုံတင် လက်မှတ်သက်တမ်းမကုန်ဆုံးမီ ခြောက်လကြိုတင်၍ သက်ဆိုင်ရာ    ဒေသဆိုင်ရာ   ကြီးကြပ်ရေးအဖွဲ့သို့ လျှောက်ထားရမည်။
    ( ဂ )     တည်ထောင်သူသည်   ကိုယ်ပိုင်  သို့မဟုတ်  ပုဂ္ဂလိက‌ ကျောင်း တည်ထောင်ဖွင့်လှစ်ရန် မှတ်ပုံတင်ခွင့်ရရှိလျှင် မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးကို သတ်မှတ်ချက်နှင့် အညီ သက်ဆိုင်ရာဌာန ငွေစာရင်းသို့ ပေးသွင်းရမည်။
၃၀။    တည်ထောင်သူ သို့မဟုတ် စီမံအုပ်ချုပ်သူသည် -
    (က)    ကိုယ်ပိုင်   သို့မဟုတ်   ပုဂ္ဂလိက‌ကျောင်း  မှတ်ပုံတင် လက်မှတ်ကို  အများပြည်သူမြင်သာသည့်  နေရာတွင် ချိတ်ဆွဲထားရမည်။
    ( ခ )    ပုဂ္ဂလိက ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိသူအား သင်ကြားခွင့်ရရှိသည့် ဘာသာရပ်ကိုသာ သင်ကြားခွင့်ပြု ရမည်။
    ( ဂ )    ပုဂ္ဂလိကကျောင်းဆရာနှင့် ဝန်ထမ်းများကို အလုပ်ခန့်ထား ရာတွင်    အလုပ်ခန့်ထားမှုဆိုင်ရာ   သဘောတူစာချုပ် ချုပ်ဆိုခန့်ထားရမည်။
    (ဃ)    ဘာသာရပ်အလိုက်   ပုဂ္ဂလိက‌ကျောင်းဆရာ  ခန့်အပ် ရာတွင် သက်ဆိုင်ရာ ကျောင်း၏ဖွဲ့စည်းပုံ ပြည့်မီရမည် ဖြစ်ပြီး အမြဲတမ်းခန့်အပ်သည့် ပုဂ္ဂလိကကျောင်းဆရာ အရေအတွက်သည် အနည်းဆုံး ၅၀ ရာခိုင်နှုန်းရှိရမည်။
    ( င )    ဘာသာရပ်အလိုက်   လိုအပ်သည့်   သင်ကြားသင်ယူမှု အ‌ထောက်အကူပစ္စည်းများ  လုံလောက်စွာ  စီမံထားရှိ ရမည်။
    ( စ )    ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက‌ကျောင်းတွင် ဘာသာရပ် သင်ခန်းစာ၊   ထပ်ဆောင်းဘာသာရပ်နှင့်  ထပ်ဆောင်း သင်ခန်းစာကို သက်ဆိုင်ရာအတန်းအတွက် သတ်မှတ် ထားသော သင်ရိုးမာတိကာအောက် လျော့နည်းမှုမရှိဘဲ သင်ကြားရမည်။
    (ဆ)    သတ်မှတ်သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ပါတီနိုင်ငံရေးဆိုင်ရာ  အကြောင်းအရာများ၊  ဘာသာရေး အကြောင်းအရာများနှင့် မြန်မာ့ယဉ်ကျေးမှုနှင့် မ‌လျော် ညီသော   အ‌ကြောင်းအရာများကို   သင်ကြားပို့ချခြင်း မပြုရန် ကြပ်မတ်ရမည်။
(ဆက်လက်ဖော်ပြပါမည်)