ပဋိပက္ခပိုမိုတောက်လောင်စေသည့် စွက်ဖက်မှုဟူသမျှ ဆန့်ကျင်ရှုတ်ချ

 

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပြည်ပနိုင်ငံအချို့၊ လူပုဂ္ဂိုလ် အချို့ ပါဝင်ပတ်သက်နေကြကြောင်း သတင်းများတွင် မကြာခဏ တွေ့ရသည်။ ခေါင်းစဉ်အမျိုးမျိုးတပ်၍ ငွေကြေးထောက်ပံ့မှု၊ နည်းပညာပံ့ပိုးမှု၊ စစ်ရေးဆိုင်ရာသင်တန်းများပေးမှု၊ တိုက်ပွဲများ တွင် ပါဝင်မှု စသည်ဖြင့် ပါဝင်စွက်ဖက်မှုပေါင်းစုံတို့မှာ ပြည်တွင်း ပဋိပက္ခမီးတောက်ကို ပိုမိုအရှိန်မြင့်တောက်လောင်စေသည်။ ယင်း၏ဆိုးရွားသည့်အကျိုးဆက်များကို ဦးစွာခံစားကြရသူများ မှာ ကျေးလက်ဒေသနေ အပြစ်မဲ့ပြည်သူများ၊ မြို့ပြဒေသနေ အောက်ခြေလူတန်းစားဝင်ငွေနည်းပြည်သူများဖြစ်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား၊ နိုင်ငံသားပြည်သူလူထုတစ်ရပ် လုံးမှာ နှစ်ပေါင်း ၇၀ ကျော် ၈၀ ခန့် ကြာမြင့်လာပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများကို ငြီးငွေ့နေရုံသာမက ရွံရှာစက်ဆုပ် မုန်းတီးနေကြသည့်   ဓာတ်ခံရှိနေခဲ့ပြီးဖြစ်သည်။   လူမျိုးရေး မုန်းတီးမှုဝါဒကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ရိုက်သွင်းကာ လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်ဖောက်ကားမှုများ၊ နိုင်ငံပိုင် သယံဇာတခိုးယူရောင်းချမှုများ၊ လောင်းကစားနှင့် ငွေလိမ်ဂိုဏ်း များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများပါ   နက်နက်ရှိုင်းရှိုင်းပါဝင် ပတ်သက်ရှုပ်ထွေးနေကြပြီး ထိပ်ပိုင်းခေါင်းဆောင်တို့ ရရှိကြ သည့်အကျိုးအမြတ်များမှာ     မစွန့်လွှတ်နိုင်လောက်အောင် ကြီးမားလှသည့်အလျောက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ် ၍ငြိမ်းချမ်းရေးရယူရန်၊ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ် များအဖြစ် ဂုဏ်သိက္ခာရှိရှိ နိုင်ငံရေးလုပ်ရန် မစဉ်းစားတော့။ စစ်၏ဒဏ်ကို တကယ်တမ်းခံစားကြရသူများမှာ ၎င်းတို့ထိန်းချုပ် ထားရာနယ်မြေများမှ    တိုင်းရင်းသားပြည်သူများပင်ဖြစ်ပြီး လူချင်းတူတူ၊ သူချင်းမျှမျှ ဘဝတစ်လျှောက်လုံး ခံစားမသွားရ သူတို့ မြောက်မြားစွာရှိသည်။
၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ဆန္ဒပြမှုများမှ တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ ဥပဒေနှင့်အညီ အေးချမ်းစွာနေလို ကြသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများကို အုပ်စုဖွဲ့အနိုင်ကျင့်မှု များ၊  ဖိအားပေးအကျပ်ကိုင်မှုများမှသည်    အကြမ်းဖက်မှု၊ လက်နက်ကိုင်တိုက်ခိုက်သတ်ဖြတ်မှုများအထိ   ကျူးလွန်ခဲ့ကြ သည်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ရောက်ရှိသွားကြသူများ ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် ပြည်တွင်း၌ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုများဖြစ်ပေါ်စေရန် ငွေကြေး၊ လက်နက်ပေး၍ခိုင်းစေမှု စသည်တို့ကြောင့် ရဟန်းသံဃာ၊ သီလရှင်များ၊ ကျောင်းဆရာ ဆရာမများအပါအဝင် နိုင်ငံဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ အများအပြား အကြမ်းဖက်သတ်ဖြတ်ခံကြရသည်။ ကျေးလက် ဒေသများစွာတို့တွင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ခံ အဖွဲ့များနှင့် လက်နက်ကိုင်အုပ်စုကွဲ   များစွာပေါ်ပေါက်လာပြီး  ဥပဒေမဲ့ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများ၊   လက်နက်အားကိုး   အနိုင်ကျင့်မှုများ၊  ရာဇဝတ်မှုကျူးလွန်မှုများစွာကို   လူမှုကွန်ရက် စာမျက်နှာများတွင် တွေ့မြင်နေကြရသည်။
အထက်တွင်   ဖော်ပြခဲ့သည့်      လက်နက်ကိုင်ပုန်ကန် သောင်းကျန်းမှုများနှင့် အကြမ်းဖက်မှုများအားလုံးကို တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်းမကျန် နိုင်ငံတစ်ဝန်းလုံးတွင် ရှိနေကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မလိုလား၊ လက်မခံ။ နိုင်ငံအေးချမ်းသာယာရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားကောင်းမွန်ရေးကိုသာလျှင် အလို ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်းနေ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးကို   ထိခိုက်နစ်နာစေပြီး၊  ဒုက္ခသံသရာအတွင်းသို့ ကျရောက်စေသည့်၊ ပြည်တွင်းပဋိပက္ခမီးကို ပိုမိုတောက်လောင် စေသည့် ပြည်ပပါဝင်စွက်ဖက်မှုမှန်သမျှကို လုံးဝဆန့်ကျင်ရှုတ်ချ ကြောင်းနှင့် ကမ္ဘာ့မိသားစုဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို နားလည်သဘောပေါက်ကာ နိုင်ငံ အေးချမ်းသာယာရေးနှင့်   နိုင်ငံသူ   နိုင်ငံသားအားလုံးစိုးရိမ် ကြောင့်ကြကင်းစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်ကြစေရေး စာနာဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုက်ရပါကြောင်း။    ။