ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားစားနွားနှင့် သိုး/ဆိတ်ပြိုင်ပွဲ တက်ရောက်

ရန်ကုန်   ဇန်နဝါရီ    ၂


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဥပဒေချုပ် ဦးဌေးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်သန်း ဦးနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မင်္ဂလာဒုံမြို့နယ် မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန ပျဉ်းမပင်မွေးမြူရေးခြံများ နယ်မြေအတွင်း ပထမအကြိမ် မြန်မာ့နွားသိုးအလှ၊ နို့စားနွား၊ အသားစားနွားနှင့် သိုး/ဆိတ်ပြပွဲပြိုင်ပွဲကို တက်ရောက်အားပေးသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်


ရှေးဦးစွာ  ရန်ကုန်မြို့တော်ဝန်၊   စီးပွားရေးရာ ဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးတို့က အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးက အဖွင့်အမှာစကား ပြောကြားရာ တွင်  “ရန်ကုန်တိုင်းဒေသကြီးအတွင်း   လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းလည်း လုပ်ကိုင်ကြပြီး နို့စားနွားမွေးမြူရေးလုပ်ငန်းသည် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ပြပွဲ   ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့်   မွေးမြူရေးသမား အချင်းချင်း အပြန်အလှန်ဆက်သွယ်မှု ကွန်ရက် ကျယ်ပြန့်လာကာ မွေးမြူရေးနည်းပညာများ ဖလှယ် နိုင်မည့်အပြင် ပြိုင်ပွဲဝင်တိရစ္ဆာန်များ၏ တန်ဖိုး၊ အမူအကျင့်များကို လေ့လာနိုင်မည်ဖြစ်ပါကြောင်းနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည် အသွေးမြင့်ပြီး ထုတ်လုပ်မှုကောင်းမွန်သော ဒေသ နွား၊ နို့စားနွားနှင့် သိုး/ဆိတ်မျိုးများကို မွေးမြူကြရန် ပညာရှင်များ၏ လမ်းညွှန်မှုဖြင့် ရောဂါကင်းပြီး ထုတ်လုပ်မှုကောင်းအောင်  ကြိုးစားလုပ်ဆောင်ကြ ရန် တိုက်တွန်းပါကြောင်း” ပြောကြားသည်။


ဆက်လက်၍ မြို့တော်ဝန်၊ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည်     သိပ္ပံနည်းကျအသား၊  နို့၊ နို့ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ် ဖြန့်ဖြူးမှုပြခန်း၊ ပြကွက်များနှင့် ပြိုင်ပွဲဝင် နွားသိုး အလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် သိုး/ဆိတ်များ စစ်ဆေးအကဲဖြတ်နေမှုများကို လှည့်လည်ကြည့်ရှု သည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်သည် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းရှိ   တပ်မတော်ဆေးတက္ကသိုလ်နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီးအကြား မင်္ဂလာ ကန် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းဆောင်ရွက်နေမှု၊ အင်းစိန်မြို့နယ် ပုလဲလမ်း တစ်လျှောက်       ရေစီးရေလာကောင်းမွန်စေရေး အတွက် အရှည်ပေ ၈၀၀၊ အကျယ် ၄ ပေ၊ အနက် ၅ ပေရှိ   အုတ်ရေမြောင်း   တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။            
             

  သတင်းစဉ်