
နယူးဒေလီ နိုဝင်ဘာ ၂၆
ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု အီးအိုအက်စ်-၀၆ နှင့် ဂြိုဟ်တုအသေးစား ရှစ်စင်းကို ဂြိုဟ်ပတ်လမ်းအနီးရှိ ရည်ရွယ်သတ်မှတ်ထားသော ဝင်ရိုး စွန်းပတ်လမ်းသို့ ဝင်ရိုးစွန်းဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံ (PSLV-C54) ဖြင့် အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း (အိုင်အက်စ်အာရ်အို) က နိုဝင်ဘာ ၂၆ ရက်တွင် လွှတ်တင်လိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ ဂြိုဟ်တုများကို အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ် ပြည်နယ်တွင်ရှိသော ဘင်္ဂလားပင်လယ်အော်ကမ်းခြေမှ သီရိဟာရီ ကိုတာကျွန်းရှိ ဆဒစ်ဒါဝမ်အာကာသစင်တာ (အက်စ်ဒီအက်စ်စီ) မှ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၆ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂြိုဟ်တုများကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့မှုအတွက် အလွန် ပျော်ရွှင်မိကြောင်း အိုင်အက်စ်အာရ်အို၏ ဥက္ကဋ္ဌဖြစ်သူ ဆွမ်းနာသ်က ပြောသည်။ ထို့အပြင် ယခုအကြိမ်လွှတ်တင်မှု၏ အဆင့်တိုင်းတွင် ဒုံးပျံ ၏ စွမ်းဆောင်ရည်ကို လေ့လာခဲ့ရပြီး လုပ်ဆောင်ချက်များ အလွန် ကောင်းမွန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ဂြိုဟ်တုလွှတ်တင်မှုကို အာကာသစင်တာမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ ကြောင်း၊ ယခုအကြိမ်လွှတ်တင်မှုသည် PSLV ဒုံးပျံ၏ (၅၆) ကြိမ်မြောက် ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် အိန္ဒိယအာကာသအေဂျင်စီ၏ နောက်ဆုံး လုပ်ဆောင်ခဲ့သည့် မစ်ရှင်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ