ပရီမီယာလိဂ် တန်းတက်အသင်း ဘန်လေ

 

ပရီမီယာလိဂ်ကို တန်းတက်လာတဲ့  အသင်းတွေမှာ ဆွဲဆောင်မှု တစ်ခုစီရှိပြီး  တန်းတက်အသင်းတွေ  ဘယ်အတိုင်းအတာအထိ ရုန်းကန်နိုင်မလဲဆိုတာကို စိတ်ဝင်စားကြသလို တန်းတက်  အသင်းတွေရဲ့ ဘယ်ကစားသမားတွေက ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း ဘောလုံးချစ်ပရိသတ်တွေ က စောင့်ကြည့်လေ့ရှိပါတယ်။
လက်ရှိပရီမီယာလိဂ်ကို  တန်းတက်လာတဲ့  အသင်းတွေကို ကြည့်ရင် ဘန်လေ၊   ရှက်ဖီးလ်နဲ့   လူတန်တောင်း   အသင်းတို့ရှိပြီး အသင်းတိုင်းက    စွမ်းဆောင်ရည်ကောင်း    တစ်ခုစီရှိတာကြောင့် တန်းတက်အသင်းတစ်သင်းချင်းစီကို သုံးသပ်မိတ်ဆက်သွားမှာ ဖြစ်ပါ တယ်။ ပထမဆုံးအနေနဲ့ ဘန်လေအသင်းကို စတင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ 
တိုက်စစ်၊ ခံစစ်အကောင်းဆုံး
ဘန်လေအသင်းကို မန်စီးတီးအသင်း  ခံစစ်ကစားသမားဟောင်း ဗင်းဆင့်  ကွန်ပနီက တာဝန်ယူကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ကွန်ပနီ ကို ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်မှာ အသင်းနည်းပြအဖြစ် ဘန်လေအသင်းက  ခန့်အပ်ခဲ့ပါတယ်။  အဲဒီလိုခန့်အပ်ပြီးနောက်မှာ ဘန်လေအသင်းဟာ သိသိသာသာ ခြေစွမ်းတိုးတက်လာခဲ့ပြီး ချန်ပီယံရှစ် ရာသီပိတ်သိမ်းချိန် မှာ တိုက်စစ်က ရဂိုး ၈၇ ဂိုး၊  ခံစစ်က ၃၅ ဂိုးသာ ခွင့်ပြုပေးထားရတာကြောင့်  တိုက်စစ်၊  ခံစစ်အကောင်းဆုံးအသင်းအဖြစ်  မှတ်တမ်းဝင်ခဲ့တဲ့အထိ ဖြစ်လာပါတယ်။  
ဒါ့အပြင် ရမှတ် ၁၀၁ မှတ်နဲ့ ချန်ပီယံရှစ် ချန်ပီယံဖြစ်ခဲ့တဲ့ ဘန်လေ အသင်းဟာ ပရီမီယာလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့်လည်း ရရှိခဲ့ပါ တယ်။ နည်းပြ ကွန်ပနီဟာ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့  ရှိရင်းစွဲကစားသမားတွေကို  နည်းဗျူဟာကျကျ  ပေါင်းစပ်ထားနိုင်တာ ကြောင့် ပရီမီယာလိဂ်တန်းတက်ခွင့်ရရေး ကြိုးပမ်းမှုတစ်လျှောက်မှာ ဖိအားကင်းကင်းနဲ့ လျှောက်လှမ်းနိုင်ခဲ့တာလို့  ဆိုနိုင်တယ်။ ဒါ့အပြင် အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဘန်လေအသင်းကို ကွာတားဖိုင်နယ် အဆင့်အထိ   ရောက်ရှိအောင်    ပို့ဆောင်ပေးထားနိုင်တာ    တွေ့ရ တယ်။ 
ပြောမယ်ဆိုရင် ဘန်လေအသင်းဟာ ပရီမီယာလိဂ်နဲ့  မစိမ်းတဲ့ အသင်းတစ်သင်းဖြစ်ပြီး  ၁၉၅၉-၁၉၆၀ နဲ့ ၁၉၂၀-၁၉၂၁ စတဲ့ ရာသီတွေ မှာ ပထမတန်း (ယခုပရီမီယာလိဂ်) အမှတ်ပေးဖလား ဆွတ်ခူးထား နိုင်တဲ့အပြင် ၁၉၁၃-၁၉၁၄ ရာသီမှာ အက်ဖ်အေဖလားကို  ဆွတ်ခူးထား နိုင်တာကြောင့်  သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ အသင်းဖြစ်ပါ တယ်။ ဘန်လေအသင်းကို ၁၈၈၂ ခုနှစ် မေ ၁၈ ရက်မှာ စတင်တည်ထောင် ခဲ့ပြီး နှစ်ပေါင်းအားဖြင့် ၁၄၁ နှစ်ရှိပြီလည်း ဖြစ်ပါတယ်။ ဘန်လေ အသင်းရဲ့ ကွင်းအမည်က တာ့ဖ်မိုးဖြစ်ပြီး ပရိသတ်ဦးရေ ၂၁၉၄၄ ဦး အထိ ဝင်ဆံ့ပါတယ်။ 
ကစားသမားကောင်းများပိုင်ဆိုင်   
နည်းပြ    ကွန်ပနီလက်ထက်မှာ  ဘန်လေအသင်းဟာ ခြေစွမ်း တိုးတက်လာခဲ့ပြီး အသင်းခံစစ်မှာ ရောဘတ်စ်၊ မတ်ဆန်၊ ဗစ်တင်ဟို၊    ဘော်ဘီသောမတ်စ်တို့ရှိပြီး  ကွင်းလယ်မှာ ဖန်တီးမှု အားကောင်းတဲ့ ဘရွန့်ဟေးလ်၊ ဂျက်ကော့ခ်၊ ဘတ်စ်တိန်းတို့လို ကစားသမားကောင်း တွေ ပိုင်ဆိုင်ထားပါတယ်။   ဒါ့အပြင်   တိုက်စစ်ပိုင်းမှာဆိုရင်လည်း အဆုံးသတ်သေချာတဲ့ ဘားနက်စ်၊ ဂျေး ရိုဒရီဂွက်ဇ်၊ အန်းနက်စ်တို့ကို ပိုင်ဆိုင်ထားပါတယ်။  
ပရီမီယာလိဂ်က  တခြားလိဂ်တွေထက်   ရာသီအစမှ ရာသီပြီးဆုံးတဲ့ အထိ  ပြိုင်ဆိုင်မှု  ပြင်းထန်လေ့ရှိပြီး  အသင်းစွမ်းဆောင်ရည်ကျဆင်း လာတာနဲ့  တစ်ပြိုင်နက်   နည်းပြထုတ်ပယ်မှုကလည်း အလွန်များပြား တာကြောင့် ကွန်ပနီအနေနဲ့ လာမယ့်ရာသီ ပရီမီယာလိဂ်မှာ     ဘန်လေ အသင်းနဲ့  ဘယ်လိုကြိုးစားသွားမလဲဆိုတာက စိတ်ဝင်စားစရာတစ်ခု အဖြစ်ရှိနေတယ်။  ဒါ့အပြင်   ဘန်လေအသင်းအနေနဲ့   ပရီမီယာလိဂ် ရာသီအစအဖွင့်ပွဲစဉ်မှာ  ပြီးခဲ့သည့်ရာသီက  ဖလားသုံးလုံးဆွတ်ခူး ရရှိထားတဲ့  မန်စီးတီးအသင်းနဲ့  စတင်ယှဉ်ပြိုင်ကစားသွားရမှာဖြစ် တယ်။ ဒီနှစ်သင်း ယမန်နှစ်က အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် မှာ တွေ့ဆုံထားရာ မန်စီးတီးအသင်းက ခြေအသာ၊ ဂိုးသမားလက်စွမ်း  အသာနဲ့    အနိုင်ရရှိထားတာကြောင့်  အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ဘယ်လို နည်းဗျူဟာ၊ ဘယ်လို အခင်းအကျင်းနဲ့ ရင်ဆိုင်သွားမလဲဆိုတာ ကလည်း စိတ်ဝင်စားဖို့ ကောင်းနေတယ်။ 
နည်းပြများထုတ်ပယ်
ပြီးခဲ့တဲ့နှစ်မှာ ဘုန်းမောက်အသင်းကို ပရီမီယာလိဂ်တန်းတက် ခွင့်ရအောင် စွမ်းဆောင်ပေးထားနိုင်သော်ငြား  လီဗာပူးကို  ဂိုးပြတ် ရှုံးနိမ့်ပြီးနောက် ဩဂုတ် ၃၀ ရက်မှာ စကော့ပါကားကို အသင်းနည်းပြ ကနေ  ထုတ်ပယ်ခဲ့တယ်။  ဒါ့အပြင် တူချယ်၊  ဘရူနိုလက်ဂ်၊ စတီဗင် ဂျရတ်၊ ဖရန့်လမ်းပတ်၊ ဂျက်ဆီမာ့ချ်၊ နသန်ဂျုံးစ်၊  ဗီရဲရား၊  ကွန်တီ၊ ဘရိုင်ဒန်ရော်ဂျာ၊ ဂရေဟမ်ပေါ်တာ၊  စတယ်လီနီ၊ ဂျာဗီဂရေစီယာစတဲ့ နည်းပြတွေဟာ အသင်းရလဒ် ဆိုးရွားမှုတွေကြောင့် နည်းပြအဖြစ်ကနေ  ထုတ်ပယ်ခံခဲ့ရပါတယ်။  
ဒါကြောင့်    နည်းပြကွန်ပနီအနေနဲ့    အသင်းရဲ့   လိုအပ်ချက်နဲ့ အားဖြည့်မှုကို ဟန်ချက်ညီအောင် လုပ်ဆောင်ကာ   လာမယ့်ရာသီ ပရီမီယာလိဂ်မှာ     ဘန်လေအသင်းကို      ဘယ်အတိုင်းအတာအထိ  စွမ်းဆောင်သွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။     ။