ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းတွေ ပိုမိုပြီးဖြစ်ထွန်းလာဖို့ အားတက်သရော ဆောင်ရွက်နေတဲ့ ကျွန်တော်တို့ ပြခန်းတွေကို လာရောက်ကြည့်ရှုကြပါလို့ ဖိတ်ခေါ်ပါတယ်

 

တွေ့ဆုံမေးမြန်း - နဒီမင်း၊ တင်စိုး ( မြန်မာ့အလင်း)

(၇၆)  နှစ်မြောက်  ပြည်ထောင်စုနေ့ အထိမ်းအမှတ်  ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း  အရောင်းပြခန်းများပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူ့ရင်ပြင်နှင့်  ပြည်သူ့ဥယျာဉ်၌ ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ  ဖွင့်လှစ်ခဲ့သည်။

 


အဆိုပါ ပွဲတော်ကြီးတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ   စက်မှုဇုန်  ၂၉  ခုမှ ထုတ်ကုန်များ၊      တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စက်မှုထုတ်ကုန်များ သာမက ဒေသအသီးသီးမှ  လက်မှုထုတ် ကုန်များကိုပါ   လေ့လာကြည့်ရှုနိုင်ရန် ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်သည်။ 

 


သို့ဖြစ်ရာ တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုနှင့် အက အလှများ၊ အစားအစာ၊ နေထိုင်မှု ပုံစံများ၊ ဒေသအသီးသီး၏    ဂုဏ်ယူဖွယ်ရာ  ရှေးဟောင်းသမိုင်းဝင်  အမွေအနှစ်များ၊ ကျေးလက်ထုတ်ကုန်များကို တစ်နေရာ တည်း   တစ်စုတစ်စည်းတည်း  လေ့လာ သိရှိခွင့်ရမည်ဖြစ်ပြီး       ဝန်ကြီးဌာန အသီးသီးက        ဖွင့်လှစ်ပြသထားသည့် ပြခန်းများကို   လေ့လာရင်း  ဝန်ကြီးဌာန များ၏      သက်ဆိုင်ရာကဏ္ဍအလိုက်  လက်ရှိ  အကောင်အထည်ဖော် ဆောင် ရွက်နေသည့်     လုပ်ငန်းစဉ်များကို လေ့လာခွင့်ရရှိမည်     ဖြစ်သည့်အတွက်  ပါဝင်ပြသထားသည့် ပြခန်းများ၊ ဆိုင်ခန်း များမှ   တာဝန်ရှိသူများ၊   ပြခန်းသို့ လာရောက် လေ့လာကြည့်ရှုသူများအား တွေ့ဆုံမေးမြန်းခဲ့သည်။   

 


ဒေါက်တာတိုးအောင်(ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီးပြခန်း တာဝန်ခံ


ရန်ကုန်တိုင်းဒေသကြီး    ပြခန်းမှာ အဓိက ကဏ္ဍကတော့ ရှေးဟောင်းအမွေ အနှစ်နဲ့  ယဉ်ကျေးမှုကဏ္ဍ၊   ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍ၊      စက်မှုကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ရေပေး ဝေရေးကဏ္ဍ ဒီကဏ္ဍတွေကို ကျွန်တော် တို့ တင်ဆက်ပြသထားပါတယ်။  နောက် ရန်ကုန်မြို့ရဲ့အထင်ကရ   သမိုင်းဆိုင်ရာ အဆောက်အအုံတွေ၊ ဗိသုကာလက်ရာ တွေပါ ပြသထားတယ်။ 
 ဝန်ကြီးဌာန     ပြခန်းတွေမှာရော ပြည်နယ်နဲ့ တိုင်းဒေသကြီး ပြခန်းတွေမှာပါ ပြသထားတာတွေက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။   ဒေသ အလိုက်၊ ဌာနအလိုက် လုပ်ဆောင်နေတာ မသိသေးတာတွေကို        မြင်ရမယ်။ ကျောင်းသားလေးတွေ      လာတဲ့အခါ ဒီပြခန်းမှာ  ပြသထားတွေကိုကြည့်ပြီး သူတို့ ဗဟုသုတ ရသွားစေမှာ ဖြစ်ပါတယ်။ ဒါတွေကိုကြည့်ခြင်းဖြင့် သူတို့လေးတွေ နိုင်ငံတော်       တည်ဆောက်ရေးမှာ  တတ်စွမ်းသမျှ   ပါဝင်ကူညီနိုင်တယ် ဆိုတာကို သိမြင်လာမယ်ဆိုတာ ယုံကြည် ပါတယ်။
အများပြည်သူတွေကိုလည်း  လာ ကြည့်စေချင်ပါတယ်။ ဖျော်ဖြေရေး အစီ အစဉ်တွေလည်း အများကြီးပါပါတယ်။ လူငယ်ကြိုက်   ဓာတ်ပုံရိုက်မယ်ဆိုရင် လည်း   အပြင်အဆင်တွေ    လုပ်ထားတယ်။    စတိတ်ရှိုးတွေလည်း  စီစဉ်ထားတယ်။ လုံခြုံးရေးအတွက်လည်း       အဆင်ပြေ အောင်     စီစဉ်ထားပါတယ်။   ပြပွဲကို   လာရောက်တဲ့  ကျောင်းသား  ကျောင်းသူ တွေကို    စတုဒိသာကျွေးမွေး   သွားမယ့် အစီအစဉ်တွေလည်း ရှိပါတယ်။
ပြပွဲက မနက် ၉ နာရီ ကနေ ၁၀ နာရီ အထိ ကျင်းပမှာပါ။  အဲဒီအချိန်အတွင်းမှာပဲ ဖျော်ဖြေရေးအစီအစဉ်က ညနေ ၆ နာရီ ကနေ ည ၁၀ နာရီခွဲအထိ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ခေတ်ပေါ်တေးဂီတ အဖွဲ့ တွေပါမယ်။ တိုင်းရင်းသား အကအဖွဲ့တွေ ပါမယ်။  ဒေသခံတွေ       ဖျော်ဖြေတာဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်း ပါတယ်။ 

 


ဦးခင်ဇော်မိုး (အတွင်းရေးမှူး)၊ 
စက်မှုဝန်ကြီးဌာန ကိုယ်စားပြုပြခန်း


ဒီပြပွဲမှာ ကျွန်တော်တို့ ဝန်ကြီးဌာနက ဦးစီးဌာနနှစ်ခုရယ်၊ လုပ်ငန်း လေးခုရယ်၊ ဝန်ကြီးဌာနကတော့   Webportal   ကို ပြတယ်။ အားလုံး ခုနစ်ခုပေါ့။  စက်မှု ကြီးကြပ်   စစ်ဆေးရေးဆိုရင်  (MSME)ရယ်၊   ဘွိုင်လာတို့   လျှပ်စစ်လုပ်ငန်း စစ်ဆေးရေးကိစ္စတွေ၊ စက်မှုဇုန်ကြီးကြပ် မှုကိစ္စတွေ၊    ကျွမ်းကျင်မှုဆိုင်ရာ   အသိ အမှတ်ပြုလက်မှတ်      အမြန်ထုတ်ပေး ရေးကိစ္စတွေ ပြသထားတယ်။
စက်မှု  ပူးပေါင်းဆောင်ရွက်ရေးကျ တော့ ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းများ အန္တရာယ်   တားဆီးကာကွယ်ရေးကိစ္စ တွေ၊ Labour Skills  တွေအတွက် စက်မှု သင်တန်းကျောင်းတွေ၊  နောက်တစ်ခုက ပြည့်ဖြိုးမြဲ  စွမ်းအင်ကိစ္စတွေ၊  စွမ်းအင် လျှော့ချနိုင်ဖို့ ကိစ္စတွေပါမယ်။ 
အမှတ် (၁ )အကြီးစားစက်မှုလုပ်ငန်း မှာ    အဓိကပြတာတော့  သံမဏိစက်ရုံ မြင်းခြံနဲ့   ပင်းပက်မှာ  ထုတ်လုပ်မှုတွေ၊ အမှတ် (၂)  အကြီးစား   စက်မှုလုပ်ငန်းက   ဘိလပ်မြေနဲ့  တာယာထုတ်လုပ်မှု တွေကို    အဓိကပြတယ်။ အမှတ် (၃)  အကြီးစား         စက်မှုလုပ်ငန်းကတော့   အထည်အလိပ်နဲ့  ဆေးရုံသုံး၊  အိမ်သုံး ထုတ်ကုန်ပစ္စည်းတွေ အမျိုးမျိုး ပြတယ်။     
နောက်တစ်ခုက ဆေးဝါး၊ ဆေးဝါး ကတော့ လက်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံ   (အင်ရောင်း)နဲ့ ဆေးဝါး စက်ရုံ  (ရွာသာကြီး)၊   ဒီဘက်ခေတ်မှာ တော့ ဆေးဝါးစက်ရုံ (ရွာသာကြီး) ကနေ ထူးထူးခြားခြား    မြန်ကိုဖန်း   ကိုဗစ် ကာကွယ်ဆေး၊        ဆေးဝါးစက်ရုံက ထုတ်လုပ်တဲ့    ဆေးဝါး  ဆေးတောင့် ဆေးရည်အစုံ  ဒါတွေ  အကုန်ပြသထား တယ်။ နောက်တစ်ခုက စက်မှုသင်တန်း ကျောင်းတွေမှာ     တက်ချင်တဲ့သူတွေ ပြပွဲကနေ ချိတ်ဆက်ပြီး တက်လို့ ရမယ်။ 
အဓိကကတော့ စက်မှုဝန်ကြီးဌာနက ဆောင်ရွက်လေ့ရှိတဲ့  လုပ်ငန်းသဘော သဘာ၀တွေ၊ မူဝါဒတွေ၊ စက်မှုဝန်ကြီး ဌာနမှာ ထုတ်လုပ်နေတဲ့ ထုတ်ကုန်တွေရဲ့ အမျိုးအစားတွေရော၊ ဆက်စပ်လုပ်ကိုင် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေရော သိရှိ ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်း တွေအတွက် ဆက်သွယ်ဆောင်ရွက်သွား နိုင်မှာ ဖြစ်ပါတယ်။

 


ဦးတင့်ဇော်ညွန့် 
(ဒုတိယအထွေထွေမန်နေဂျာ) 
မြန်မာ့သစ်လုပ်ငန်း 


ကျွန်တော်တို့ ဝန်ကြီးဌာနအောက်မှာ ရှိတဲ့ လုပ်ငန်း၊ ဦးစီးဌာန၊ တက္ကသိုလ်အပါ အဝင် အားလုံး ဦးစီးဌာန လုပ်ငန်း ၁၂ ခု ကနေပြီးတော့    ပြခန်းဝင်ရောက်ပြသ တာဖြစ်ပါတယ်။
ပြခန်းမှာ လက်ရှိလုပ်ထားတဲ့ ပုံစံ ငယ်လေးတွေက သုံး ခုရှိပါတယ်။ အမှတ် (၁) သတ္တုတွင်းနဲ့  အမှတ် (၂) သတ္တုတွင်း နှစ်ခုပေါင်းပြီးတော့   သတ္တုလုပ်ငန်းဆို ပြီးတော့ အဲဒီမှာ အမှတ် (၁)သတ္တုတွင်းဆို ရွှေကို တူးဖော်တဲ့ လုပ်ငန်းဖြစ်ပါတယ်၊ အမှတ် (၂) သတ္တုတွင်းဆိုရင်တော့ ခဲမဖြူ၊ အဖြိုက်နက်တွေ  တူးဖော်တဲ့  လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ နှစ်ခုကိုပေါင်းပြီးတော့ သတ္တုတွင်းလုပ်ငန်းဆိုပြီးတော့ ပြထားတဲ့ ပုံစံငယ်ထဲမှာဆိုရင် ရွှေကိုတူးတဲ့ တကယ့်  ရွှေမိုင်းတစ်ခုရဲ့    ပုံစံငယ်   အသေးလေး ကို လှုပ်ရှားနေတဲ့ ကားလေးတွေ၊ ကရိန်း လေးတွေနဲ့   မြေအောက်ကနေ  တူးပြီး အပေါ်ကိုတင်တာတွေ၊ သတ္တုသိုက်ရှိတဲ့ နေရာကို  တူးဖော်နေတာတွေကို မြင်ရမှာ ပါ။ တစ်ဖက်က သတ္တုတူးဖော်တဲ့ မိုင်း၊   နောက်တစ်ဖက်က ရွှေမိုင်းပေါ့။ သစ်တော ဘက်ကဆိုရင်လည်း ပုံစံငယ်လေးတွေက တောတွင်း  သစ်ထုတ်လုပ်တဲ့   ဆင်စခန်း တစ်ခုကို ပုံစံငယ်လုပ်ထားတာပါ။  တော ထဲကနေ    သစ်တွေ   ထုတ်လာတယ်။   သတ်မှတ်ထားတဲ့ သစ်ကွက်ထဲ ကနေ သစ်ထုတ်လုပ်ငန်းကနေ   ထုတ်လာတဲ့ သစ်တွေကို   ဆင်တွေနဲ့   ဆွဲလာတယ်။ သစ်ဆိပ်မှာ ပုံတယ်၊ ပုံပြီးတော့မှ ကား၊ ကရိန်းတွေ ယာဉ်ယန္တရား တွေသုံးတယ်။   ဆင်သားအမိပုံတွေ၊   ဆင်ခေါင်းနေတဲ့ တဲတွေ၊ သစ်လုပ်ငန်းရဲ့   ဆင်စခန်းတစ်ခုရဲ့ ပုံတွေကို ပြသထားပါတယ်။
ဒါ့အပြင် ရှားပါး ကြယ်လိပ်လေးတွေ လည်း      ပြထားပါတယ်။  မျိုးသုဉ်း ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့  ကြယ် လိပ်တွေ  ပြသထားတယ်။  ကြယ်လိပ် ဟာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံမှာပဲ ရှိတယ်။ ပန်ဒါဝက်ဝံတွေ၊   တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေးကလည်းကျွန်တော်တို့ရဲ့ ထမ်းဆောင် ရတဲ့  အရေးကြီးတဲ့  အပိုင်းထဲမှာပါတော့ ကြိုးကြာနီတို့၊ အောက်ချင်းငှက်တို့ သရုပ် ဖော်ထားခြင်းဖြစ်ပါတယ်။        ရေတံခွန်မှာ က ကျောက်စိမ်းအစစ်တွေပါ။ ရေတံခွန် က  မျက်စိပသာဒလည်း  ဖြစ်တယ်။  အမိ ဧရာ၀တီမြစ်ကြီးကို ကိုယ်စားပြု ပုံဖော် ပြသထားခြင်းလည်းဖြစ်ပါတယ်။

 


ဦးကျော်မိုးနိုင် (ဒုတိယညွှန်ကြားရေးမှူး)၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်း


ခရီးသွားလုပ်ငန်းဆိုတာက  ကဏ္ဍ အားလုံးနဲ့ ဆက်စပ်မှုရှိနေတယ်။ တခြား လုပ်ငန်းကဏ္ဍဆိုတာကလည်း ခရီးသွား လုပ်ငန်းကဏ္ဍနဲ့ ဆက်စပ်ပြီး ဆောင်ရွက် နေတာဖြစ်တဲ့အတွက်ကြောင့် ဒီမှာလာ ပြီး လာရောက်ပြသတဲ့အခါမှာ ပြည်တွင်း ပြည်ပ   ခရီးသွားတွေ  ခရီးသွားချင်စိတ် လေးဖြစ်လာအောင်၊            ကျွန်တော်တို့ ပြခန်းကို ကြည့်ပြီးရင်တောင် စိတ်ချမ်း သာအောင် ဆွဲဆောင်မှုလေးတွေနဲ့ ရိုးရာ ယဉ်ကျေးမှုလေးတွေ ပြသထားပါတယ်။
ဒီပြခန်းကို         ဝင်လာတာနဲ့ခရီးစဉ် တစ်ခုကို၊ ဒေသတစ်ခုကို ရောက်သွားတဲ့ ပုံစံ ပြင်ထားပါတယ်။ ပုသိမ်ထီးလေးတွေ၊ ရုပ်သေးရုပ်ကလေးတွေ၊ လက်မှုပစ္စည်း လေးတွေနဲ့  ခင်းကျင်းထားတာဆိုတော့ ဝင်လာတာနဲ့ ဒေသသစ်တစ်ခုကို ရောက် သွားသလို   ခံစားရအောင်  စီစဉ်ထားပါ တယ်။ 
ပြခန်းမှာ  အမှတ်တရပစ္စည်းလေး တွေ ရွှံ့စေးနဲ့   လက်တွေ့ပြုလုပ်နေတာ တွေပြမယ်။ ပြီးတော့ရောင်းချမယ်။ အုတ် နဲ့  လုပ်တာတွေ၊ ငှက်ပျောပင်က နေထွက် တဲ့ ချည်နဲ့ လုပ်ထားတဲ့ အဝတ်အစားတွေ၊ လူ့အသုံးအဆောင်တွေ        ပြသမယ်။     နောက်တစ်ခုက ပုဂံမှာရှိတဲ့ လက်ဆေး ပန်းချီကိုလည်း ပုဂံဒေသကိုရောက်ရှိ သွားသလိုပဲ ခံစားလို့ရအောင် ရေးဆွဲပြသ သွားမှာ  ဖြစ်ပါတယ်။  


ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့   ပူးပေါင်းပြီး ခရီးသွားလုပ်ငန်းအသင်းအဖွဲ့ တွေအားလုံး ပူးပေါင်းဆောင်ရွက်ကြတာ  ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ    ခရီးသွားလုပ်ငန်းတွေ    ပိုမိုပြီးဖြစ်ထွန်းလာဖို့   အားတက်သရော ဆောင်ရွက်နေတဲ့   ကျွန်တော်တို့    ပြခန်းတွေကို   လာရောက်ကြည့်ရှု ကြပါလို့ ဖိတ်ခေါ်ပါတယ်။


ဦးသက်ဆိုင်အောင်
(စစ်ကိုင်းတိုင်းဒေသကြီး ရိုးရာအစားအစာအရောင်းဆိုင် တာဝန်ခံ)


ကျွန်တော်တို့က   မုံရွာကလာတာပါ။ နာဂဒေသထွက် ခေါင်ရည်၊ ခိုတောင် မုန့်တီ၊ ဟုမ္မလင်းဘက်က  ရှမ်းနီရိုးရာ အစားအစာဖြစ်တဲ့ ခေါက်စီးထမင်းသုပ်၊ ရေဦးဝက်အူချောင်း၊ ကြက်အူချောင်း။ ရွှေဘို ဘက်က   ပေါင်းတင်းတို့၊ ကသာဘက်က ငါးချဉ်၊ မုံရွာက  ဆိတ်သား ခြောက်၊ မြေပဲဆားလှော်၊ ပုလဲဘက်က တို့ဟူးခြောက်၊ တွင်းတောင်ရဲ့ တွင်းပိုး စတာတွေကို ရောင်းချပါတယ်။   
ကျွန်တော်တို့ ဒေသထွက် အစားအစာတွေကို  လာပြီးတကူးတက မစားနိုင်ကြတဲ့ ရန်ကုန်က ပြည်သူတွေအတွက် ကိုက်ညီတဲ့ ဈေးနှုန်း လေးနဲ့ လာရောက်ရောင်းချပေးတာဖြစ်ပါတယ်။
ဒီပွဲမှာ တိုင်းနဲ့ ပြည်နယ် ဒေသအသီးသီးက လာရောက်ရောင်းချတဲ့   အမယ်စုံပစ္စည်းစုံတွေကို    လာရောက်လေ့လာ    ကြည့်ရှုပြီးတော့   အဆင်ပြေတာလေးတွေ  အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 

 


ဒေါ်လှလှဝင်း(ရွှေစာပုသိမ်ထီးလုပ်ငန်း)


ကျွန်မက ဧရာ၀တီတိုင်းကနေ လာခဲ့တာပါ။  ပုသိမ်မြို့ကထွက်တဲ့   ထီးတို့၊   ဟာလဝါတို့ကို ဒီပွဲမှာ ရိုးရာထွက်ကုန်ပစ္စည်းတစ်ခုအနေနဲ့  လာရောက်ပြသရောင်းချတာ ဖြစ်ပါတယ်။ ရိုးရာလက်မှု လုပ်ငန်းဖြစ်တဲ့ ဒီပုသိမ်ထီးလေးတွေ   နိုင်ငံအနှံ့   ပျံ့နှံ့ရောက်ရှိဖို့အတွက်   ခုလိုပြပွဲတွေ  ဝင်ရောက်ပြသရောင်းချတာဖြစ်ပါတယ်။  လာရောက်ကြည့်ရှုတဲ့သူတွေ  အထူးသဖြင့်   ကျောင်းသား ကျောင်းသူလေးတွေက   ပုသိမ်ထီးတွေကို   စိတ်ဝင်စားကြတယ်။  လက်ဆောင်ပေးဖို့နဲ့  ဆောင်းဖို့အတွက် ဝယ်ကြ ပါတယ်။
ဧရာ၀တီတိုင်းဒေသကြီးကနေ ရန်ကုန်တိုင်းဒေသကြီးကို တကူး တက လာရောက်ပြီး ဧရာ၀တီတိုင်းရဲ့ ဂုဏ်ဆောင်ဖို့  ရိုးရာလက်မှုပစ္စည်း တွေကို  လာရောက်ပြသရတဲ့အတွက်  ဝမ်းသာမိပါတယ်။  

 


မောင်ဟိန်းထက်ဦး (ရန်ကုန်ပညာရေးတက္ကသိုလ်)


ကျောင်းသား ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့အတူ လာခဲ့ တာပါ။  မွန်၊ မကွေး၊  နေပြည်တော်ပြခန်းတွေကို ဝင်လေ့လာပြီးတဲ့ အခါမှာ  သက်ဆိုင်ရာ ပြည်နယ်အလိုက် မြေပုံလေးတွေ၊ ရိုးရာဝတ်စုံတွေ လေ့လာခွင့်ရခဲ့ပါတယ်။ ဒေသထွက်ကုန်တွေလည်း  လေ့လာခွင့်ရခဲ့ တယ်။ ဒေသထွက်  အစားအစာတွေလည်း  စားခဲ့တယ်။   တိုင်းရင်းသား လူမျိုးစုတွေကိုလည်း သိခွင့်ရခဲ့တယ်။ တိုင်းနဲ့ ပြည်နယ် အနှံ့ သွားစရာ မလိုအောင်ကို  တစ်နေရာတည်းမှာ ဒေသအသီးသီးက  တိုင်းရင်းသား တွေရဲ့  လူနေမှုဘ၀တွေကအစ လေ့လာခွင့်ရတဲ့အတွက်   ဗဟုသုတတွေ ရပါတယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေကိုလည်း   သွားလည်ချင်စိတ်  ဖြစ်မိတယ်။