
နေပြည်တော် မေ ၇
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က လက်ရှိအခြေအနေ တွင် ဆူပူအကြမ်းဖက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာသူများရှိနေပြီး ၎င်းတို့တွင် ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေး အခက် အခဲများ ရှိနေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တည်ငြိမ်အေးချမ်းရေးနှင့် ပုံမှန်အခြေအနေရောက် အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ယာယီနေရပ်စွန့်ခွာသူများ နေထိုင် စားသောက်ရေးအဆင်ပြေအောင် ကူညီထောက်ပံ့ ပေးလျက်ရှိကြောင်း။
သို့သော် ကူညီထောက်ပံ့ပေးမှုများသည် ယာယီ သာဖြစ်နိုင်ပြီး တည်ငြိမ်အေးချမ်းပြီး ကိုယ့်ဒေသ ကိုယ် ပြန်နိုင်သည့်အချိန်တွင် ပြန်ကြခြင်းဖြင့် အစစ အရာရာအဆင်ပြေနိုင်ကြောင်း၊ နိုင်ငံတော်ကလည်း သက်ဆိုင်ရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုရှိရေး နှင့် လိုအပ်သည့် ပြန်လည်ထူထောင်နိုင်ရေး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ကိုယ့်ဒေသကိုယ်အဆင်ပြေစွာပြန်နိုင်ရေး ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ယာယီ နေရပ်စွန့်ခွာသူများအနေဖြင့် ဌာနအလိုက်ဆောင် ရွက်ပေးနေမှုများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သင့်တော်သည့်အချိန်ကာလတွင် နေရပ်ပြန်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူးက ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့်ပြန်ကြားရေး လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆွေးနွေးချက်များကို အမျိုးသားအဆင့်ကော်မတီသို့ တင်ပြဆောင်ရွက်နိုင် ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် သတင်းနှင့်ပြန်ကြားရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်နေမှု များကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်