
IDP နှင့် ယာယီတိုက်ပွဲရှောင်များကို မူလနေရပ်ပြန်လည်ပို့ဆောင်နိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်သွားရန်လို
နေပြည်တော် ဩဂုတ် ၃
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီ ခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ပြည်နယ်အဆင့် ကော်မတီဝင် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီဥက္ကဋ္ဌက အမျိုးသားအဆင့် ကော်မတီ အနေဖြင့် ပြည်တွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေး လုပ်ငန်းစဉ်များကို ဝန်ကြီးဌာန အဆင့် လုပ်ငန်းကော်မတီ ၅ ရပ် အပြင် ပြည်နယ်အဆင့် ကော်မတီ များ ဖွဲ့စည်း၍ ထိရောက်မြန်ဆန် စွာ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါကြောင်း။
ကချင်ပြည်နယ်တွင် ကူညီ လှူဒါန်းငွေများဖြင့် မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်တို့တွင် ယာယီ တိုက်ပွဲရှောင်များ ပြန်လည်နေရာ ချထားရေးအတွက် နေအိမ် ၈၈ လုံး ဆောက်လုပ်ပြီး ၂၅ လုံး ပြုပြင် ပေးခဲ့ပါကြောင်း၊ မြစ်ကြီးနား၊ မိုးမောက်၊ မန်စီ၊ ပူတာအိုနှင့် ချီဖွေမြို့တို့တွင် စုစုပေါင်းနေအိမ် ၅၉၅ လုံး ဆောက်လုပ်ပြီးစီးခဲ့ ကြောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲနှင့် မြိုင်ကြီးငူဒေသ ရှိ စခန်းနှစ်ခု ပိတ်သိမ်းပြီး အိမ်ထောင်စု ၄၆၃ စုကို ပြန်လည် နေရာချထား ပေးနိုင်ခဲ့ကြောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် တွင် အိမ်ထောင်စု ၈၉၁ စုအတွက် ငွေကျပ် ၄၁၈ သန်းကျော် ထောက်ပံ့၍ နေရပ်သို့ ပြန်လည် ပို့ဆောင်လျက်ရှိပြီး ထပ်မံ၍ အိမ်ထောင်စု ၅၀၀ အတွက် ငွေကျပ် ၂၃၆ သန်းကျော် ထောက်ပံ့ပြီး ပြန်လည်ပို့ဆောင် ရန် စီစဉ်ထားရှိကြောင်း၊ ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အိမ်ထောင်စု ၃၂၃ စု၊ မင်းပြားမြို့နယ် ဖားပြို (ရခိုင်) ကျေးရွာမှ အိမ်ထောင်စု ၈၂ စု၊ ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး စခန်းမှ အိမ်ထောင်စု ၃၆၈ စုတို့ကို နေအိမ် များ ပြန်လည်တည်ဆောက်/ပြုပြင်၍ ရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ ကျေးရွာအဝင်လမ်း ပြုပြင်ခြင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းနှင့် စာသင်ကျောင်း များ ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ရှမ်းပြည်နယ် နမ္မတူမြို့နယ် ပင်လုံနှင့် ချောင်းဆာကျေးရွာ အုပ်စုတို့မှ မီးလောင်ပျက်စီး သော နေအိမ် ၁၂၇ လုံးအတွက် သတ်မှတ် နှုန်းထားများအလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး မန်တုံမြို့နယ် မြို့မရပ်ကွက်ရှိ စခန်းနှစ်ခုအတွက် တန်ဖိုးနည်း နေအိမ် ၅၇ လုံး တည်ဆောက်ရန် မြေနေရာများ ဖော်ထုတ်ခြင်း၊ နေအိမ်ဆောက်လုပ်ခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်း၊ လျှပ်စစ်မီးသွယ် တန်းခြင်း၊ သောက်သုံးရေ ရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း။
၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ၁ နှစ်နှင့် ၃ လတာ ကာလအတွင်း အိမ်ထောင်စု ၈၈၆၂ စု၊ လူဦးရေ ၄၀၉၀၃ ဦးတို့ကို မူလနေရာများသို့ ပြန်လည် ပို့ဆောင်နေရာချထား ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်နယ် အဆင့် ကော်မတီများအနေဖြင့် IDP နှင့် ယာယီတိုက်ပွဲရှောင်စခန်းများ တွင် လိုအပ်သည့် ကွပ်ကဲကြပ်မတ် မှုများ ဆောင်ရွက်နိုင်ရေးအတွက် စခန်းအလိုက် ကြီးကြပ်ကွပ်ကဲ ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း။
လာမည့် ပွင့်လင်းရာသီတွင် IDP နှင့် ယာယီတိုက်ပွဲရှောင်များကို မူလ နေရပ်ပြန်လည်ပို့ဆောင် နိုင်ရေး အားသွန်ခွန်စိုက်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ချက်များကို လုပ်ငန်း ကော်မတီအသီးသီးနှင့် ပါဝင်ကြ သည့် ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ညှိနှိုင်း၍ အကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ပြည်တွင်း နေရပ်စွန့်ခွာသူ များအား မူလနေရပ်ဒေသများသို့ ပြန်လည် ပို့ဆောင်နေရာချထား နိုင်ရန်အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် ချမှတ်ထားသည့် မူဝါဒများ၊ အမျိုးသားအဆင့် မဟာဗျူဟာများ၊ နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များ၏ ကူညီပံ့ပိုးမှုများကို စနစ်တကျ စီမံခန့်ခွဲ အသုံးပြုရန်၊ လုပ်ငန်းကော်မတီများ၊ ပြည်နယ် အဆင့် ကော်မတီများအားလုံး အချိတ်အဆက် မိမိနှင့် ဟန်ချက် ညီညီ ထိရောက်ပီပြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်ပေးကြ စေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမျိုးသား အဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က နေရပ် စွန့်ခွာသူများအတွက် ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေး နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေ၊ IDP Camp များနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် အချက်အလက် ကောက်ယူခြင်း နှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးမှု အခြေအနေ၊ ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် လတ်တလော ဆောင် ရွက်ပေးနေမှု အခြေအနေများနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွား မည့် အစီအမံများ၊ နေရပ်စွန့်ခွာ သူများနှင့် ဘေးသင့်ပြည်သူများ အတွက် လတ်တလော လိုအပ် သည်များကို ထောက်ပံ့ကူညီပေးမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ကော်မတီအတွင်းရေးမှူး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်း ထွန်းညိုက အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ လုပ်ငန်းကော်မတီ များနှင့် ပြည်နယ်အဆင့် ကော်မတီများအနေဖြင့် (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေး သို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ကော်မတီဝင် များ၊ လုပ်ငန်းကော်မတီဝင်များ၊ ပြည်နယ်အဆင့်ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးကြပြီး အမျိုးသား အဆင့် ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က အကြံပြု ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်