
အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပပို့ကုန်အဖြစ်တင်ပို့နိုင်သည့်ထုတ်ကုန်များကို ပို့ကုန်အဖြစ်ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်နိုင်
နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကောင်စီဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ် ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အစည်းအဝေးတွင် လူဦးရေအရ များပြားသည့်၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်သည့်၊ မွေးမြူရေး လုပ်ငန်းများနှင့် MSME ကုန်ထုတ်လုပ်ငန်းများတွင် အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များကို ဖိတ်ခေါ်၍ အစည်းအဝေး တက်ရောက်စေခြင်းဖြစ်ကြောင်း၊ ယခုတက်ရောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေတို့ ၏ စုစုပေါင်းလူဦးရေမှာ သန်း ၄၀ ကျော် (နိုင်ငံ လူဦးရေ၏ ၅ ပုံ ၄ ပုံ)ရှိပြီး စိုက်ပျိုးမြေအနေဖြင့်လည်း ဧကသန်းပေါင်း ၄၀ ကျော်ရှိခြင်းကြောင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် အဓိကကျသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်များဖြစ်ကြောင်း။
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး
အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်ရမည်
ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှုဖူလုံအောင် ဆောင်ရွက် ရေး၊ ပိုလျှံအောင်ထုတ်လုပ်၍ ပြည်ပပို့ကုန်တိုးမြှင့်ရေး နှင့် ပြည်ပသွင်းကုန်များအား အစားထိုးထုတ်လုပ် နိုင်ရေးဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း၌ ပြည်သူအများစု နေ့စဉ်သုံးစွဲ စားသုံးနေရသည့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များ ကို ပြည်တွင်းဖူလုံမှုကို ဦးစားပေး၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အများစုသုံးစွဲခြင်းမဟုတ်ဘဲ ပြည်ပ ပို့ကုန်အဖြစ် တင်ပို့နိုင်သည့် ထုတ်ကုန်များကိုမူ ပို့ကုန်အဖြစ် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်နိုင် ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် ထုတ်ကုန်များတင်ပို့ခြင်းနှင့် မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ တင်ပို့ရောင်းချခြင်းများ ရှိကြောင်း၊ မြေပေါ်မြေအောက် သဘာဝသယံဇာတ များထုတ်လုပ်ခြင်းကို နိုင်ငံ၏ရေရှည်အကျိုးစီးပွား ကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဂျီဒီပီမှာမိမိတို့ နိုင်ငံ၏ရေမြေသဘာဝ နှင့် တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့် နှိုင်းယှဉ်ပါက များစွာကွာခြားလျက် ရှိနေသေးကြောင်း၊ ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေ သူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင် အောင် ဆောင်ရွက်လိုစိတ်ရှိရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီ အောင် ဆောင်ရွက်ခြင်းနှင့် စွမ်းအားပြည့် စိုက်ပျိုး ခြင်းဆိုသည့် အချက်နှစ်ချက်ကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ သီးနှံအထွက်နှုန်းကို ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး စိုက်ပျိုးသီးနှံ အလိုက် လိုအပ်သည့် “မျိုး၊ မြေ၊ ရေ၊ နည်း” ဆိုသည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ လိုအပ်သည့် သဘာဝ မြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြုပြင်မှုများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေအားလုံး သီးထပ်စွမ်းအားပြည့် စိုက်ပျိုး နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်ခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ခြင်း၊ အလုပ်အကိုင်ဖန်တီးနိုင်စွမ်းတိုးတက်ခြင်း၊ ပြည်တွင်း ဖူလုံမှုရှိခြင်းနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး နိုင်ငံ့စီးပွားတိုးတက်လာမည် ဖြစ်ကြောင်း။
စနစ်တကျဖြင့် မွေးမြူဆောင်ရွက်
မွေးမြူရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အသား၊ ငါး၊ ဥ၊ နို့များနှင့် စားသောက်ကုန်များ နေ့စဉ်လိုအပ်ချက်များရှိ ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဒေသတွင်း ဖူလုံနေရုံဖြင့် ကျေနပ်နေခြင်းမရှိဘဲ တစ်နိုင်ငံလုံး ဖူလုံမှုရှိရေးအတွက် စဉ်းစားဆောင်ရွက် နေရန်လိုကြောင်း၊ အသား၊ ငါးများ ထုတ်လုပ်မှုနှင့် စားသုံးမှု ညီညွတ်မျှတမည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှု ကို ဖြစ်ပေါ်စေမည်မဟုတ်ကြောင်း၊ မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာမွေးမြူခြင်း များထက် စနစ်တကျဖြင့် မွေးမြူဆောင်ရွက်မည် ဆိုပါက ထုတ်လုပ်မှုများ တိုးတက်လာမည်ဖြစ် ကြောင်း၊ မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
ဝါစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ရန်လို
ဝတ်ရေးနှင့်ပတ်သက်၍ လိုအပ်သည့် အခြေခံ ကုန်ကြမ်းဖြစ်သည့် ဝါစိုက်ပျိုးမှုများမှာ ၂၀၁၆ ခုနှစ် မှစတင်၍ များစွာလျော့နည်းသွားကြောင်း၊ တစ်နိုင်ငံ လုံး ဝါလိုအပ်ချက်မှာ ပိဿာချိန် ၃၆၃ ဒသမ ၂၂ သန်း ဖြစ်ပြီး မိမိတို့နိုင်ငံ၏ဝါထွက်ရှိနှုန်းမှာ ၂၀၁ သန်းခန့် သာရှိကြောင်း၊ သတ်မှတ်ဝါအထွက်နှုန်းဖြစ်သည့် တစ်ဧကပိဿာချိန် ၇၀၀ တိုးတက်အောင် ဆောင် ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဝါလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံမှုများ ဖြစ်ပေါ်လာပါက ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးနိုင်သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအနေဖြင့် ဝါစိုက်ပျိုးမှုကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အထွက်နှုန်း ကောင်းပြီး အဆင့်မီသည့် ချည်များထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းများ ရရှိရေးဆောင်ရွက်ရန်လိုကြောင်း။
ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ထုတ်ကုန်ပစ္စည်း များကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်မည်၊ ပြည်တွင်းမှ ထုတ်လုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသနှင့် နယ်ပယ်အလိုက် ဆောင်ရွက်ထားရှိမှုများ၊ လိုအပ် ချက်များကို ကျယ်ပြန့်စွာဆွေးနွေးရန် လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ဒေသ အလိုက် မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံ၊ ဝါသီးနှံ၊ နှစ်ရှည်သီးနှံနှင့် အခြားသီးနှံများစိုက်ဧက အခြေ အနေ၊ ဒေသတွင်း ဆန်ဖူလုံမှု၊ လိုအပ်မှုနှင့် ပိုလျှံမှု၊ ဒေသတွင်း ဆီဖူလုံမှု၊ လိုအပ်မှုနှင့် ပိုလျှံမှု၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ၊ သီးထပ်တိုးချဲ့ စိုက်ပျိုးနိုင်ရေးဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေ၊ တစ်ဧကအထွက် နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ဆောင်ရွက်ထားရှိမှုများ၊ ဒေသခံတောင်သူများထံ သွင်းအားစုများ၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာများ ဖြန့်ဖြူးပေးနေမှု၊ သားငါးထုတ်လုပ်မှု၊ လိုအပ်မှုနှင့်ပိုလျှံမှု၊ ဒေသအလိုက် စားရေရိက္ခာ ဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုနှင့် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။
တစ်ပိုင်တစ်နိုင် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဖြည့်စွက်မှာကြားရာ၌ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်းလေးမျိုးစလုံး ပြည့်စုံစွာဖြင့် ဆောင်ရွက်နိုင်မှသာ အထွက်နှုန်းများ တိုးတက်မည်ဖြစ်ကြောင်း၊ သီးနှံများထုတ်လုပ်ရာ တွင် ပြည်တွင်းဈေးကွက်နှင့် ပြည်ပဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် အရည် အသွေးကောင်းမွန်မှုရှိစေရန် ထုတ်လုပ်ရမည်ဖြစ် ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကိုလည်း ခေတ်မီ နည်း စနစ်များအသုံးပြု၍ ဆောင်ရွက်ကြမည်ဆိုပါက ဒေသအလိုက် အသား၊ ငါးနှင့် ဥ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ လယ်ယာမြေ များ၌ သတ်မှတ်ထားသည့် သီးနှံများစိုက်ပျိုးရေးနှင့် အခြားနည်းများဖြင့် သုံးစွဲမှုမရှိစေရေး တာဝန်ရှိသူ များအနေဖြင့် ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက် နေရန်လိုကြောင်း၊ စိုက်ပျိုးရေနှင့် ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစီအစဉ်ဖြင့် ထိရောက်အကျိုးရှိသည့် တစ်ပိုင်တစ်နိုင် မြစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝ သစ်စိမ်းမြေဩဇာဖြစ်သည့် ပိုက်ဆံလျှော်စိုက်ပျိုး၍ မြေပြုပြင်ခြင်းကို ဆောင်ရွက်ရာ၌ အလားအလာ ကောင်းသည်ကို တွေ့ရကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုး ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူး၊ ပိုက်ဆံလျှော် နှင့် သဘာဝမြေဩဇာများ ပေါင်းစပ်အသုံးပြုပါကရရှိနိုင်မည့်အကျိုးကျေးဇူး၊ ပိုမိုထိရောက်စေရေး ထပ်မံဖြည့်ဆည်းပေးရမည့်ပစ္စည်းများနှင့် ဒေသ အလိုက် စိုက်ပျိုးပါကရရှိနိုင်သည့် အကျိုး ကျေးဇူးများကို သက်ဆိုင်ရာဝန်ကြီးဌာနက သုတေ သနပြု ဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးများက စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေ ဩဇာများရရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရေး အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးထားမှု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရာသီအလိုက် ချေးငွေများထုတ်ချေးပေး လျက်ရှိမှု၊ သီးနှံများစိုက်ပျိုးလျက်ရှိမှု၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးလျက်ရှိမှု၊ ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များအတွက် ပြည်ပ ဈေးကွက်ရရှိနိုင်မှု၊ တပ်မတော်မှ တပ်ပိုင်နှင့်တစ်ပိုင် တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုနှင့် စိုက်ပျိုးမြေများကို အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာ တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတကာ၌ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေသည့် အနေအထားများ၊ ၎င်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုတိုးတက် လာအောင် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ မြေယာဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ် ချက်များကို ဆွေးနွေးပြောကြားပြီး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လယ်ယာကဏ္ဍကြီးကို အခြေခံ ပြီး စက်မှုလုပ်ငန်းသို့သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် သမဝါယမစနစ်ကို ကျင့်သုံးပြီး အစုအဖွဲ့များဖြင့် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စုပေါင်းဆောင်ရွက် သည့် အလေ့အကျင့်ကောင်းများရရှိအောင် ဆောင် ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တောင်သူ လယ်သမားများ၏ အကျိုးကို ဖော်ဆောင်ပေးရန်လို ကြောင်း၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေး လယ်ယာ ကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ စသည့် ကဏ္ဍ သုံးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရ ကြောင်း၊ ထိုအထဲမှ လယ်ယာကဏ္ဍကြီးသည် အဓိက ကျသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန် များကို အခြေခံ၍ MSME လုပ်ငန်းများကို ဆောင်ရွက် ပြီး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးမြေများကို ဧကကွက်များဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက စက်မှု လယ်ယာအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့နည်းပြီး အထွက် နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ မှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို ဒေသတွင်း၌ လိုအပ်ချက်ရှိသည့်နိုင်ငံများသို့ တင်ပို့ နိုင်ကြောင်း၊ ထို့ကြောင့် လိုအပ်ချက်ရှိသည့် သီးနှံ ထွက်ကုန်များကို စိုက်ပျိုးရေးသုတေသန၊ ဈေးကွက် သုတေသနများပြုလုပ်၍ စိုက်ပျိုးပြီး တင်ပို့ ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်း၌ အဓိက လိုအပ်သည့်သီးနှံများ၊ ပြည်ပတင်ပို့မှုအတွက် အဓိက လိုအပ်သည့်သီးနှံများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အခြေခံသည့် ထွက်ကုန်များကိုအသုံးပြု ၍ MSME ကုန်ထုတ်လုပ်ငန်းများကို တိုးတက် အောင် အလေးထားဆောင်ရွက်ပြီး ကုန်ထုတ် စွမ်းအားများမြှင့်တင်ရေး ကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ည ၇ နာရီအချိန်တွင် ရပ်နားလိုက်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်