
နေပြည်တော် မတ် ၄
ပြည်တွင်း၌ စားသုံးဆီ ဖူလုံမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကို ယနေ့ ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ပမှ စားသုံးဆီတင်သွင်းခြင်း လျှော့ချနိုင်ရေး
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြည်တွင်းစားသုံးဆီသုံးစွဲမှု နှုန်း များပြားနေသည့်အတွက် နှစ်စဉ်ပြည်ပမှ စားသုံးဆီအများအပြား တင်သွင်းနေရပြီး ကျန်းမာ ရေးရှုထောင့်အရ ပြည်သူများ ဆီစားသုံးမှုလျှော့ချ စေရေး၊ ပြည်တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေး၊ ပြည်တွင်း၌ ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာစေရေး၊ ဆီစက်လုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆီထွက်သီးနှံ ကဏ္ဍမှ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain)တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စားသုံးဆီတင်သွင်းခြင်းမှ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာစေရေးတို့အတွက် ရည်ရွယ်ပြီး ယခုဘဏ္ဍာနှစ် Mini Budget မှ စတင်၍ ပြည်ပမှ စားသုံးဆီတင်သွင်းခြင်းကို လျှော့ချနိုင်ရေးအတွက် အကန့်အသတ်ဖြင့် တင်သွင်းခြင်းကိုဆောင်ရွက် ခဲ့ပါကြောင်း။
ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင် ယခင်ဘဏ္ဍာနှစ် များက ဈေးနှုန်းတည်ငြိမ်ခဲ့သော်လည်း ကမ္ဘာ့တစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်ခဲ့ သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်၍ ကမ္ဘာ့ စားအုန်းဆီဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည် ကို တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် “စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ” ကို ဖွဲ့စည်း၍ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဈေးကွက်အတွင်း မသမာမှုဆောင်ရွက်နေခြင်းများကို အရေးယူဆောင် ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ပြည်တွင်း ဈေးကွက်လိုအပ်ချက် ဖြည့်ဆည်း
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူ များက ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဝယ်လိုအားနှင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိသည့် အခြေအနေ များ၊ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် မတ်လအတွင်း စားအုန်းဆီ သင်္ဘောများဝင်ရောက်မည့် အခြေအနေများ၊ ပြည်ပ ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုများနှင့်အညီ ပြည်တွင်း ဈေးနှုန်းကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း ဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်နေမှု၊ ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ကော်မတီဝင်များ၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်