
ပြည်ထောင်စုသားတစ်ဦး
ယခုရက်ပိုင်းအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးလျက်ရှိရာ လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/ KNLA-PC)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA-မိုင်းလား)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့နှင့်လည်း ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်
မြန်မာနိုင်ငံတွင် နှစ်ပေါင်းရှည်ကြာလာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် ချုပ်ငြိမ်းရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရအဆက် ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာတွင် အောင်မြင်မှု အချို့ရရှိခဲ့သော်လည်း ရည်မှန်းချက်ပန်းတိုင်ကိုမူ အပြီးတိုင် အရောက်မလှမ်းနိုင်ခဲ့သည်ကို တွေ့မြင်ရ မည် ဖြစ်ပေသည်။
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်မူ ငြိမ်းချမ်းရေးကို မရ ရအောင် ဆောင်ရွက်မည်ဆိုသည့် သန္နိဋ္ဌာန်ဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဧပြီ ၂၂ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မည်သည့်ကန့်သတ်ချက်မျှ မထားဘဲ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။
တစ်ဆက်တည်းမှာပင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သို့ ရောက်ရှိလာခြင်းမရှိသေးသည့် NCA လက်မှတ် ရေးထိုးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း တိုင်းပြည် အကျိုး၊ ဒေသအကျိုးကို မြင်အောင်ကြည့်စေလိုပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ယခု ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ထပ်မံ ဖိတ်ခေါ်လျက်ရှိသည်။
ကံတူအကျိုးပေးနိုင်ငံများ
တကယ်တော့ မြန်မာနိုင်ငံအပါအဝင် ဒေသ တွင်း အရှေ့တောင်အာရှနိုင်ငံအများစုသည် ကံတူ အကျိုးပေးနိုင်ငံများဟု ဆိုရမည်။ ဒေသတွင်းနိုင်ငံ အားလုံးနီးနီးသည် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း တွင် ပြင်သစ်၊ အင်္ဂလိပ်၊ ဒတ်ချ် ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ကြသော်လည်း ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ဆယ်စု နှစ်များစွာ ရုန်းကန်ခဲ့ကြရသည်။ အဆိုးရွားဆုံး ပြဿနာတစ်ရပ်ကတော့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟုဆိုသည့် ပြည်တွင်းစစ်ပင်။
အထူးသဖြင့် ယခင်က ပြင်သစ်လက်အောက်ခံ ဖြစ်ခဲ့ကြသည့် ဗီယက်နမ်၊ ကမ်ပူးချား (ယခု ကမ္ဘော ဒီးယား)နှင့် လော(ယခု လာအို) နိုင်ငံတို့၏ အင်ဒို ချိုင်းနားဒေသသည် စစ်ဘေးဒဏ်ကို အခံရဆုံးဖြစ်ခဲ့ သည်။ အင်ဒိုချိုင်းနားဒေသသည် နိုင်ငံကြီးများ၏ ဝင်ရောက်စွက်ဖက်မှုများကြောင့် ဆယ်စုနှစ်များစွာ စစ်ပွဲများနှင့်သာ နပန်းလုံးနေခဲ့ကြရ၍ ၁၉၇၀ ကျော်၊ ၈၀ ကျော်လွန်နှစ်များက မငြိမ်းချမ်းသော အင်ဒိုချိုင်းနားဟုပင် ကမ္ဘာတွင် ထင်ရှားခဲ့ပါသည်။
နိုင်ငံကြီးများ၏ ဝင်ရောက်စွက်ဖက်မှု
ဗီယက်နမ်စစ်ပွဲအရှိန်အဟုန် မြင့်မားချိန်တွင် “မြောက်ဗီယက်နမ်တပ်တွေဟာ ကမ်ပူးချားနယ်မြေ ကိုအသုံးပြုပြီး ထောက်ပံ့ပစ္စည်းတွေ ပေးပို့နေတယ်။ ဒီအတွက် ကမ်ပူးချားနိုင်ငံအတွင်းရှိ ဗီယက်နမ် အခြေစိုက်စခန်းအချို့ကို ရှင်းလင်းချေမှုန်းရမယ်” ဆိုသည့် အကြောင်းပြချက်ဖြင့် ၁၉၆၉ ခုနှစ်တွင် အမေရိကန်က ကမ်ပူးချားနိုင်ငံကို အပြင်းအထန် ဗုံးကြဲပြီး ၁၉၇၀ ပြည့်နှစ်တွင် အမေရိကန်တပ်များက ကျူးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
တကယ်တော့ ထိုစဉ်က ကမ်ပူးချားနိုင်ငံအပေါ် နိုင်ငံကြီးများ၏ ဝင်ရောက်စွက်ဖက်မှုများသည် အမျိုးသားစည်းလုံးညီညွတ်ရေး ပျက်ပြားရာကနေ အညှီရှိ၍ ယင်အုံလာကြခြင်းပင်ဖြစ်သည်။ မင်းသား ကြီး သီဟာနု၊ မာရှယ်လုံနိုး၊ ခမာနီပိုပေါ့တို့၏ ပုဂ္ဂိုလ် စွဲ၊ ဝါဒစွဲ အားပြိုင်မှုများမှတစ်ဆင့် ကမ်ပူးချား-ဗီယက်နမ်ပဋိပက္ခ၊ ၁၉၇၈-၇၉ ခုနှစ်တွင် ကမ်ပူး ချား-ဗီယက်နမ်စစ်ပွဲနှင့် ဗီယက်နမ်တို့၏ ကျူးကျော် ဝင်ရောက်မှု၊ ထိုမှ ဗီယက်နမ်- တရုတ်နယ်စပ် ပဋိပက္ခများပေါ်ပေါက်လာပြီး ကမ်ပူးချားပြည်သူ များသည် ဆယ်စုနှစ်များစွာ ဒုက္ခပင်လယ်ဝေခဲ့ကြ ရသည်။
ခမာနီအစိုးရလက်ထက်တွင် မြို့နေလူတန်းစား များအားလုံးကို ကျေးလက်တောရွာများသို့ အတင်း ပြောင်းရွှေ့နေထိုင်စေခြင်း၊ အသိပညာရှင်များနှင့် အတိုက်အခံအားလုံးကို နှိပ်ကွပ်ခြင်း၊ စာသင်ကျောင်း များကို ပိတ်ပင်ခြင်း၊ ငွေကြေးစနစ် ဖျက်သိမ်းခြင်း များ ပြုလုပ်ပြီး လူနေမှုစနစ်သစ်ထူထောင်ရေးကို ကြိုးပမ်းခဲ့မှုများအပါအဝင် ပြည်တွင်းစစ်ဒဏ်ကို မခံနိုင်သော ပြည်သူလူထုများသည် ဒုက္ခကြီးစွာဖြင့် ထိုင်းနိုင်ငံနယ်စပ်အတွင်းသို့ ပြေးဝင်ခိုလှုံခဲ့ကြရသည်။
အင်ဒိုချိုင်းနား ဒုက္ခသည်များ ပြဿနာ
ကမ်ပူးချားဒုက္ခသည်များသာမက ဗီယက်နမ် နှင့် လောနိုင်ငံတို့မှ ဒုက္ခသည်များသည်လည်း စစ်ဘေးဒဏ်နှင့် ရိက္ခာရှားပါးမှုတို့ကြောင့် နီးစပ်ရာ နိုင်ငံများကို လွတ်ရာလွတ်ကြောင်း ထွက်ပြေးလာ ခဲ့ကြပြန်ရာ ထိုစဉ်က အင်ဒိုချိုင်းနားဒုက္ခသည်များပြဿနာသည် ဒေသတွင်း နိုင်ငံများကိုပါ ကျော်လွန် ၍ ကမ္ဘာ့အရေးအထိဖြစ်ပေါ်လာခဲ့သည်။
အစုလိုက် အပြုံလိုက် ထွက်ပြေးခိုလှုံလာကြ သော သန်းနှင့်ချီသည့် အင်ဒိုချိုင်းနား ဒုက္ခသည်များ ကို အမေရိကန်၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ဩစတြေးလျ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံတို့က အချိုးကျလက်ခံခဲ့ကြသော်လည်း နောက်ပိုင်း ဝန်နှင့် အား မမျှတော့သည့်အခါတွင် နိုင်ငံအချို့က ဒုက္ခသည်များကို ပြန်လည်နှင်ထုတ်ခဲ့ရ သည့်ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်။
လာအိုပြည်တွင်းစစ်
ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ပြီး နောက် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြား တွင် မြေစာပင်ဖြစ်ခဲ့ရသည့် အရှေ့တောင်အာရှဒေသ တွင်းနိုင်ငံများထဲတွင် မြန်မာ၏အိမ်နီးချင်း လာအို နိုင်ငံသည်လည်း ထိပ်ဆုံးကပါဝင်ခဲ့သည်။
နိုင်ငံကြီး နှစ်နိုင်ငံ၏ ကျောထောက်နောက်ခံ အားပေးမှုဖြင့် လက်ဝဲ၊ လက်ယာအုပ်စုတို့ အားပြိုင် မှုများကြားတွင် ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းစစ်ဒဏ် အပြင် ဗီယက်နမ်စစ်ပွဲကာလအတွင်း၌ အမေရိကန် ၏ လေကြောင်းမှ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှု ကိုလည်း လာအိုပြည်သူများ ကျောကော့အောင်ခံခဲ့ ရရှာပြန်သည်။
၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန် တို့သည် လာအိုနိုင်ငံပေါ်ကို ဗုံးတန်ချိန် နှစ်သန်းခန့် ကြဲချခဲ့သည်ဟုဆိုသည်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တို့က ဥရောပနှင့် အာရှကိုကြဲချခဲ့သည့် စုစုပေါင်းဗုံးတန်ချိန် ၂ ဒသမ ၁ သန်းနှင့် နှိုင်းယှဉ် ကြည့်မည်ဆိုပါက လာအိုနိုင်ငံငယ်လေးသည် သမိုင်းတစ်လျှောက်တွင် နိုင်ငံ၏ လူဦးရေနှင့် မမျှအောင် ဗုံးအကြီးအကျယ်ကြဲချခံရဆုံး နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့သည်။ နယူးယောက်တိုင်းမ် သတင်း စာ၏ ဖော်ပြချက်အရ အမေရိကန်တို့၏ ဗုံးကြဲ တိုက်ခိုက်မှုသည် လာအိုပြည်သူတစ်ဦးကို ဗုံး တစ်တန်စာမျှနှုန်းဖြစ်သည်ဟု ဆိုသည်။ လာအို ပြည်သူတို့သည် ယခုလက်ရှိအချိန်အထိလည်း အမေရိကန်တို့၏ မပေါက်ကွဲသေးသော ဗုံးများ၊ ပဒေသာမိုင်းများ၏ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။
အင်ဒိုနီးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင်မှ
လက်နက်ကိုင် ပဋိပက္ခများ
ဒတ်ချ်တို့၏လက်အောက်က လွတ်လပ်ရေးရယူ ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသည်လည်း လွတ်လပ်ရေး ရပြီးချိန်မှစ၍ နိုင်ငံအတွင်းမငြိမ်မသက် ပုန်ကန်မှု များ၊ ခွဲထွက်ရေး လှုပ်ရှားမှုများကြားတွင် ရုန်းကန်ခဲ့ ရသည်။ ၁၉၆၀ ကျော်လွန်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့် ကွန်မြူနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ကွန်မြူနစ်များ၊ လက်ဝဲဝါဒီများဟု စွပ်စွဲခံရ သူပေါင်း ငါးသိန်းမှ တစ်သန်းကြား သတ်ဖြတ် သုတ်သင်ခြင်းခံခဲ့ကြရသည်။
အင်အားကြီးနိုင်ငံများ၏ ဝါဒရေးရာအားပြိုင်မှု များကြားတွင် ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် လည်း အခြားဒေသတွင်း နိုင်ငံငယ်များနည်းတူ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ ရသည်။
ထိုင်းနိုင်ငံသည် ၁၉၈၀ ကျော်လွန်နှစ်များ မတိုင်မီအထိ ထိုင်းကွန်မြူနစ်အုပ်စုများ၏ တော်လှန် ပုန်ကန်မှုများကို ရင်ဆိုင်ခဲ့ရပြီး ဖိလစ်ပိုင်နိုင်ငံသည် လည်း နိုင်ငံ၏ တောင်ပိုင်းဒေသများဖြစ်သည့် လူဇုံ၊ မင်ဒနာအိုဒေသများတွင် ကွန်မြူနစ်လိုလားသည့် ပြည်သူ့တပ်မတော်သစ်ဟုဆိုသည့် ပြောက်ကျား အဖွဲ့များ၏ လှုပ်ရှားမှုများသာမက သီးခြားနိုင်ငံ ထူထောင်ရန်အတွက် လက်နက်ကိုင်တော်လှန်နေ ကြသည့် မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး၏ လှုပ်ရှားမှုများနှင့်ပါ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
လက်ရှိကာလတွင်မူ ဒေသတွင်းအရှေ့တောင် အာရှနိုင်ငံအများစုသည် လွတ်လပ်ရေးရပြီးစ အခြေအနေမျိုးမဟုတ်တော့။ နိုင်ငံရေးအခက်အခဲ၊ အကျပ်အတည်းအချို့ ရှိကောင်းရှိနိုင်သော်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အိပ်မက်ဆိုးကမူ ကိုယ်စီ ကိုယ်စီ ရုန်းထွက်လာနိုင်ခဲ့ကြပြီဖြစ်သည်။
တစ်ချိန်က မငြိမ်းချမ်းသော အင်ဒိုချိုင်းနားဒေသ မှ ဗီယက်နမ်နိုင်ငံသည် မြန်မာနှင့် မရှေးမနှောင်း ဖွင့်လှစ်ခဲ့သော ဈေးကွက်စီးပွားရေးစနစ်အောက် တွင် အသားကျပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း များစွာဖြင့် ဖွံ့ဖြိုးတိုးတက်၍ လာခဲ့ပြီဖြစ်သည်။ အိမ်နီးချင်း လာအိုနိုင်ငံဆိုပါကလည်း ကျည်ဆန် ရထား၊ မြစ်ကူးတံတား၊ ဆည်မြောင်းတာတမံ၊ အဝေးပြေးလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းစပြုလာနိုင်ခဲ့ပြီဖြစ် သည်။ တစ်ချိန်က ကမ်ပူးချားပြဿနာဟု ကမ္ဘာ့စာနယ်ဇင်းမီဒီယာများထက်တွင် ရေပန်းစားခဲ့ပြီး ကမ်ပူးချား ဒုက္ခသည်များအရေးကို ဒေသတွင်းနိုင်ငံ များနှင့် ကမ္ဘာ့နိုင်ငံများက ပံ့ပိုးကူညီဆောင်ရွက်ပေး ခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံဆိုပါကလည်း လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်နှင့် မြန်မာ့အရေး အပါအဝင် ဒေသတွင်းနိုင်ငံများ၏ အရေးကို ဦးဆောင်ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ကျန်ဒေသ တွင်း နိုင်ငံအသီးသီးတို့သည်လည်း ပြည်တွင်းလက် နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီးဆုံးသွားခဲ့မှုနှင့်အတူ အပြိုင်းအရိုင်း ဖွံ့ဖြိုးတိုးတက်လာခဲ့ကြပြီဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ
ဒေသတွင်းနိုင်ငံများကြားတွင် အင်ဒိုနီးရှားပြီး လျှင် ဒုတိယအကြီးမားဆုံးနိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံကမူ လက်ရှိအချိန်အထိ ပြည်တွင်းလက်နက် ကိုင် ပဋိပက္ခကြားမှ ရုန်းမထွက်နိုင်ဖြစ်နေခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြစ်ပွားခဲ့သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ နာတာရှည်ရောဂါကြောင့်ပင် မြန်မာသည် ခွန်အားများဆုတ်ယုတ်ပြီး ဒေသတွင်း နိုင်ငံများကြားတွင် နောက်ကျကျန်ရစ်ခဲ့ရသည်။
ကံတူအကျိုးပေး ဒေသတွင်းနိုင်ငံများ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အခြေအနေ အရပ်ရပ်ကို နှိုင်းယှဉ်သုံးသပ်ကြည့်မည်ဆိုပါက ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြော ရေးတို့သည် သီးခြားဝိသေသ လက္ခဏာသဘော မဟုတ်ဘဲ အပြန်အလှန်အမှီသဟဲ အကျိုးပြုနေသည့် အညမညသဘောဆောင်သည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။
သို့ဖြင့် လာမည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခါသမယတွင် ပြည်ထောင်စု တစ်ဝန်း ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ လွတ်လပ် ရေး၏ အသီးအပွင့်များကို ပြည်ထောင်စုသား အားလုံး မျှဝေခံစားနိုင်ကြစေရေးတို့အတွက် လက်ရှိ ကျင်းပနေသည့် ငြိမ်းချမ်းရေးခရီးလမ်းကို အားလုံး အတူတကွ လျှောက်လှမ်းစေချင်ပါသည်။
မြန်မာနိုင်ငံသည် လက်ရှိအခြားဒေသတွင်းနိုင်ငံ များနည်းတူ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အိပ်မက်ဆိုးမှ နိုးထဖို့ အချိန်တန်ပါပြီ။ ။
- Log in to post comments