
မိမိတို့နိုင်ငံသည် ကုန်သွယ်မှုနှင့် ဘတ်ဂျက်လိုငွေများရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ များပြားအောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချရန်လိုကြောင်း၊ အထူးသဖြင့် ပြည်ပနိုင်ငံများမှ စားသုံးကုန်များတင်သွင်းနေရကြောင်း၊ ဥပမာအားဖြင့် စားသုံးဆီများအား ပြည်ပမှ ငွေကြေးသန်းပေါင်းများစွာဖြင့် တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများ ဖြစ်သည့် နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ ဆီအုန်းများကို စိုက်ပျိုးကြကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်းစိုက်ဧက ၃၉၁၀၀၀ ကျော် ခွင့်ပြုပေးထားကြောင်း၊ အဆိုပါစိုက်ဧကများအား အပြည့်အဝစိုက်ပျိုးနိုင်မည်ဆိုပါက ဆီတန်ချိန် ၄ ဒသမ ၅ သိန်းခန့်အထိ ထွက်ရှိနိုင်သည်ကို ပညာရှင်များ၏ တွက်ချက်မှုအရ သိရှိရကြောင်း၊ ဆီအုန်းမှဆီထွက်ရှိမှုသည် အခြားဆီထွက်သီးနှံများထက် များပြားသည်ကို တွေ့ရှိရသဖြင့် တနင်္သာရီ တိုင်းဒေသကြီးအား မိမိတို့နိုင်ငံ၏ဆီအိုးကြီးအဖြစ် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက ပြည်ပမှစားအုန်းဆီတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်နှင့် ပတ်သက်၍ နိုင်ငံခြားငွေရရှိရန် တရားဝင်လမ်းကြောင်းမှ ပြည်ပပို့ကုန်များတင်ပို့နိုင်ရေးကို အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
( နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၀-၈-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)