ပြည်တွင်းစက်သုံးဆီဖူလုံမှုအခြေအနေအရ စက်သုံးဆီများအား ပုံမှန်သုံးစွဲမှုပမာဏအတိုင်း ဝယ်ယူနိုင်ပြီး ကောလာဟလသတင်းများကြောင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်

 

နေပြည်တော်    ဒီဇင်ဘာ    ၇


သီလဝါဆိပ်ကမ်းဒေသကြီးရှိ Terminal များအပါအဝင် သာကေတနှင့် လှိုင်သာယာမြို့နယ်ရှိ Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် များသို့ နေ့ညမရွေး အဆက်မပြတ် သယ်ယူပို့ဆောင်ဖြန့်ဖြူးလျက်ရှိရာ ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီသယ်ယာဉ်(Bowser) ၁၈ဝဝ စီးကျော်ဖြင့် 92 Ron ဂါလန် (၉ သိန်း ၈ သောင်းကျော်)၊ 95 Ron ဂါလန် (၂ သိန်း ၄ သောင်းကျော်)၊ ဒီဇယ်ဆီဂါလန် (၆ သိန်း ၇ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် (၈ သိန်း ၁ သောင်းကျော်)အား ပို့ဆောင်ဖြန့်ဖြူးနိုင်ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်တွင်လည်း အဆိုပါ Terminal များမှ စက်သုံးဆီများအား ဆီတင်ယာဉ်များဖြင့် အဆက်မပြတ် ဖြည့်တင်းပို့ဆောင်ပေးလျက်ရှိရာ ယခင်ဖြန့်ဖြူးပေးနေမှုထက် 92 Ron ဂါလန် (၂ သိန်း ၂ သောင်းကျော်)၊ 95 Ron ဂါလန် (၁ သိန်း ၁ သောင်းကျော်)၊ ဒီဇယ်ဆီ ဂါလန် ( ၁ သိန်း ၂ သောင်းကျော်)၊ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂ သိန်း ၃ သောင်းကျော်) ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ သော်လည်း အများပြည်သူများအနေဖြင့် ကောလာဟလသတင်းများကြောင့် စိုးရိမ် ပူပန်မှုများဖြစ်ပေါ်ပြီး ယခင်ထက်ပိုမိုများပြားစွာ  ဝယ်ယူနေကြသဖြင့်   ဖြည့်တင်းပေးနိုင်မှုစွမ်းအားထက်   ကျော်လွန်သည့် စက်သုံးဆီအရောင်းဆိုင်အချို့ရှိ စက်သုံးဆီအမျိုးအစားအချို့မှာ ဆီသယ်ယာဉ်မရောက်ရှိမီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းထားရသော်လည်း ပြည်တွင်းစက်သုံးဆီလက်ကျန် အခြေအနေအရလည်းကောင်း၊ ဆီတင်သင်္ဘောများ ပြည်ပမှရောက်ရှိဆိုက်ကပ်ထားမှုအခြေအနေအရလည်းကောင်း၊ Terminal များ၏ ဖြန့်ဖြူးပေးနိုင်မှုစွမ်းအားအရလည်းကောင်း စက်သုံးဆီပြတ်လပ်မှုမရှိနိုင်ပါကြောင်းနှင့် အများပြည်သူ အနေဖြင့် စိုးရိမ်ကြောင့်ကြကင်းစွာဖြင့် ပုံမှန်သုံးစွဲမှုပမာဏအတိုင်း စဉ်ဆက်မပြတ် စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ပြီး မိမိတို့လိုအပ်သည်ထက် ပိုမိုဝယ်ယူရန်မလိုအပ်ပါကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်