
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြစ်သည့် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက်လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန်အတွက် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်အတွက် ဆီကြိတ်ခွဲမှုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း ၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ က “ဆွေးနွေးပွဲ မကျင်းပမီ ဧပြီ ၅ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှာ ဆီထွက်သီးနှံ တိုးမြှင့် ထုတ်လုပ်ရေးနဲ့ ပတ်သက်တဲ့ အစည်း အဝေး ကျင်းပခဲ့ပါတယ်။ အဲဒီအစည်း အဝေးဆုံးဖြတ်ချက်တွေကို နိုင်ငံတော် အကြီးအကဲဆီကို တင်ပြပြီး အတည်ပြု ချက် ရယူခဲ့ပါတယ်။ ဒီလိုအတည်ပြုချက် ရယူခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ဆီ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးကို တာဝန်ယူ ဆောင်ရွက်ဖို့နဲ့ ဆီစက်ကဏ္ဍဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ ချမှတ်ကာ လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန် ရေး စက်မှုဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ပုဂ္ဂလိက ဆီစက်လုပ်ငန်း တွေကို မှတ်ပုံတင်ပေးတာ၊ ဆီစက် လုပ်ငန်းအပါအဝင် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကဆောင်ရွက်နေတဲ့ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနက ဒီတာဝန်တွေ ဆောင်ရွက်ဖို့ တာဝန် ရှိလာတဲ့အတွက် အလုပ်ရုံဆွေးနွေးပွဲမှာ မူဝါဒတွေ၊ ရှေ့ဆက်ဆောင်ရွက်ရမယ့် ညွှန်ကြားချက်တွေ ထုတ်ပြန်နိုင်ဖို့ ဒီပွဲမှာ အဓိကနေရာကနေ ပါဝင်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်” ဟု ပြောသည်။
အပိုင်း (၄) ခု ဆွေးနွေး
ပြည်တွင်းစားသုံးဆီ ဖူလုံစေရန် ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်တွင်းဆီစက် များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်နိုင် ရေးအတွက် အထောက်အကူဖြစ်စေမည့် ပြည်တွင်း ဆီကြိတ်စက်များအတွက် ကုန်ကြမ်းသီးနှံများ စဉ်ဆက်မပြတ်ရရှိ စေရေး၊ လိုအပ်သော ဆီ(တန်ချိန်)များ အား ပြည်တွင်းဆီစက်များမှ ကြိတ်ခွဲ ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းဆီစက်များ မှ ထွက်ရှိလာသော စားသုံးဆီကုန်ချော များ ဈေးကွက်စဉ်ဆက်မပြတ်ရရှိရေးနှင့် ဆီကြိတ်ဖတ်များအား မွေးမြူရေးအစားအစာထုတ်လုပ်မှုကဏ္ဍသို့ အပြည့်အဝ ရောင်းချနိုင်ရေး စသည့်ကဏ္ဍ(၄)ခု အပေါ် အခြေခံ၍ အပိုင်း (၄) ခုကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် Action Plan ရေးဆွဲ နိုင်ရေးအတွက် ဆွေးနွေးခဲ့သည့်အကြောင်း အရာများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေး မှူးချုပ် ဦးသိန်းဆွေက “ ဆီထွက်သီးနှံ စိုက်ပျိုးမယ့် တောင်သူကနေစပြီး စားသုံး တဲ့ ပြည်သူတွေဆီ ရောက်တဲ့အခြေအနေ အထိနဲ့ ဘေးထွက်ဆီကြိတ်ဖတ်တွေကို မွေးမြူရေးအစာအဖြစ် အပြည့်အဝပေး သွင်းနိုင်ရေးကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့ အတွက် Supply Chain တစ်ခုလုံးမှာရှိတဲ့ အဓိကအကြောင်းအရာတွေကို ဖော်ထုတ် ပြီး ဆွေးနွေးပွဲမှာ Action Plan တွေရေးဆွဲ နိုင်ဖို့ ဆွေးနွေးဖော်ထုတ်မှာ ဖြစ်ပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ အဓိကအကြောင်းအရာ လေးခုရှိပါတယ်။ ပထမအချက်အနေနဲ့ ဆီစက်တွေ စဉ်ဆက်မပြတ် လည်ပတ် ကြိတ်ခွဲနိုင်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းသီးနှံ တွေရရှိနိုင်ဖို့ စိုက်ပျိုးရေးကဏ္ဍက ဘယ်လိုပြည့်ပြည့်ဝဝစိုက်ပျိုးပြီး ကုန်ကြမ်း ရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးခဲ့ပါတယ်။ နံပါတ်နှစ်အကြောင်းအရာက ကုန်ကြမ်း ဆီထွက်သီးနှံတွေရရှိပြီဆိုရင် ကြိတ်ခွဲဖို့ အတွက် ပြည်တွင်းမှာရှိတဲ့ မှတ်ပုံတင် ထားတဲ့ ဆီစက်လုပ်ငန်းပေါင်း ၃၂၆၂ ရုံ ရှိပါတယ်။ ဒီရုံတွေထဲကနေ အကြောင်း အမျိုးမျိုးကြောင့် ဆီစက်လုပ်ငန်း ၄၀၀ ကျော်က ရပ်နားထားတာရှိပါတယ်။ အမှန် တကယ် လည်ပတ်နေတာက စက်ရုံပေါင်း ၂၈၀၀ ကျော်ရှိပါတယ်။ ရပ်နားထားတဲ့ စက်ရုံတွေရော၊ လည်ပတ်နေတဲ့ စက်ရုံ တွေရော အပြည့်အဝကြိတ်ခွဲမယ်ဆိုရင် လိုအပ်တဲ့ ဆီထွက်သီးနှံကုန်ကြမ်း ဘယ်လောက် လိုအပ်မယ်။ ဆီထွက်သီးနှံ ကိုလည်း ရာသီကာလ သုံးခုအလိုက် စိုက်ပျိုးရတဲ့အခါမှာ ရာသီကာလအလိုက် ထွက်ပေါ်လာတဲ့ ဆီထွက်သီးနှံတွေကို ဆီစက်တွေက ဘယ်လောက်လိုအပ်မယ် ဆိုတာကို ဖော်ထုတ်ပြီး ကြိတ်ခွဲရင် သူတို့ အတွက် ဘာတွေအခက်အခဲရှိမယ်။ ကြိတ်ခွဲပြီးရင် လိုချင်တဲ့ ပြည်တွင်းစားသုံး ဆီ ဖူလုံနိုင်ရေးအတွက် အပြည့်အဝ ရနိုင်မှု ရှိ၊ မရှိ စတဲ့ ဆီကြိတ်ခွဲထုတ်လုပ်မှု ကဏ္ဍနဲ့ ပတ်သက်ပြီး အသေးစိတ် ဖော်ထုတ်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု ပြောသည်။
“တတိယအချက်အနေနဲ့ ဆီစက်တွေ က ကြိတ်ခွဲလို့ရရှိလာတဲ့ ပြည်တွင်းက ထုတ်လုပ်တဲ့ စားသုံးဆီတွေကို ဈေးကွက် မှာ တင်ပို့ရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်ဖို့က အင်မတန်အရေးကြီးပါတယ်။ ဆီစက်တွေ က ကြိတ်ခွဲထုတ်လုပ်လိုက်တဲ့ ကုန်ချော ဖြစ်တဲ့ စားသုံးဆီတွေကို ဈေးကွက်မှာ ခိုင်ခိုင်မာမာ ရောင်းချနိုင်မှသာ ရေရှည် တည်တံ့ပြီး နိုင်ငံတော်က လိုလားချက် ဖြစ်တဲ့ ပြည်တွင်းစားသုံးဆီ တစ်နှစ်ပတ် လုံး ဖူလုံနိုင်ရေးဖြစ်ပေါ်လာမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ပြည်တွင်းစားသုံးဆီကို ဈေးကွက် ခိုင်ခိုင်မာမာရရှိနိုင်ရေးအတွက် ဆောင်ရွက်ကြမယ့် လုပ်ငန်းစဉ်အသေး စိတ်ကို ဖော်ထုတ်ဆွေးနွေးခဲ့ပါတယ်။ စတုတ္ထအချက်အနေနဲ့ ဆီစက်တွေ ဆီကြိတ်လို့ ထွက်ပေါ်လာတဲ့ ဘေးထွက် ဆီကြိတ်ဖတ်တွေကို မွေးမြူရေးကဏ္ဍမှာ ရှိတဲ့ မွေးမြူရေးအစားအစာ ထုတ်လုပ်ဖို့ အတွက် မွေးမြူရေးအစားအစာ လိုအပ် ချက်ကို ပြည့်မီစွာပေးအပ်နိုင်ရေး ဖော်ထုတ် ရမယ့် အကြောင်းအရာတစ်ခုကို ဆွေးနွေး ခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြား သည်။
ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး
ပြည်တွင်း ဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့် ထုတ်လုပ်နိုင်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆီထွက် သီးနှံများ စိုက်ပျိုးထုတ်လုပ်ကြိတ်ခွဲကာ ကုန်ချောဖြစ်သည့် ပြည်တွင်းစားသုံးဆီ များ ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်ရေး စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန များက နယ်မြေဒေသများသို့ ကွင်းဆင်း ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုး တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး၍ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“အကြောင်းအရာလေးခုကို ဆွေးနွေး ခဲ့ရာမှာ ပထမအချက်အနေနဲ့ စိုက်ပျိုးဖို့ အတွက် လိုအပ်တဲ့ ဆီထွက်သီးနှံ ကုန်ကြမ်းတွေကို ဘယ်လိုအပြည့်အဝ စိုက်မယ်ဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အသေး စိတ်တင်ပြ ဆွေးနွေးတာတွေရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ဇုန် (၇) ဇုန်နဲ့ အထူး စိုက်ပျိုးမယ့်ကိစ္စ၊ ဇုန်ပြင်ပမှာ စိုက်ပျိုး မယ့်ကိစ္စ၊ မျိုးစေ့ရဖို့ကိစ္စ၊ သွင်းအားစုတွေ ရရှိဖို့ကိစ္စ၊ စိုက်ပျိုးဖို့ ရေရရှိရေးကိစ္စ၊ ထွက်ပေါ်လာတဲ့ ကုန်ကြမ်းသီးနှံတွေကို တောင်သူတွေက စိုက်စရိတ်အတွက် လုံလုံလောက်လောက်နဲ့ Cover ဖြစ်ပြီး ရောင်းချနိုင်မယ့် ဈေးနှုန်းတွေနဲ့ပတ်သက် ပြီး အသေးစိတ် ဆွေးနွေးဖော်ထုတ်ရရှိခဲ့ ပါတယ်။ ဒုတိယအချက်အနေနဲ့ ဆီစက်တွေကနေဆီကြိတ်ခွဲထုတ်လုပ်ဖို့ ရာသီ အလိုက်ပေါ်ပေါက်လာတဲ့ ဆီထွက်သီးနှံ တွေကို ရာသီအလိုက် ဇုန် (၇) ဇုန်မှာ ဘယ်စက်တွေက ဘယ်လိုလည်ပတ်ကြ မယ်၊ ရာသီအလိုက်သီးနှံတွေက ဘယ်လို လိုအပ်ချက်ရှိပြီး ဘယ်လိုဖြည့်ဆည်း ရမယ်။ ဇုန်အလိုက် ထွက်ပေါ်လာတဲ့ ဆီထွက်သီးနှံတွေကို ဇုန်အလိုက်မှာရှိတဲ့ ဆီစက်တွေက ကြိတ်ခွဲနိုင်ဖို့အတွက် လုံလောက်တာရှိသလို မလုံလောက်တာ လည်း ရှိမယ်၊ မလုံလောက်လို့ရှိရင် လုံလောက်တဲ့နေရာကနေ ထွက်ပေါ်လာ တဲ့ အထူးဇုန်က ဘယ်လိုသီးနှံတွေကို ဘယ်လိုဖြန့်ဝေပေးမလဲဆိုတာ ဖော်ထုတ် ချက်တွေ ရရှိခဲ့ပါတယ်”ဟု ဆွေးနွေးပွဲ ရလဒ်နှင့် စပ်လျဉ်း၍ ၎င်းက ဆက်လက် ပြောကြားသည်။
ဝင်ငွေများ တိုးတက်ရရှိမည်
ပြည်တွင်းက ထွက်ရှိသည့် ဆီထွက် သီးနှံကုန်ကြမ်းများကို အပြည့်အဝ အသုံးချပြီး စားသုံးဆီဖူလုံနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ကြ မည့် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း စားသုံးဆီဖူလုံနိုင်ရေး အပြည့်အဝရရှိရုံ သာမက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ ဝင်ငွေများ တိုးတက်ရရှိမည်ဖြစ် ကြောင်း၊ ဝင်ငွေတိုးတက်ရရှိလာပါက လူမှုစီးပွားဘဝ အဆင်ပြေမည်ဖြစ်ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးကိုလည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
“တတိယအချက်အနေနဲ့ ဈေးကွက် ခိုင်မာစွာရရှိရေးနဲ့ ပတ်သက်ပြီး စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြည်တွင်းစားအုန်းဆီ တင်သွင်းမှု နဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ လိုအပ်ချက် ပေါ် မူတည်ပြီး လျှော့ချတာနဲ့အမျှ ပြည်တွင်းက ထုတ်လုပ်တဲ့ စားသုံးဆီတွေ နဲ့ အစားထိုးမယ့် ကိစ္စ၊ FDA ကနေခွင့်ပြုတဲ့ ရောနှောဆီတွေကို ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းနဲ့ ရောနှောဖို့ကို ဘယ်လို ကြပ်မတ်မယ်။ ဈေးကွက်ခိုင်ခိုင်မာမာရရှိ ရေးနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို လည်း ဆွေးနွေးဖော်ထုတ်နိုင်ခဲ့ပါတယ်။ တက်ရောက်လာကြသူအားလုံးကလည်း အဓိကဆွေးနွေးကြတဲ့ အကြောင်းအရာ လေးခုအနက်က တတိယအချက်ဖြစ်တဲ့ ဈေးကွက်ခိုင်မာစွာ ရရှိနိုင်ရေးဟာ အရေး ကြီးတဲ့အချက်ဖြစ်တဲ့အတွက် ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါကြောင့် တတိယ အချက်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချက် အလက်တွေ တော်တော်များများကို ဖော်ထုတ်ရရှိခဲ့ပါတယ်။ နောက်ဆုံးအချက် ဖြစ်တဲ့ ဆီကြိတ်ဖတ်တွေကို မွေးမြူရေးအစားအစာထုတ်လုပ်ဖို့အတွက် မွေးမြူ ရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေက အစားအစာနဲ့ပတ်သက်ပြီး လိုအပ်ချက် တွေ၊ မွေးမြူရေးသမားတွေဆီကို ဖြန့်ဖြူး ပေးနိုင်မယ့်အနေအထားတွေ၊ ဆီကြိတ် ဖတ်မှာ ဆီကျန်များလို့ မွေးမြူရေးအစာ အဖြစ် သုံးနိုင်ခြင်း၊ မသုံးနိုင်ခြင်းတွေကို ဖော်ထုတ်ရရှိခဲ့ပါတယ်။ ပညာရှင်တွေက သုတေသနစာတမ်းတွေနဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြတဲ့အတွက် အဖိုးတန် တဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့ ပါတယ်”ဟု ပြောသည်။
ဆွေးနွေးပွဲတွင် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက် အကူဖြစ်စေမည့် ရလဒ်များ ဖော်ထုတ် ဆွေးနွေးနိုင်ခဲ့သည့်အတွက် Action Plan တစ်ခုချင်းကို လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံတော်အတွက် ပြည်တွင်းစားသုံးဆီ မလုံလောက်၍ နိုင်ငံခြားငွေအသုံးပြုပြီး ပြည်ပမှ တင်သွင်းနေရသည့် စားသုံးဆီ တင်သွင်းမှုကို လျှော့ချနိုင်မည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် ကျန်းမာ ရေးနှင့် ညီညွတ်သည့် FDA က ခွင့်ပြုထား သည့် အချိုးကျရောနှောဆီများကို ဈေးနှုန်း သင့်တင့်စွာဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ ပေးနိုင်မည်ဖြစ်သဖြင့် စားသုံးသူပြည်သူ များက ရောနှောဆီများကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆီကြိတ်ခွဲမှု တိုးမြှင့်ထုတ်လုပ်ရေး
ထို့ပြင် ပြည်တွင်းဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများဖြင့် ပြည်တွင်းလိုအပ်ချက် လုံလောက်စေရန် ဆီစက်များ၏ ဆီကြိတ်ခွဲမှု တိုးမြှင့် ထုတ်လုပ်နိုင်ရေးကို အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဆီထွက် သီးနှံစိုက်ခင်းမှသည် ကြိတ်စက်နှင့် ဈေးကွက်ဆီသို့တိုင်အောင် တန်ဖိုးမြှင့် ကွင်းဆက်တစ်လျှောက် လုပ်ငန်းအစီအမံ Action Plan များ ရေးဆွဲရာတွင် အထောက် အကူဖြစ်စေမည့်ရလဒ်များ ဖော်ထုတ် ဆွေးနွေးနိုင်ခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ ကြီးကြပ်၍ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး လိုအပ်သည့် ကူညီထောက်ပံ့ မှုများနှင့် အကာအကွယ်ပေးမှုများကို လက်တွေ့ကျကျ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး
ဓာတ်ပုံ-ကိုအေးသန်း