
နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်ထုအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်များ မြင့်မားလာစေရန်၊ စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတ များကြွယ်ဝပြီး မှန်ကန်သည့် အတွေးအခေါ်အယူအဆ များနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်လာစေရန်ဆိုသည့် ရည်ရွယ်ချက်ကောင်းများဖြင့် သုံးရက်တိုင်တိုင် ကျင်းပခဲ့သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကြီး သည် ယနေ့တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်လုံး၏ အားကိုး အားထားပြုရာ လူ့စွမ်းအားအရင်းအမြစ်များမှာ လူငယ်များပင်ဖြစ်ရာ ပွဲတော်သို့ လာရောက်လေ့လာ ကြသည့် လူငယ်လူရွယ်များ၏ အတွေ့အကြုံနှင့် ရင်တွင်းစကားသံများကို တွေ့ဆုံမေးမြန်း ဖော်ပြ အပ်ပါသည်။
မောင်ပိုင်သုခ(ဒုတိယနှစ်)
တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)
ဒီနေ့ လူငယ်နှင့်စာပေအနုပညာပွဲတော်က ပြခန်း တွေ တော်တော်များများကိုတော့ ကြည့်ပြီးခဲ့ပြီ။ အဲဒီထဲမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြခန်းနဲ့သိပ္ပံနှင့်နည်းပညာပြခန်း၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြခန်းတွေမှာ ကြည့်ခဲ့ရတာတွေကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဓိကကတော့ လူငယ်တွေ သိသင့် သိထိုက်တဲ့ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို သေသေချာချာလေး ရှင်းပြတဲ့အတွက် ဗဟုသုတရရှိ ခဲ့ပါတယ်။ အခုလိုမျိုး ပြပွဲတွေ ကျင်းပပေးတာ ဟာ လူငယ်တွေအတွက် အတွေ့အကြုံပိုရတယ်၊ တစ်ယောက်တည်း၊ တစ်နေရာချင်းသွားပြီး လေ့လာနေမယ့်အစား အခုလို ဝန်ကြီးဌာနတွေ၊ တက္ကသိုလ်တွေ၊ ကျောင်းတွေကနေ အကုန်လုံးစုစည်း ပေးထားတာ ဆိုတော့ ဗဟုသုတတွေ စုစည်းပေးထား သလိုမျိုး ဖြစ်နေတော့ တစ်နေရာတည်းမှာပဲ စုံစုံ လင်လင် သိလာရတော့ တော်တော်လေးကောင်းပါ တယ်။ နောက်ထပ် လူငယ်တွေအတွက် ပွဲတော်တွေ လုပ်ပေးတဲ့အခါကျရင် ပြည်တွင်းဗဟုသုတတွေ သာမက ပြည်ပမှာ လုပ်ဆောင်နေတဲ့၊ ဖြစ်ပေါ် တိုးတက်နေတဲ့အရာတွေ၊ နိုင်ငံတကာကနေ လေ့လာ ထားတဲ့ အတွေ့အကြုံဗဟုသုတနဲ့ ပညာရပ်တွေကို မျှဝေပေးတဲ့ အစီအစဉ်တွေ ထည့်ပေးနိုင်မယ် ဆိုရင် ကျွန်တော်တို့အတွက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမယ် လို့မြင်ပါတယ်။
မအေးစန္ဒာ(ဒုတိယနှစ်)
မြောင်းမြပညာရေး ဒီဂရီကောလိပ်
တိုင်းဒေသကြီးနဲ့ ပြည်နယ်အားကစားပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ရင်းနဲ့ သူငယ်ချင်း ၁၆ ဦးနဲ့ အတူတူ လူငယ်နှင့်စာပေအနုပညာပွဲတော်ကို လာပြီးလေ့လာတာပါ။ အားကစားပြိုင်ပွဲမှာလည်း သံလုံးပစ်ပြိုင်မှာပါ။ ဒီမှာ ပြခန်းတွေကို လေ့လာရင်းနဲ့ တွေ့ရတာကတော့ တော်တော်လေးကို စုံတယ်။ သိပ္ပံခန်းတွေ၊ အင်ဂျင်နီယာနည်းပညာပြခန်းတွေ၊ ရဲတပ်ဖွဲ့က ပြခန်းတွေ ကြည့်ခဲ့တယ်။ ပြည်ထဲရေး ဝန်ကြီးဌာန ပြခန်းမှာသွားကြည့်တော့ ဘိန်းပင်ကို ပထမဆုံး အပြင်မှာ မြင်ဖူးတာ၊ အရင်ကတော့ တီဗွီတွေထဲမှာပဲမြင်ခဲ့ဖူးတာပါ။ ကျွန်မတို့က ပညာ ရေးကဆိုတော့ ကလေးတွေကို ပြန်ပြီးသင်ပြတဲ့ အခါမှာ မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်ပြီး သေသေချာချာလေး ပြန်ပြောနိုင်အောင် လေ့လာခဲ့ ပါတယ်။
မောင်မျိုးသီဟအောင် (တတိယနှစ်)
အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)
လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ကျောင်း ကနေ လိုက်ပို့တဲ့အတွက် လာရောက်လေ့လာခဲ့တာ ပါ။ အားလုံးကျောင်းသားကျောင်းသူ ၆၀၀ ကျော် လောက်ရှိပါတယ်။ ကျွန်တော်က ပုံဆွဲရတာ ကြိုက်တော့ ပန်းချီဆွဲတာ သွားကြည့်ဖြစ်တယ်။ စာအုပ်ဖတ်ရတာလည်း ကြိုက်တော့ စာအုပ်တွေ ကြည့်ဖြစ်တယ်။ ကျွန်တော်တို့က Cyber နည်းပညာ ကဆိုတော့ သိပ္ပံနှင့်နည်းပညာပြခန်းမှာတော့ သေသေချာချာလေး သွားလေ့လာဖြစ်တယ်။ အခုလိုမျိုး လူငယ်တွေအတွက် ပြပွဲတွေ လုပ်ပေး တာ တော်တော်လေး အတွေ့အကြုံရတယ်။ နောက်ထပ်လုပ်ပေးတဲ့အခါကျရင် လူငယ်တွေ ကိုယ်တိုင်ပါလို့ရတဲ့ အစီအစဉ်တွေ ထည့်ပေးစေ ချင်တယ်။ ဥပမာ - ပန်းချီကိုယ်တိုင် ဆွဲရတာမျိုး၊ စောင်းဆိုရင် ကိုယ်တိုင်တီးကြည့်ရတာမျိုး အဲဒီလို ကိုယ်တိုင်ဝင်လုပ်လို့ရတာမျိုးတွေပါရင် ပိုပြီးတော့ ကောင်းတယ်။ ပုံဆွဲတယ်ဆိုရင်လည်း ကိုယ်တိုင် အမှတ်တရသိမ်းသွားလို့ရတဲ့ ပုံဆွဲတဲ့အစီအစဉ် တွေပါတာ ပိုကောင်းမယ်လို့ထင်ပါတယ်။ သိပ္ပံနှင့် နည်းပညာမှာဆိုရင် ကိုယ်တိုင်လုပ်လို့ရတဲ့ လေယာဉ် မောင်းတဲ့ ဂိမ်းလိုမျိုး ပြကွက်တွေပါတော့ တော်တော် လေး သဘောကျပါတယ်။
မဆောင်းနှင်းဖြူ(Grade-9)
အထက(၂)၊ လယ်ဝေးမြို့နယ်
ဆရာဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ပြခန်းတွေ လေ့လာပါတယ်။ သမီးကတော့ ပန်းချီကို စိတ်ဝင်စားတယ်။ ဒီလိုမျိုး ပြခန်းတွေ လုပ်ပေးတာ သမီးတို့လို ကျောင်းသားလူငယ်တွေ အတွက် ဗဟုသုတတွေ အများကြီးရတယ်။ အခုလို လူငယ်တွေအတွက် မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်တွေကို ပြသပေးတာကိုလည်း ကျေးဇူးတင် ပါတယ်။ သမီးတို့ကျောင်းမှာ သင်ကြားရတဲ့ စာတွေ ထဲမှာပါတဲ့ အကြောင်းအရာတွေကို အပြင်မှာ လက်တွေ့မြင်ရတဲ့အတွက်လည်း ဗဟုသုတ ပိုပြီး ရတယ်လို့ ထင်ပါတယ်။
မောင်ဝဿန်မိုးစက်
အထက(၁၉) ဒက္ခိဏသီရိမြို့နယ်
လူငယ်နှင့် စာပေအနုပညာပွဲတော်မှာ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာနက ပြသထားတဲ့ ကားပြခန်း ကို ကျွန်တော့်အနေနဲ့ တော်တော်လေးစိတ်ဝင်စား ပါတယ်။ နောက်တစ်ခုက ပညာရေးဝန်ကြီးဌာန ပြခန်းက အင်္ဂလိပ်စာဉာဏ်စမ်းတွေကိုလည်း စိတ်ဝင်တစားနဲ့ ဖြေဆိုခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်း ၂၈ ဦးနဲ့အတူ ဝန်ကြီးဌာနအသီးသီးက ပြခန်းတွေမှာ ပြသထားတဲ့ ပြကွက်တွေကိုလာရောက် လေ့လာဖြစ်ပါတယ်။ ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနပြခန်းက အမေးအဖြေတွေလည်း ၀င်ရောက်ဖြေဆိုရင်း ဆုတွေလည်း ရခဲ့ပါတယ်။ စာအုပ်စာပေတွေ အများကြီးခင်းကျင်းပြသထားတဲ့ အတွက် လူငယ်တွေအတွက် များစွာဗဟုသုတရရှိပါ တယ်။ လာမယ့်နှစ်မှာလည်း ဒီနှစ်လိုပဲ ကျောင်းသား လူငယ်တွေအတွက် အခုလိုပြပွဲကြီးတွေ ကျင်းပပေး စေချင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပြင်ပဗဟုသုတတွေကို တစ်နေရာတည်း လေ့လာခွင့် ရတာလည်း ဝမ်းသာမိပါတယ်။ လူငယ်နဲ့စာပေ အနုပညာပွဲတော်ကြီး ကျင်းပပေးတဲ့ နိုင်ငံတော် အကြီးအကဲတွေကိုလည်း ကျေးဇူးအများကြီးတင် ပါတယ်။
မောင်ဝင်းမင်းသန့် (Grade-12)
ဇေယျာသီရိမြို့နယ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပြခန်းတွေကို လေ့လာကြည့်ရှုရတာ နှစ်သက်ပါ တယ်။ လူငယ်နှင့် စာပေအနုပညာပွဲတော်ကြီးကို လာရောက်လေ့လာရတာ အိမ်ကိုတောင် မပြန်ချင်တဲ့ အထိ ဖြစ်မိပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ပြကွက်ဆိုရင်လည်း ကျွန်တော်တို့ ကျောင်းသား ကျောင်းသူတွေအတွက် များစွာ ဗဟုသုတဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုပြပွဲအခမ်းအနားကြီး တွေ ကျင်းပပေးစေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ညီငယ်ညီမငယ်လေးတွေနဲ့ နောင်တစ်ချိန်မှာ နိုင်ငံ တော်အတွက် နိုင်ငံ့ဝန်ထမ်းကောင်းတွေအဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ကျောင်းသား ကျောင်းသူ တွေအတွက်လည်း များစွာ ဗဟုသုတတွေ ရရှိစေပါ တယ်။
မယွန်းရွှေရည်အောင် (Grade- 9)
ဒက္ခိဏသီရိမြို့နယ်
ဝန်ကြီးဌာနအသီးသီးက ပြခန်းတွေမှာရှိတဲ့ ဂိမ်းတွေအားလုံးကို ကစားခဲ့ပါတယ်။ လူငယ်တွေနဲ့ ကျောင်းသား ကျောင်းသူတွေအတွက် ဉာဏ်စမ်း မေးခွန်းတွေဖြေရတာ ဗဟုသုတများစွာရရှိခဲ့ပါတယ်။ ကျွန်မတို့ကျောင်းက စာသင်ခန်းတွေမှာ စာတွေ့ သင်ရတဲ့သင်ခန်းစာတွေက ဒီပြပွဲကြီးမှာ လက်တွေ့ မြင်ခွင့်၊ ထိတွေ့ခွင့်ရရှိတဲ့အခါ ဗဟုသုတတွေများစွာ ရရှိသလို ပိုမိုလေ့လာသင်ယူတတ်မြောက်ချင်တဲ့ စိတ်တွေလည်း ဖြစ်ပေါ်မိပါတယ်။ ကျွန်မတို့လို ကျောင်းသား ကျောင်းသူတွေကို ပြင်ပဗဟုသတတွေ ရရှိအောင် ပြပွဲကြီးကျင်းပပေးတဲ့ တာဝန်ရှိသူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း - ဇင်ဦး ၊ ဟိန်းထက်ဇော်
ဓာတ်ပုံ - ဇင်ဟိန်း