ပြည်တွင်းဘိလပ်မြေစက်ရုံ ၁၉ ရုံမှ တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ခုနစ်သန်းမှ ကိုးသန်းခန့်အထိ ထုတ်လုပ်နိုင်လျက်ရှိ

 

နေပြည်တော် ဩဂုတ် ၁၈


မြန်မာနိုင်ငံတွင်  ၂၀၀၀ ပြည့်နှစ်အထိ    သရက်၊ ကြံခင်း၊ ဘားအံမြို့တို့တွင်သာ  ဘိလပ်မြေစက်ရုံများ ရှိခဲ့ကြောင်း၊ ယခုအခါ  ပြည်တွင်းဘိလပ်မြေစက်ရုံ စုစုပေါင်း ၁၉ရုံရှိလာပြီဖြစ်၍ တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ခုနစ်သန်းမှ  ကိုးသန်းခန့်အထိ  ထုတ်လုပ် နိုင်သော်လည်း    ပြည်ပမှ  တစ်နှစ်လျှင်   ဘိလပ်မြေ တန်ချိန်    တစ်သန်းခန့်   တင်သွင်းနေရကြောင်း ပြည်ထောင်စုဝန်ကြီး    ဒေါက်တာချာလီသန်းက ပြောကြားသည်။

 


တိုးမြှင့်ထုတ်လုပ်


ယနေ့    နံနက်ပိုင်းတွင်  စက်မှုဝန်ကြီးဌာန၌  Vitual စနစ်ဖြင့် ကျင်းပသော  ပြည်တွင်း၌ ဘိလပ် မြေများ  တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင်        စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက  ထိုကဲ့သို့  ပြောကြားခြင်းဖြစ် သည်။

 


ဆက်လက်၍           ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများအတွက်   မရှိမဖြစ် လိုအပ်သော ဘိလပ်မြေများကို  စွမ်းအင်အသုံးပြုမှု အနည်းဆုံးဖြင့် ထုတ်လုပ်နိုင်ရေး  ကြိုးစားဆောင်ရွက် ရမည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့်  လူမှုအကျိုး စီးပွားများကို  ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စီမံ ဆောင်ရွက်ပြီး   အရည်အသွေး၊  စံချိန်စံညွှန်း သတ်မှတ်ချက်များ   ပြည့်မီအောင်  ထုတ်လုပ်ကြရန် တိုက်တွန်းပါကြောင်း၊ ပြည်တွင်း ဘိလပ်မြေစက်ရုံ များအနေဖြင့် စွမ်းအားပြည့် ပြန်လည်လည်ပတ်နိုင် ရေးအတွက်  တွေ့ကြုံနေရသည့် အခက်အခဲများ ရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။  


ညှိနှိုင်းဆွေးနွေး


ယင်းနောက် တက်ရောက်လာသူများက စက်ရုံ အလိုက် စံချိန်စံညွှန်းများ သတ်မှတ်ဆောင်ရွက်ထား ရှိမှု၊ စက်စွမ်းအားပြည့်  လည်ပတ်ထုတ်လုပ်နိုင်ရေး အတွက် ဈေးကွက် ဝေစုရရှိမှု၊ စွမ်းအင်လောင်စာနှင့် ပတ်သက်သည့်ကိစ္စ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးအတွက် စီမံ ဆောင်ရွက်ထားရှိမှုကို  အပြန်အလှန်  ရင်းရင်းနှီးနှီး ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်