
ညိမ်းသူ ( MNA )
၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) တွင် ခရီးသွားလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းသည် ပြန်လည်သက်ဝင် စည်ကားလာတော့မည် ဖြစ်သည်။ မြေပြန့်ဒေသ ပင်လယ်ကမ်းခြေအပန်းဖြေလုပ်ငန်းများနှင့် တောင်ပေါ်ဒေသ၏ အပန်းဖြေ ခရီးစဉ်များ ပြန်လည်နိုးထလာတော့မည်ဖြစ်သည်။
ကမ္ဘာ့ကပ်ရောဂါကြီးမရှိပါက ခရီးသွားများအား ဆွဲဆောင်ရာ မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းရာသီ ကာလ ပြည်တွင်း၊ ပြည်ပခရီးသွားလာမှုဖြင့် ပိုမို စည်ကားနေမည်မှာ အမှန်ပင်ဖြစ်သည်။ ယခုလို ရာသီ၌ ခရီးသွားများစိတ်ဝင်စားရာ တောင်ပေါ် ဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ် ကန်ပက်လက် မြို့မှ ဇီဝမျိုးစုံတို့၏ ရှင်သန်ရာအာဆီယံ အမွေအနှစ် စာရင်းဝင် နတ်မတောင်အမျိုးသားဥယျာဉ်ကြီးနှင့် ဝိတိုရိယတောင် ဇီဝအဝန်းနယ်မြေတို့သည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်ရာ နေရာများအဖြစ် ပါဝင်လျက်ရှိသည်။
ချင်းပြည်နယ်၏ တောင်စဉ်တောင်တန်းတို့မှာ အေးချမ်းသော သဘာဝအလှနှင့်အတူ လွတ်လပ် ပေါ့ပါးပျော်ရွှင်ဖွယ်ခံစားရမှုကို ခရီးသွားများကို ပေးစွမ်းလျက်ရှိသည်။ ရိုးရာအစားအစာတို့သည် မြို့ပြနှင့်မတူ တစ်မူကွဲပြားလျက် ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ နတ်မတောင်အမျိုးသား ဥယျာဉ်သည် အပင်များနှင့် ဇီဝမျိုးစုံပေါကြွယ်ဝ သော အမျိုးသားဥယျာဉ်ကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ဂုဏ်ယူဖွယ် ဝိတိုရိယတောင်တည် ရှိခြင်း၊ တိုင်းရင်းသားတို့၏ ရိုးရာလုပ်ငန်းများရှိခြင်း၊ တောင်ပေါ်ခေါင်ရည်ချိုမြမြနှင့် နွားနောက်သား သည် တောင်ပေါ်အစားအစာအဖြစ် ဆွဲဆောင်လျက် ရှိသည်။ ထို့အတူ သဘာဝတောတောင်များအလှနှင့် တောင်ဇလပ်ပန်း၊ သစ်ခွပန်းတို့ ပေါက်ရောက်သည့် အမျိုးသားဥယျာဉ်ကြီးသည် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များနှင့် သုတေသနပညာရှင်များ အထူး စိတ်ဝင်စားရာနေရာအဖြစ် နတ်မတောင်အမျိုးသား ဥယျာဉ်ကြီးသည် နှစ်စဉ်ခရီးသွားလုပ်ငန်းများ ပွင့်လန်းခဲ့သည်။
အာဆီယံအမွေအနှစ်ဥယျာဉ်ကြီး
သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်းရှိ ဇီဝမျိုးစုံ မျိုးကွဲများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ နတ်မတောင်အမျိုးသားဥယျာဉ်ကို ၁၉၃၆ ခုနှစ်မှစတင်ကာ သစ်တောဥပဒေ- ၁၉ အရ ဥတုထိန်းကြိုးဝိုင်းအဖြစ် ဖွဲ့စည်းကာကွယ် ထိန်းသိမ်းခဲ့သည်။ ၁၉၉၅ ခုနှစ်မှ စတင်၍ ကန်ပက်လက်မြို့တွင် အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ် ပြီး အမျိုးသားဥယျာဉ် ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကာ ၁၉၉၇ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၀/၉၇ ဖြင့် အမျိုးသားဥယျာဉ်ကြီးအဖြစ် ဖွဲ့စည်းတည်ထောင် ရန် ရည်ရွယ်ကြောင်းကြေညာခဲ့သည်။ ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၆၄/၂၀၁၀ ဖြင့် နတ်မတောင်အမျိုးသားဥယျာဉ်ကြီး အဖြစ်အတည်ပြုခဲ့ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။
ဒေသဖွံ့ဖြိုးမှုကိုအထောက်အကူပြု
အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ကြီးသည် ကန်ပက်လက်၊ မတူပီနှင့် မင်းတပ်မြို့များအတွင်း တည်ရှိပြီး ကန်ပက်လက်မြို့နယ်တွင် ဧရိယာ ၂၉၄၉၅ ဧက၊ မင်းတပ်မြို့နယ်တွင် ၁၃၃၉၀၇ ဧက၊ မတူပီမြို့နယ်တွင် ဧရိယာ ၁၂၀၀၀ ဧကတို့ဖြင့် စုစုပေါင်း ၁၇၆၂၀၂ ဧက ကျယ်ဝန်းသည်။ အာဆီယံ အမွေအနှစ်ဥယျာဉ်ကြီးအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သောရည်ရွယ်ချက်မှာ တောင်ပေါ်ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲနေရင်းဒေသများကို ထိန်းသိမ်း ကာကွယ်ရန်၊ နိုင်ငံ၏အရေးကြီးသော ရေဝေရေလဲ ဒေသကို ထိန်းသိမ်းကာကွယ်ရန်၊ ဒေသခံပြည်သူ များအား ထိန်းသိမ်းရေးဆိုင်ရာ သိမြင်နိုးကြားမှု မြှင့်တင်ရန်နှင့် သဘာဝကိုအခြေခံသော ခရီးသွား လုပ်ငန်းမှဝင်ငွေရရှိခြင်းဖြင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ် သည်။
နတ်မတောင်အမျိုးသားဥယျာဉ်တွင် အမြင့်ဆုံး အပူချိန်မှာ ၃၂ ဒီဂရီစင်တီဂရိတ်ရှိပြီး အနိမ့်ဆုံး အပူချိန်မှာ ၃ ဒီဂရီစင်တီဂရိတ်ရှိ၍ နှစ်စဉ်ပျမ်းမျှ မိုးရေချိန်မှာ ၆၅ လက်မခန့်ရှိသည်။ ဝိတိုရိယတောင် သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၂၀၀ ခန့်မြင့်ပြီး တောင်ကုန်းတောင်တန်းများထူတပ်ကာ သက်နုကျောက်တုံးများနှင့် သလင်းကျောက်တို့ဖြင့် ဖွဲ့စည်းထားသည်။ နတ်မတောင်သည် အရှေ့တောင် အာရှတွင် မြေသားဖုံးလွှမ်းသော အမြင့်ဆုံးတောင် အဖြစ် ထူးခြားစွာတည်ရှိလျက်ရှိသည်။ ဇီဝမျိုးစုံ မျိုးကွဲများတည်ရှိသောကြောင့် နိုင်ငံခြားခရီးသွားများအထူးစိတ်ဝင်စားကြပြီး တောင်တန်းဂေဟ စနစ်၊ သစ်တောဂေဟစနစ်၊ ရေချိုရေဝပ်ဒေသဂေဟ စနစ်နှင့် မြက်ခင်းဂေဟစနစ် စသော ဂေဟစနစ် လေးမျိုးဖြင့် ဖွဲ့စည်းတည်ရှိသည်။ ထိုဒေသ၌ တောင်ပေါ်အမြဲစိမ်းသစ်တော၊ တောင်ပေါ်ထင်းရှူး တော၊ တောင်ပေါ်မြက်ခင်းနှင့် တောင်ပေါ်တော တို့ဖြင့် တောရိုင်းတိရစ္ဆာန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်လျက်ရှိသည်။
အပင်မျိုးစိတ်ပေါင်း ၂၅၀၀ ခန့်ရှိ
သဘာဝအဖြစ် ပေါက်ရောက်သော အပင်တို့မှာ ဝက်သစ်ချမျိုးနွယ်များ၊ သစ်အယ်မျိုးများ၊ မိုင်းဘော၊ တောင်ဇလပ်၊ ထင်းရှူး၊ မကောက်၊ မျောက်ငို၊ သစ်ဂျပိုး၊ ကရဝေး၊ သဖန်း၊ ကတွတ်၊ သစ်မင်းနှင့် ချယ်ရီတို့ အမြဲစိမ်းသစ်တောတွင် ပေါက်ရောက် လျက်ရှိပြီး အပင်မျိုးစိတ်ပေါင်း ၁၀၀၀ကျော် စာရင်း ကောက်ယူမှတ်တမ်းတင်ထားသည်။ သိပ္ပံပညာရှင် တို့လေ့လာခန့်မှန်းမှုအရ အပင်မျိုးစိတ်ပေါင်း ၂၅၀၀ ခန့်ရှိကြောင်း မှတ်တမ်းပြုထားသည်။ မြန်မာနိုင်ငံ နတ်မတောင်ဥယျာဉ်၌သာ တွေ့ရှိရသော ဒေသရင်း အပင်မျိုးစိတ်လေးမျိုးဖြစ်သည့် တောင်ဇလပ်ဝါ၊ တောင်ဇလပ်ဖြူ၊ မြေကပ်ပန်းနှင့် ပိုတင်တီလာ မြေကပ်ပန်းပင်တို့ကိုလည်း ထိန်းသိမ်းကာကွယ် ထားသည်။
တောရိုင်းတိရစ္ဆာန်များတွင် ဆတ်၊ တောဝက်၊ ခွေးအ၊ ကျားသစ်၊ အင်းကျား၊ သစ်ကြောင်၊ ကြောင်ကတိုး၊ ဝံကြောင်နှင့် သင်းခွေချပ် စသော နို့တိုက်သတ္တဝါများစွာနေထိုင် ကျက်စားလျက်ရှိပြီး သားကောင်များ သတ်ဖြတ်မှုကို ကင်းစခန်းလေးခု ဖြင့် ထိန်းသိမ်းကာကွယ်ထားသည်။ နတ်မတောင် အမျိုးသားဥယျာဉ်ကြီးတွင် နို့တိုက်သတ္တဝါ ၃၅ မျိုး၊ အင်းဆက်မျိုးစိတ် ၁၅၅ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၀၆ မျိုး၊ ငှက်မျိုးစိတ် ၃၄၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၇၇ မျိုး၊ အပင်မျိုးစိတ် ၉၁၄ မျိုး၊ သစ်ခွမျိုးစိတ် ၂၀၂ မျိုးနှင့် ဆေးဖက်ဝင်အပင်မျိုးစိတ် ၁၀၈ မျိုးတို့ ရှင်သန်ပေါက်ရောက်လျက်ရှိသည်။
နတ်မတောင်အမျိုးသားဥယျာဉ်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အာဆီယံအမွေ အနှစ်ဥယျာဉ် (ASEAN Heritage Park) အဖြစ် တည်ထောင်သတ်မှတ်ခဲ့ပြီး ချင်းပြည်နယ် တောင်ပိုင်းဖြစ်သောကြောင့် ခရီးသွားလာမှုလွယ်ကူ သောဒေသလည်းဖြစ်သည်။ မိုင် ၃၂၀ ဝေးကွာသော ရန်ကုန်- ညောင်ဦးခရီးစဉ်တွင် လေကြောင်းခရီးစဉ် ဖြင့် တစ်နာရီကြာမြင့်ပြီး ၁၀၃ မိုင်ဝေးကွာသော ညောင်ဦး- ကန်ပက်လက်မြို့ကားလမ်းခရီးစဉ်၌ ၅ နာရီသာကြာမြင့်မည် ဖြစ်သည်။
ကန်ပက်လက်မြို့မှ နတ်မတောင်အမျိုးသား ဥယျာဉ်သို့ ၁၃ မိုင်ကွာဝေးသောကြောင့် ကားဖြင့် တစ်နာရီသာ ကြာမြင့်မည်ဖြစ်ရာ ယာဉ်ရပ်နား စခန်းမှ ဝိတိုရိယတောင်ထိပ်သို့ ခြေကျင်ခရီးဖြင့် ၃ ဒသမ ၅ မိုင် အကွာအဝေးသို့ နှစ်နာရီကြာ တောတောင်သဘာဝအလှကို ကြည့်ရှုခံစား၍ တက်ရောက်လေ့လာနိုင်မည်ဖြစ်သည်။ ထိုခရီး စဉ်သည် နိုင်ငံခြားသားခရီးသွားများ အထူး ကြိုက်နှစ်သက်သော ခြေကျင်ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့မှ ကန်ပက်လက်မြို့ နတ်မတောင် အမျိုးသားဥယျာဉ်သို့ မှန်လုံ အမြန်ယာဉ်ဖြင့် ခရီးစဉ် ပြေးဆွဲခဲ့ရာ ပြည်တွင်း၊ ပြည်ပခရီးသွားများ အထူးအဆင်ပြေခဲ့သည်။
ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးအောင်ဆောင်ရွက်
ကန်ပက်လက်မြို့တွင် ဝဥ စိုက်ပျိုးရေးလုပ်ငန်း၊ လက်ဖက်၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းစသည့် အခြေခံကောင်း များဖြင့် ချင်းပြည်နယ်တောင်ပိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အခွင့်အလမ်းများစောင့်ကြိုလျက်ရှိသည်။ ခရီးသွားလုပ်ငန်းတွင် ဝိတိုရိယတောင်ထိပ်သို့ ခြေကျင်တက်ရောက် လေ့လာနိုင်ခြင်း၊ တောင်ပေါ်သဘာဝရှုခင်းများကို လေ့လာခံစားနိုင်ခြင်း၊ မျက်ခုံးဖြူငှက်ပြာခြောက် နှင့် အခြားသောငှက်မျိုးစိတ်များကို လေ့လာနိုင် ခြင်း၊ တောင်ပေါ်မြက်ခင်းတောနှင့် တောင်ဇလပ်ပန်း များ၏ ထူးခြားသော သဘာဝအလှကို ကြည့်ရှုခံစား နိုင်ခြင်း၊ ဒေသရင်းရှားပါးသစ်ခွတို့ကို လေ့လာနိုင် ခြင်းနှင့် ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့များ ကို လေ့လာသိရှိနိုင်မည့် သဘာဝအခြေခံခရီးသွား လုပ်ငန်းကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ရမည်ဖြစ် သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအမွေအနှစ် အမျိုးသားဥယျာဉ်ကြီး ရေရှည်တံ့တည်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ အရှိန် အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သည်။
ထိန်းသိမ်းကာကွယ်
ထို့ကြောင့် နတ်မတောင်အမျိုးသားဥယျာဉ် ကြီးအား ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကန်ပက်လက်မြို့တွင် နတ်မတောင်အမျိုးသား ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံးတည်ရှိပြီး ကန်ပက်လက် မြို့နယ်အတွင်း၌ အမျိုးသားဥယျာဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖြစ် ၈မိုင်ငှက်ကြည့် စခန်း၊ ၁၀ မိုင်ခွဲကင်းစခန်း၊ လှိုင်ဒုတ်ကင်းစခန်း၊ မြို့ဟောင်းပညာပေးပြခန်းနှင့် မင်းတပ်မြို့နယ်၌ ရှေ့တန်းထိန်းသိမ်းရေးစခန်း၊ မင်းတပ်- မတူပီ ကားလမ်းဘေးရှိ ၁၆ မိုင် ကင်းစခန်းတို့ဖြင့် ဝန်ထမ်း ၂၉ ဦးတို့က ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ထိန်းသိမ်းစောင့်ရှောက်ရာတွင် နတ်မတောင်အမျိုးသားဥယျာဉ် ထိန်းသိမ်းရေး ဧရိယာအတွင်း ကျုးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ရွှေ့ပြောင်းတောင်ယာခုတ်ထွင်ခြင်းနှင့် ထင်းခုတ် ခြင်း၊ တောင်ဇလပ်နှင့် ဆေးဖက်ဝင်သစ်ခွပင်များထုတ်ယူခြင်း၊ တရားမဝင်အမဲလိုက်ခြင်းနှင့် တရားမဝင်မြေအသုံးချခြင်း (လမ်းသစ်ဖောက်ခြင်း နှင့် ကျောက်ထုတ်ယူခြင်း) စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။
ထို့ကြောင့် နတ်မတောင်အမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ တောင်ပေါ်ဒေသ ဂေဟစနစ်များ ကောင်းမွန်စေရေး၊ အပင်နှင့်ဇီဝမျိုးစုံမျိုးကွဲပေါကြွယ်ဝမှုကို ဆက်လက်ထိန်းသိမ်း နိုင်ရေး ဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် သဘာဝ အခြေခံခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ရေးသား တင်ပြအပ်ပါသည်။ ။
- Log in to post comments