ပြည်ထောင်စုဝန်ကြီးများ ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းမင်္ဂလာအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၇


Myanmar Rice Bran Oil Co;ltd ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ  (နေပြည်တော်) တည်ဆောက် ရေးလုပ်ငန်းများ    စတင်ဆောင်ရွက်ခြင်း  မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပျဉ်းမနား မြို့နယ်     မယ်ဇလီကုန်းကျေးရွာရှိ    မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်     ကော်ပိုရေးရှင်း လီမိတက်    (MAPCO)    ဆန်စက်ဝင်းအတွင်း၌ ကျင်းပသည်။


အခမ်းအနားသို့   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုး၊ စက်မှု ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး     ဒေါက်တာ ချာလီသန်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး    ဦးထွန်းအုံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ       ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ စီမံကိန်းအကြံပေး များ၊ အင်ဂျင်နီယာချုပ်နှင့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင် သူများ၊  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ  ဦးရဲမင်းအောင်က  ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ  (နေပြည်တော်) တည်ဆောက် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းအကြံပေးများ၊ အင်ဂျင်နီယာချုပ်နှင့် အိန္ဒိယ နိုင်ငံမှ ကျွမ်းကျင်သူများက    နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။


ထို့နောက်         မင်္ဂလာပန္နက်တော်တင်ခြင်း အခမ်းအနားကိုကျင်းပရာ   ဖွဲနုဆီနှင့်   စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ  (နေပြည်တော်) တည်ဆောက် မည့်နေရာတွင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အိန္ဒိယနိုင်ငံမှ ကျွမ်းကျင်သူများ က  သတ်မှတ်နေရာများ၌   မင်္ဂလာပန္နက်တင်ကြပြီး အမွှေးနံသာရည်ဖြင့် ပက်ဖျန်းကြသည်။


ယင်းနောက်  စက်ရုံတည်ဆောင်ရေးလုပ်ငန်းဆောင်ရွက်မည့်  အိန္ဒိယနိုင်ငံမှ   ကျွမ်းကျင်သူများက ဟိန္ဒူဘာသာ        ရိုးရာမင်္ဂလာကို   ဆောင်ရွက်ကြပြီး     ပြည်ထောင်စုဝန်ကြီးများ၊   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က  ရွှေမိုးငွေမိုးများ    ရွာသွန်းဖြိုးကြသည်။


အဆိုပါစီမံကိန်းကို    ဆန်စပါးကြိတ်ခွဲသန့်စင် ထုတ်လုပ်မှုလုပ်ငန်း၏  ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုမှဖွဲနုဆီကို     တန်ဖိုးမြှင့်တင်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊    ပြည်တွင်းဈေးကွက် အတွက် စားသုံးဆီဖူလုံမှုကို အထောက်အကူပြုနိုင်ရန် နှင့်    နိုင်ငံတကာဈေးကွက်သို့    မြန်မာ့လယ်ယာ ထွက်ကုန်အမယ်သစ်ဖြစ်သည့်  ဖွဲနုဆီ၊ ဖွဲနုဆီကြမ်း များကို   တင်ပို့ရောင်းချနိုင်ရန်၊  ဖွဲနုဆီထုတ်လုပ်မှု နည်းပညာဖြစ်သော Solvent Extraction Technology ကို ပိုမိုနားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချ နိုင်ခြင်းဖြင့် ဖွဲနုသာမက  အခြားသော ဆီထွက်သီးနှံ များဖြစ်သည့်  နေကြာ၊  ပဲပုပ် (Soya Bean)  တို့မှ စားသုံးဆီများကို  ပိုမိုတိုးချဲ့ထုတ်လုပ်ဆောင်ရွက် နိုင်ရန်၊    ဆန်စပါးတန်ဖိုးကွင်းဆက်    (Rice Value Chain) စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြု နိုင်မှုမှသည် ပြည်တွင်းတိရစ္ဆာန်အစာဈေးကွက်နှင့် မွေးမြူရေးလုပ်ငန်းများ၊ နိုင်ငံတော်၏ စားနပ်ရိက္ခာ ဖူလုံမှုလုပ်ငန်းစဉ်များကိုပါ     တစ်တပ်တစ်အား အကျိုးပြုနိုင်စေရန်၊ ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်းကို အောင်မြင် အကျိုးရှိသော လုပ်ငန်းအဖြစ် ထူထောင် ပြီး အလုပ်အကိုင်ဖန်တီးရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက် ရေးတို့ကို  အကျိုးပြုနိုင်စေရန်စသည့်  ရည်ရွယ်ချက် များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ 
                                                                                           

သတင်းစဉ်