
နေပြည်တော် ဇွန် ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည့် H.E. Mr. J. M. Janaka Priyantha Bandara ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ် ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်း ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားခဲ့ပြီး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ ကုလသမဂ္ဂနှင့် ဘင်းမ်စတက်အဖွဲ့ အပါအဝင် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်