
နေပြည်တော် ဩဂုတ် ၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒုတိယအကြိမ် မြောက် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ဝန်ကြီးများအစည်းအဝေး (Second Mekong-U.S. Partnership Ministerial Meeting)သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပါဝင်တက်ရောက်သည်။
တက်ရောက်
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Prak Sokhonn နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Antony J. Blinken တို့က ပူးတွဲသဘာပတိများ အဖြစ်ဆောင်ရွက်ခဲ့ပြီး Mekong-U.S. Partnership ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအကြား ထူထောင်ခဲ့သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ တစ်နှစ်တာ ကာလအတွင်း တိုးတက်အောင်မြင်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ အနာဂတ်ကာလ မဲခေါင်ဒေသခွဲ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှု တို့အပေါ် အကျိုးပြုနိုင်မည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်နိုင်ငံမှ မဲခေါင်နိုင်ငံများသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကူညီထောက်ပံ့မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြည်သူ များ၏ အသက်အန္တရာယ်ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပါအဝင် အခြားထောက်ပံ့မှု များပိုမိုပေးအပ်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အခြေခံမူများဖြစ်သော အားလုံး သဘောတူညီမှု၊ တန်းတူညီတူရှိမှုနှင့် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမရှိမှု စသည့်မူများအပေါ် အခြေခံ၍ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကိုရှေးရှုကာ မဲခေါင်ဒေသပြည်သူများကို အကူအညီများ ပိုမိုပေးအပ်သွားရန် ထည့်သွင်း ပြောကြားသည်။ ထို့အပြင် ပညာရေး၊ လူငယ်၊ စွမ်းအားမြှင့်တင်မှု၊ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များပါဝင်သည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှု၏ “လုပ်ငန်းအစီ အစဉ် (၂၀၂၁-၂၀၂၃)” ထုတ်ပြန်ခြင်းကို ကြိုဆို ကြောင်း ပြောကြားသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်၏ လုပ်ငန်းအစီအစဉ်သစ်ကို ထိရောက်စွာ အကောင်အထည်ဖော်ရာတွင် သတင်းအချက် အလက်မျှဝေမှု၏ အရေးပါမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာလအလွန် စီးပွားရေးပြန်လည်ထူထောင်နိုင်ရေးတွက် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs)၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဦးစားပေးလုပ်ဆောင် သွားရန်လည်း အကြံပြုပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်နိုင်ငံနှင့် မဲခေါင်နိုင်ငံများ၏ အစိုးရ အရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှုတိုးမြှင့် နိုင်စေရန်ရည်ရွယ်သည့် မူဝါဒဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် ကျားမတန်းတူရည်တူရှိမှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်နိုင်မှုတို့ အတွက် မူဝါဒဆွေးနွေးပွဲများ ကျင်းပသွားလိုသည့် အမေရိကန်နိုင်ငံ၏ အဆိုပြုချက်များကို ထောက်ခံ ကြောင်း ပြောကြားသည်။
အတည်ပြုထုတ်ပြန်ခဲ့
ထို့နောက် အစည်းအဝေးမှ အဖွဲ့ဝင်နိုင်ငံများ အတွက် သိသာထင်ရှားသည့် အကျိုးရလဒ်ဖော် ဆောင်နိုင်ရန် ရေးဆွဲထားသည့် မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ လုပ်ငန်း အစီအစဉ် (၂၀၂၁-၂၀၂၃)ကို အတည်ပြုထုတ်ပြန်ခဲ့ သည်။
မဲခေါင်-အမေရိကန် မိတ်ဖက်ပြုပူးပေါင်းဆောင် ရွက်မှုအစီအစဉ်သည် အမေရိကန်နိုင်ငံနှင့် မဲခေါင် နိုင်ငံများအကြားဆောင်ရွက်ခဲ့သည့် “မဲခေါင်မြစ် အောက်ပိုင်း နိုင်ငံများပူးပေါင်းဆောင်ရွက်မှု အစီ အစဉ်” ၏ အောင်မြင်မှုများအပေါ်အခြေပြုလျက် ဒေသတွင်း အားလုံးပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်အတွက် လက်ရှိနှင့် အနာဂတ် လိုအပ်ချက်များ ဖြည့်ဆည်းရန်နှင့် စိန်ခေါ် မှုများကို ဖြေရှင်းနိုင်ရန် ၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြှင့်တင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်