
နေပြည်တော် ဩဂုတ် ၄
နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများနှင့် (၁၁) ကြိမ် မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လာအိုနိုင်ငံခြားရေးဝန်ကြီး H.E. Saleumxay Kommasith နှင့် အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး H.E. Antony Blinken တို့က ပူးတွဲသဘာ ပတိများအဖြစ် တာဝန်ယူခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်ရေးကို ပြန်လည်သုံးသပ်ပြီး အနာဂတ် တွင် ပူးပေါင်းဆောင်ရွက်မှုအလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံ တကာရေးရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံ-အမေရိကန် ဆွေးနွေးဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်လျက်ရှိခြင်းကို ကျေနပ်အားရမှုရှိကြောင်းနှင့် လာမည့်နှစ်သည် အာဆီယံ-အမေရိကန်ဆွေးနွေးဖက်ဆက်ဆံရေး (၄၅) နှစ်ပြည့် နှစ်ပတ် လည်ဖြစ်ရာ လာမည့်နှစ်များတွင် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက် လာစေရေး မျှော်လင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အမေ ရိကန်သည် အာဆီယံ၏ အရေးပါသည့် မိတ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံ ၏ ဗဟိုအချက်အချာကျမှုနှင့် အာဆီယံ၏ ဦးစီးဦးဆောင် ယန္တရား များတွင် တက်ကြွစွာပါဝင်မှုတို့တွင် အမေရိကန်၏ ပံ့ပိုးပေးခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ-အမေရိကန် မိတ်ဖက်ဆက်ဆံရေး သည် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ရလဒ်ကောင်းများ ရရှိရန် မျှော်မှန်းကြောင်း ဆွေးနွေးပြောကြားပြီး ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အာဆီယံ ပဏာမ ဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြု ထားခဲ့ပြီးဖြစ်ကြောင်း။
ပူးပေါင်းဆောင်ရွက်မှုလို
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ချုပ်ဆိုထားသည့် သဘော တူညီချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ် ဖော်ဆောင်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းအားပေးကြရန် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Dato Seri Hissha-muddin Tun Hussein နှင့် ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Marise Payne တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုလျော့ပါးစေရေး၊ ဒစ်ဂျစ်တယ်ပေါင်းစည်းဆက်သွယ်မှု (digital connectivity) မြှင့်တင်ရေးနှင့် တစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေဘဲ ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်းမြောင်းစေရေးအတွက် အာဆီယံပေါင်းစည်း ရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (Initiative for ASEAN Integra-tion- IAI) ကို အပြည့်အဝဖော်ဆောင်ရေးသည် အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ပြီး ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) နှင့်စပ်လျဉ်း၍ RCEP အတည်ပြုခဲ့သည့် နိုင်ငံများကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း RCEP သဘောတူညီချက် စာပိုဒ် ၂၀.၅ နှင့် ၂၀.၆ နှင့်အညီ အတည်ပြု ပါဝင်ထားကြောင်း အစည်းအဝေးသို့ အသိပေးခဲ့သည်။
အဆိုပြုချက်ကို သဘောတူလက်ခံ
ယင်းနောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ (၅) ချက်အရ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ခန့်အပ်ရေးကိစ္စကို သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဩဂုတ် ၂ ရက်တွင် ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ဘရူနိုင်းနိုင်ငံက မူလအဆိုပြု ထားသည့် အမည်စာရင်းများကို ပြန်လည်ရုပ်သိမ်းလျက် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံအနေဖြင့် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) H.E. Dato Erywan Pehin Yusof ကို အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် ပြောင်းလဲအဆိုပြုခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဘက် ကလည်း အာဆီယံဥက္ကဋ္ဌ၏ အဆိုပြုချက်ကို သဘောတူလက်ခံကြောင်း ယနေ့အစည်းအဝေး၌ အတည်ပြုပြောကြားသည်။
အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwini နှင့် အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီး Mr. Subrahmanyam Jaishankar တို့က ပူးတွဲသဘာပတိ များအဖြစ် ဦးဆောင်ကျင်းပခဲ့ကြသည်။
အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး ဆက်လက်တိုးမြှင့်လျက်ရှိခြင်းကို ကျေနပ် အားရကြောင်းနှင့် လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် အလားအလာရှိသည့် ကဏ္ဍများအပါအဝင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘုံအကျိုးစီးပွားများအတွက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်သွားရန် မျှော်လင့်ကြောင်း၊ ပညာရေးကဏ္ဍတွင် CLMV နိုင်ငံများအတွက် ပညာရေးသည် အလွန် အရေးကြီးကြောင်းနှင့် CLMV နိုင်ငံများမှ ကျောင်းသားများအား အိန္ဒိယနိုင်ငံ နာလန်ဒါ တက္ကသိုလ်မှ ပညာသင်ဆုများ၊ CLMV နိုင်ငံများ တွင် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ သင်တန်းကျောင်း များ ထူထောင်ပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ-အိန္ဒိယ ဆွေးနွေးဘက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ် ဖြစ်သည့် ၂၀၂၂ ခုနှစ်အား မိတ်ဖက်ဆက်ဆံရေးနှစ်အဖြစ် သတ်မှတ် သွားရန် မျှော်လင့်ကြောင်း၊ ဒေသအတွင်း ကိုဗစ်-၁၉ စတုတ္ထလှိုင်း ဖြစ်ပေါ်လာမည့် အခြေအနေရှိသည့်အတွက် ကိုဗစ်-၁၉ တိုက်ဖျက် ရေးကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြား ခဲ့ပြီး အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ အာဆီယံတုံ့ပြန်ရေး ရန်ပုံငွေသို့ အမေရိကန် ဒေါ်လာ ၁ သန်း ထည့်ဝင်မှုနှင့် မြန်မာနိုင်ငံသို့ COVID Shield ကာကွယ်ဆေးများ လှူဒါန်းခဲ့သည့်အတွက် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အရှေ့ အာရှထိပ်သီး အစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်၊ ရုရှား၊ အမေရိကန်နိုင်ငံ တို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု အလားအလာများသုံးသပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီးက လွန်ခဲ့သည့် ၁၆ နှစ်တာကာလအတွင်း EAS ပူးပေါင်းဆောင် ရွက်မှု တိုးတက်ကောင်းမွန်လျက်ရှိသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် EAS တွင် ပါဝင်သည့် နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး အထူးသဖြင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများကို မျှော်လင့် ကြောင်း ဆွေးနွေးပြောကြားသည်။
အာဆီယံ-ရုရှားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အင်ဒိုနီးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E. Mahendra Siregar နှင့် ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E Igor Morgulov တို့မှ ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး ဆက်လက် တိုးမြှင့်လျက်ရှိသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အာဆီယံ-ရုရှား အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကျင်းပရန် ရုရှားနိုင်ငံ၏ အဆိုပြု မှုကို ထောက်ခံကြောင်းနှင့် အဆိုပါ ထိပ်သီးအစည်းအဝေးသည် အာဆီယံ-ရုရှားပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ထပ်မံမြှင့်တင် နိုင်မည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ ကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်