
နေပြည်တော် စက်တင်ဘာ ၈
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် မဲခေါင်- ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး (11th Mekong-Korea Cooperation Foreign Ministers Meeting) သို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Prak Sokhonn နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး Mr. Chung Eui-yong တို့မှ ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ပြီး မဲခေါင်- ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများက မဲခေါင်- ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုများအပေါ် သုံးသပ်ဆွေးနွေးခဲ့ ကြပြီး အနာဂတ်တွင် ပူးပေါင်းလုပ်ငန်းစဉ်အောက်မှ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ငွေကြေးအကူအညီများ ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကိုရီးယားသမ္မတ နိုင်ငံအပါအဝင် မဲခေါင်နိုင်ငံများက မြန်မာနိုင်ငံအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း များနှင့် ငွေကြေးအကူအညီများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ ထိရောက်စိတ်ချရသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ နိုင်ငံအားလုံး ရရှိရေးလုပ်ငန်းစဉ်တွင် ကိုရီးယားသမ္မတနိုင်ငံ၏ တက်ကြွစွာပါဝင်မှု အခန်းကဏ္ဍကို ချီးကျူးကြောင်း၊ မဲခေါင်နိုင်ငံများ၏ ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်မှုများအား အထောက် အပံ့ဖြစ်စေရန် ကိုရီးယားသမ္မတနိုင်ငံမှ တရားဝင် ဖွံ့ဖြိုးမှု အကူအညီများ (Official Development Assistance-ODA) ပေးအပ်လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ လေးသန်း ထည့်ဝင်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင်နိုင်ငံများ၌ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များ အကောင်အထည်ဖော်နိုင်ရန်အတွက် ကိုရီးယား သမ္မတနိုင်ငံမှ မဲခေါင်- ကိုရီးယား ပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေသို့ နှစ်စဉ်ရန်ပုံငွေထည့်ဝင်မှုများနှင့် ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ လေးသန်း ထည့်ဝင်မှုအား ကျေးဇူးတင်ရှိကြောင်း၊ အစည်း အဝေးမှ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၌ အကောင်အထည်ဖော်မည့် “မဲခေါင်- ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေစီမံကိန်း (ပဉ္စမ အသုတ်)” အား အတည်ပြုခြင်းကို ကြိုဆိုကြောင်း လည်း ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်ကာလကို ကြိုဆိုသည့် အနေဖြင့် ၂၀၂၁ ခုနှစ်အား မဲခေါင်-ကိုရီးယား ချစ်ကြည်ရေးနှစ် (Mekong-ROK Exchange Year 2021) အဖြစ် သတ်မှတ်ထားခြင်းအား ၂၀၂၂ ခုနှစ် သို့ ဆက်လက်တိုးမြှင့်သတ်မှတ်သွားမည့် အစီအစဉ် ကို ထောက်ခံခဲ့ပြီး မြန်မာနိုင်ငံတွင် တည်ဆောက်မည့် “မဲခေါင်- ကိုရီးယား ဇီဝမျိုးစုံမျိုးကွဲစင်တာ”မှ မဲခေါင် ဒေသတွင်း ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ထိန်းသိမ်း ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် နိုင်မည်ကို ယုံကြည်ကြောင်းလည်း ပြောကြား ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲအသစ်များ ကူးစက် ပျံ့နှံ့မှုအပါအဝင် ဖြစ်ပေါ်လာနိုင်သည့် ကူးစက် ရောဂါများအား ကာကွယ် ထိန်းချုပ် ကုသနိုင်ရန် အတွက် ကျန်းမာရေးလုံခြုံမှုကဏ္ဍတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်၊ အဖွဲ့ဝင်နိုင်ငံများတွင် ခံနိုင်ရည် ရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရေး အထောက်အကူပြုနိုင်ရန်အတွက် မဲခေါင်- ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုယန္တရားအား အဆင့်မြှင့်တင် သွားရန်နှင့် လူငယ်များအတွက် အဆင့်မြင့်ပညာရေး ကဏ္ဍနှင့်၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့ သည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း ပါဝင်တက်ရောက် ခဲ့သည်။
လေ့လာသုတေသနပြု
အစည်းအဝေးမှ (၁၁) ကြိမ်မြောက် မဲခေါင်- ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ၏ ပူးတွဲသဘာပတိထုတ်ပြန်ချက်ကို အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် “မဲခေါင်- ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှု ရန်ပုံငွေ (ပဉ္စမအသုတ်)” စီမံကိန်း ခုနစ်ခုကို အတည်ပြုရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံ အတွက် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်ဖိုးရှိ စီမံကိန်းတစ်ခု ပါဝင်ခဲ့သည်။ အဆိုပါ စီမံကိန်းကို မော်လမြိုင်တက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်း သွားလာနေထိုင်သူများက စိုက်ပျိုးရေး ကဏ္ဍနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုအား လေ့လာသုတေသနပြုသွား မည်ဖြစ်သည်။
မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ကိုရီးယားနိုင်ငံတို့အကြား အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် လုပ်ငန်းစဉ် ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိသည်။
သတင်းစဉ်