
နေပြည်တော် စက်တင်ဘာ ၅
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ်နှင့် သမ္မတ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ရုရှား အရှေ့ဖျားဒေသဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ယူရီထရုနဗ်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၂ ရက် မှ ၄ ရက်အထိ ကျင်းပသည့် (၆) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် (The 6th Eastern Economic Forum) သို့ တက်ရောက် ခဲ့သည်။
ဖိုရမ်၏ ပထမနေ့ဖြစ်သော စက်တင်ဘာ ၂ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် Russia−ASEAN Business Dialogue သို့ တက်ရောက်ခဲ့သည်။
ပါဝင်ဆောင်ရွက်
အဆိုပါ Business Dialogue ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပြည်နယ် များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား−အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov က ဦးဆောင်ဆွေးနွေး၍ ဘရူနိုင်း၊ ဗီယက်နမ်၊ ရုရှားဖက်ဒရေးရှင်း၊ ဖိလစ်ပိုင်၊ မြန်မာနှင့် စင်ကာပူ နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင် များ၊ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်အသင်းများမှ တာဝန် ရှိပုဂ္ဂိုလ်များက ဆွေးနွေးသူများ အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြ သည်။
Russia−ASEAN Business Dialogue ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် အလုံးစုံပူးပေါင်းဆောင် ရွက်မှုသည် ရုရှားနိုင်ငံ၏ ဦးစား ပေး နိုင်ငံခြားရေးမူဝါဒတစ်ခု ဖြစ်ရာ ရုရှားနှင့် အာဆီယံနိုင်ငံ များအကြား စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ် တီထွင်ခြင်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ရေးနှင့် မြောက်ပိုင်း ပင်လယ်လမ်းကြောင်း တစ်ခု ဖြစ်ပေါ်လာရေးတို့ကို ဦးတည် ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ် များ၊ လုပ်ငန်းရှင်များက online ဖြင့်လည်းကောင်း၊ ကိုယ်တိုင် သော် လည်းကောင်း တက်ရောက် ခဲ့ကြပြီး ဆွေးနွေးပွဲသို့ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
နှစ်နိုင်ငံအကြား ဆွေးနွေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြည်နယ် များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အမှုဆောင်အရာရှိချုပ်နှင့် ရုရှား−အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ Mr. Ivan Polyakov နှင့်အဖွဲ့အား သီးခြားတွေ့ဆုံ၍ ရုရှား−မြန်မာ နှစ်နိုင်ငံအကြား စိုက်ပျိုးရေးအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု ကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ စက်သုံးဆီ သိုလှောင်ကန်နှင့် အခြားအခြေခံ အဆောက်အဦများ တည်ဆောက် ရေးကဏ္ဍ၊ ရော်ဘာအခြေခံ စက်မှု ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍများ၌ ရုရှားနိုင်ငံမှ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍ တိုးတက်စေ ရေးအတွက် နှစ်နိုင်ငံအစိုးရများ အကြား ရှေ့ဆက်၍ ကူညီပူးပေါင်း ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက် လိုသည့် ကုမ္ပဏီများနှင့် သီးခြား တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့် အလမ်းများကို ဆွေးနွေးကြရာ ရုရှားလုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ထုတ်ကုန်များအား တန်ဖိုးမြှင့် ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ ဝယ်ယူ တင်သွင်းခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနံတူးဖော် ထုတ်လုပ်သန့်စင်ခြင်း၊ ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်း တည်ဆောက် ခြင်းစသည့်ကဏ္ဍများတွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြ ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ် စားလှယ်အဖွဲ့သည် စက်တင်ဘာ ၃ ရက်တွင် ဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။
ဆိပ်ကမ်းကြီးတစ်ခု
ပေါ်ပေါက်လာရေးဆွေးနွေး
အစည်းအဝေး၌ ရုရှားတီဗွီ ချန်နယ်မှ မစ္စတာ ဆာဂေးဘရီလဗ် က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က ကိုယ်တိုင်တက်ရောက်၍ ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင် စွမ်းအား တိုးတက်ကောင်းမွန် လာစေရန် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အထူးစီးပွားရေး ဇုန်များ ထူထောင်ထား၍ အာရှနှင့် ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူ များနှင့် ပူးပေါင်းဆောင်ရွက်နိုင် မည့် အခြေအနေများ၊ ဆိပ်ကမ်း များကို ဆက်သွယ်ရေးနည်းပညာ အသုံးပြု အဆင့်မြှင့်တင်၍ ကုန်စည်သင်္ဘောများ ချိတ်ဆက် သွားလာနိုင်မည့် ဆိပ်ကမ်းကြီး တစ်ခုပေါ်ပေါက်လာရေး ဆောင် ရွက်နေမှုအခြေအနေများ၊ အာရှ နှင့် ဥရောပကို ချိတ်ဆက်ပေးမည့် မြောက်ပိုင်းပင်လယ်လမ်းကြောင်း တစ်ခုဖြစ်ပေါ်လာရေး ဆောင်ရွက် သွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မွန်ဂိုလီးယား သမ္မတ မစ္စတာ ဥခနိုင်ဂင် ခုရာ ဆွတ်နှင့် ကာဇက်စတန်သမ္မတ မစ္စတာ ဂျိုမတ်တော့ခရဗ်တို့က online ဖြင့် လည်းကောင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာ မိုဒီနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုချန်အိုချာတို့က ဗီဒီယိုမက်ဆေ့ဖြင့် လည်းကောင်း နှုတ်ခွန်းဆက်စကားများ ပြော ကြားခဲ့ကြပြီး အရှေ့ဖျားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှ−ပစိဖိတ် ဒေသနိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဖိုရမ်နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ ၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စား လှယ်အဖွဲ့သည် ဖိုရမ်အား တာဝန် ယူ ကျင်းပသည့် Roscongress Foundation မှ တာဝန်ရှိသူ များအား တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ဖိုရမ်တွင်ခင်းကျင်းပြသထားသော နည်းပညာဆိုင်ရာ ပြခန်းများ၊ တက္ကသိုလ်ပညာရေးကဏ္ဍ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပြခန်းများနှင့် ဆေးသုတေသနနှင့် နည်းပညာ ဆိုင်ရာပြခန်းများကို လေ့လာ ကြည့်ရှုခဲ့ကြသည်။
(၆) ကြိမ်မြောက် ကျင်းပ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်သည် ရုရှားအရှေ့ဖျား၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာရှ−ပစိဖိတ် ဒေသနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ပြီး အရှေ့ဖျား စီးပွားရေးဖိုရမ်အား ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခု အခါတွင် (၆)ကြိမ်မြောက် ကျင်းပ ခြင်းဖြစ်သည်။
ရုရှားအရှေ့ဖျား ဒေသသည် ယူရေးရှားနိုင်ငံများ၏ အရှေ့ အစွန်ဆုံးဒေသဖြစ်ပြီး အာရှနိုင်ငံ များ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့် ချိတ်ဆက်ရာ၌ ဗဟိုချက်အဖြစ် အသုံးချ၍ ဒေသတွင်းစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေးပေါင်းစည်းနိုင်မှု အထိ ဦးတည်ဆောင်ရွက်သွားရန် ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ အစပြုဆောင်ရွက်လျက် ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာ ဗျူဟာတစ်ခုလည်း ဖြစ်သည်။
ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပခြင်းဖြစ်သည့် အားလျော် စွာ နိုင်ငံအသီးသီးမှ ပါဝင်တက် ရောက်သူများ ရောဂါအန္တရာယ် ကင်းရှင်းစေရေးအတွက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံသို့ လာရောက် ရာတွင် လည်းကောင်း၊ ဖိုရမ် ကျင်းပရာ နေရာနှင့် အရေးကြီး ဆွေးနွေးပွဲများသို့ တက်ရောက် ရာတွင်လည်းကောင်း ကျန်းမာ ရေး ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ ရပြီး ဖိုရမ်ကျင်းပနေစဉ်အတွင်း WHO မှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေးကန့်သတ်ချက်များ နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ် သည်။
ဖိုရမ်သို့ ဂျပန်၊ ပြင်သစ်၊ တရုတ်၊ တောင်ကိုရီးယား၊ အမေ ရိကန်၊ အိန္ဒိယစသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ ကိုယ်စားလှယ်များ၊ သံအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် မီဒီယာများ စုစုပေါင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်