
နေပြည်တော် ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် International Conference on Engineering Education Association (ICEEA 2021 Myanmar) အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၌ Online စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြန်မာနိုင်ငံ၏ အင်ဂျင်နီယာပညာသင်ကြားရေးသမိုင်းသည် ၁၉၂၃ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်တွင် အင်ဂျင်နီယာပညာဌာနကို ဖွင့်လှစ် ထူထောင်ခြင်းဖြင့် စတင်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၆၄ ခုနှစ်မှစတင်၍ ရန်ကုန်စက်မှုတက္ကသိုလ်မှ သက်ဆိုင်ရာ အင်ဂျင်နီယာဘွဲ့များကို ပေးအပ်ချီးမြှင့်ခဲ့သည်မှာ ယနေ့ အထိပင် ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာဘွဲ့ရများသည် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် တာဝန် ထမ်းဆောင်လျက်ရှိပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို များစွာအထောက်အကူပြုလျက်ရှိပါ ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးသည် အလွန်အရေးပါပြီး ယင်းလုပ်ငန်း များကို အင်ဂျင်နီယာများက အဓိကအကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ မြန်မာနိုင်ငံတွင် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့ကြောင့် အရည်အသွေးပြည့်ဝသော အင်ဂျင် နီယာများ မွေးထုတ်နိုင်ရေးအတွက် အင်ဂျင်နီယာပညာ သင်ကြားရေးသည် အရေးပါသောအခန်းကဏ္ဍမှ ရပ်တည် လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ စျေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ အင်ဂျင်နီယာများသည် အစိုးရကဏ္ဍတွင် သာမက ပုဂ္ဂလိကလုပ်ငန်းအသီးသီးတွင်လည်း ပါဝင်လျက် ရှိပါကြောင်း၊ အင်ဂျင်နီယာများ၏ အရည်အသွေးပြည့်ဝကောင်းမွန်စေရေးအတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေ ဖြင့် ASEAN Federation of Engineering Organization (AFEO) ၊ Federation of Engineering Institutions of Asia and Pacific (FEIAP) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် လုပ်ငန်းများစွာလည်းရှိပါကြောင်း၊ ပူးပေါင်းကူညီ လမ်းပြဆောင်ရွက်မှုများစွာအတွက် FEIAP၊ IEET ၊ UNSW ၊ BEM ၊ WFEO နှင့် IEA အစရှိသော မိတ်ဖက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုအဖြစ် အင်ဂျင် နီယာပညာမဟာမိတ်အဖွဲ့ (International Engineering Alliance – IEA) ၏ ပဏာမအဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရပါကြောင်းနှင့် ဝါရှင်တန်သဘောတူညီချက် အပြည့်အဝအဖွဲ့ဝင်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည် များစွာအရေးပါ လျက်ရှိပါကြောင်းနှင့် အစိုးရသစ်လက်ထက်၌ ကဏ္ဍ အသီးသီးတွင် သိသာထင်ရှားသော ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့ရှိခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်က တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ နိုင်ငံတော်ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ ၅၇ ရာခိုင်နှုန်းအထိ ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကိုလည်း အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲရေးနှင့် ကာဗွန်ထုတ်လွှတ် မှုလျှော့ချရေး ရည်မှန်းချက်များနှင့်အညီ ရေအားလျှပ်စစ်မှ ၄၀ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်မှ ၁၄ ရာခိုင်နှုန်း၊ Domestic Gas မှ ၃၄ ရာခိုင်နှုန်းနှင့် LNG မှ ၁၁ ခိုင်နှုန်း စသည်ဖြင့် ထုတ်လုပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
အင်ဂျင်နီယာပညာသင်ကြားရေးနှင့် အင်ဂျင်နီယာ ဘွဲ့ရများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် များစွာအရေးပါလျက်ရှိပါကြောင်း ပြောကြား သည်။
အဆိုပါ International Conference on Engineering Education Association (ICEEA 2021 Myanmar) သည် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိကာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအပါအဝင် အပြည်ပြည် ဆိုင်ရာနှင့် ဒေသဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့မှ Accreditation ဆိုင်ရာ ပါမောက္ခချုပ်နှင့် ပါမောက္ခများပါဝင်၍ စာတမ်းများ ဖတ်ကြားသွားကြမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်