ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုအသင်း နှစ်ပတ်လည်အစည်းအဝေးသို့ Video Message ပေးပို့

 

နေပြည်တော် ဇန်နဝါရီ ၂၄

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း (Myanmar Oil and Gas Services Society MOGSS) က ကြီးမှူး၍ Online ဖြင့် ကျင်းပသော နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ Video Message ပေးပို့အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် အနာဂတ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ကြိုတင်ခန့်မှန်း၍ မရနိုင်သော အပြောင်းအလဲများ ရှိလာမည်ဖြစ်ပြီး နည်းပညာသစ်များ၏ပြိုင်ဆိုင်မှု၊ ရာသီ ဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ ကိုလည်း ကြုံတွေ့လာရမည်ဖြစ်ပါကြောင်း၊ New Normal အခြေအနေအတွက် လိုက်လျောညီထွေမှုရှိစေမည့် အစီအစဉ်များကို မိမိတို့ကိုယ်တိုင် ပြင်ဆင်ကြ ရမည်ဖြစ်ပါကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အနာဂတ်တွင် အရေးပါသောအခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေနိုင်ပြီး ဈေးကွက်သည် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမည်ဟု ယုံကြည်ပါကြောင်း။

သဘာဝဓာတ်ငွေ့နှင့် LNG တို့သည် အဓိကအခန်းကဏ္ဍပါဝင်လာ

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်း တဖြည်းဖြည်း ပြန်လည်မြင့်တက် လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား၊ ရောင်းလိုအားနှင့် ရေနံဈေးနှုန်း အပြောင်းအလဲသည် မိမိတို့၏ ကမ်းလွန်လစ်လပ်လုပ်ကွက်စီမံကိန်းများ နိုင်ငံတကာ တင်ဒါခေါ်ဆိုနိုင်မှု အချိန်ကာလအပေါ် အကျိုးသက်ရောက်မှု ရှိလာ မည်ဖြစ်ပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဓာတ်ငွေ့ဈေးနှုန်းသည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိနှင့် Downstream Refining Sector တွင် ထုတ်ကုန်ဈေးနှုန်းများသည် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းစေခဲ့ပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ကြောင့် စွမ်းအင်အသုံးပြုမှု ပုံစံပြောင်းလဲလာပြီး New Energy Mix တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ပိုမိုသုံးစွဲလာခြင်းကြောင့် သဘာဝဓာတ်ငွေ့နှင့် LNG တို့သည် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်လာပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိစုစုပေါင်း တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်ရှိပြီး Energy Mix တွင်လည်း ရေအားမှ ၄၀ ရာခိုင်နှုန်းခန့်၊ နေရောင်ခြည်စွမ်းအင် ၁၄ ရာခိုင်နှုန်းခန့်၊ ပြည်တွင်း ထုတ် သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်းခန့်နှင့် LNG မှ ၁၁ ရာခိုင်နှုန်းခန့် ဖြစ်သဖြင့် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှု ၅၄ ရာခိုင်နှုန်းခန့်နှင့် သန့်ရှင်းသော စွမ်းအင်အသုံးပြုမှု ၄၅ ရာခိုင်နှုန်းခန့်ရှိပါကြောင်း။

MOGSS အနေဖြင့် အနာဂတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ အခက်အခဲ များနှင့် စိန်ခေါ်မှုများအတွက် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ဆောင်ရွက် ထားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုတွင် ဆွဲဆောင်မှုရှိသောကဏ္ဍများ ဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များ၌ တွင်းသစ်တူးဖော် ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ အဓိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များဖြစ်သည့် A-6, A-3, M-9 နှင့် M-3 ကမ်းလွန်စီမံကိန်းများသည် ရေနံ ဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလျက် ရှိပါကြောင်း၊ နောင်တွင် ကုန်းတွင်းနှင့် ကမ်းလွန်ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းသစ်များသည် အကောင်အထည်ဖော်လာမည်ဖြစ်ပြီး လုပ်ငန်းအခွင့် အလမ်းများလည်း ပိုမိုပွင့်လင်းလာမည် ဖြစ်ပါကြောင်း။

MOGSS အနေဖြင့် လက်ရှိလုပ်ငန်းများအပြင် Future Energy Transition အရ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရေးအတွက်လည်း လေ့လာ ဆန်းစစ်သင့်ပါကြောင်း၊ အထူးသဖြင့် LNG to Power Projects များအတွက် လိုအပ်သော Terminal များ၊ ဆက်စပ်စက်ရုံများ၊ ပိုက်လိုင်းများနှင့် တည်ဆောက် ခြင်း၊ သိုလှောင်ကန်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ရရှိရေး လုပ်ငန်းများဖြစ်သည့် ပုဂ္ဂလိက ရေနံလက်ယက်တွင်းလုပ်ငန်း၊ အသေးစား ရေနံချက်စက်ရုံများ အသစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းများတွင်လည်း ဝန်ဆောင်မှုအခွင့်အလမ်းများ ရရှိနိုင် ပါကြောင်း။

ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရပ်တည်နိုင်ရေး

ထို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ချက်ပြုတ်ခြင်းကဏ္ဍအတွက် အထောက် အကူပြု LPG လုပ်ငန်းများလည်း အခြားလုပ်ငန်း အခွင့်အလမ်းများ ရရှိနိုင် ပါကြောင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ဖြန့်ဖြူးခြင်းအတွက် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကို Regulatory Body အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းထားပြီး ၎င်းဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာ Website တွင် လေ့လာနိုင်ပါကြောင်း၊ MOGSS အနေဖြင့် အဖွဲ့ဝင်များ တိုးမြှင့်ခန့်အပ်ခြင်း၊ လိုအပ်သောငွေကြေးအတွက် ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာသင်တန်းများပို့ချခြင်း၊ Online Conferences နှင့် ပြပွဲအခမ်းအနားများ ပြုလုပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားရန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အတွေ့ အကြုံနှင့် ပညာရပ်များကို အခြေခံကာ ပိုမိုကောင်းမွန်သော၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ပြည်တွင်းဝန်ဆောင်မှု လုပ်ငန်းအဖြစ် ရပ်တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

အဆိုပါ နှစ်ပတ်လည်အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ဌာနအကြီး အကဲများ၊ MOGSS မှ နာယက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် အသင်းဝင်များနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။ သတင်းစဉ်