ရန်ကုန် ဧပြီ ၂၆
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ သာသနာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဝန်ကြီးဌာနမှ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့်အတူ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေအတွင်း ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဆဋ္ဌသင်္ဂါ ယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မော်ကွန်းကျောက်စာတွင် ပါဠိ/ မြန်မာ/ ရိုမန်/ အင်္ဂလိပ်စာသားများ ရေးသားထွင်းထုပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ ရေရှည်တည်တံ့စွာ ထိန်းသိမ်းသွားရန်၊ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး စည်တော်စင်ဆောက်လုပ်ထားရှိရာ နေရာ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ အထိမ်းအမှတ်ပစ္စည်း အရောင်းဆိုင်၊ ကျမ်းစာအုပ် အရောင်းဆိုင်နှင့် ပိဋကသုံးပုံ တင်ဆောင်မည့် ဆင်တက်လှေကား တပ်ဆင်ထားရှိမှုနှင့် ဆဋ္ဌသင်္ဂါယနာမော်ကွန်း ပြတိုက် လက်ယာဘက်အဝင် နိုင်လွန်ကတ္တရာလမ်းခင်းကျင်း ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၏ အလယ် သံဃာစင်အတွင်း ဆရာတော်ကြီးများ သီတင်းသုံးမည့် ကနုတ်ခုံများ ခင်းကျင်းထားရှိမှု ဆဋ္ဌသင်္ဂါယနာအမေးအဖြေ သံဃာစင်ပြုလုပ်ထားမှု၊ အလယ်သံဃာစင်ထိပ်ရှိ ဘုရားကျောင်းဆောင် ခင်းကျင်းထားရှိမှု၊ သဝဏ်လွှာနှင့် စာတမ်းဖတ်စင်များ၊ အခမ်းအနားမှူးစင်များနှင့် အခမ်းအနား ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အခမ်း အနားဖွင့် စက်ခလုတ်နှိပ်မည့် နေရာခင်းကျင်းမှု၊ ပြကွက် ၁၁ ခု ခင်းကျင်းထားရှိမည့် နေရာတစ်လျှောက် တွင် Light Box များ တပ်ဆင်ခြင်း၊ ထည့်သွင်းပြသ မည့်ပုံများ၊ LED Board များ၊ ကော်ဇောခင်းခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ပိဋကပြတိုက်အတွင်းရှိ ဘဲဥပုံစံ ရေကန်ဆေးသုတ်ခြင်း၊ ရေလဲလှယ်ခြင်းများ၊ ပိဋကတ်ပြတိုက် လက်ဝဲ/လက်ယာဘက်ခြမ်းရှိ မော်ကွန်းကျောက်စာ ရှင်းလင်းထားရှိမှုအခြေအနေများနှင့် ဗုဒ္ဓယဉ်ကျေးမှုပြတိုက်အတွင်း ရှေးဟောင်း ဘုရားများဖူးမြော်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။
ဆက်လက်၍ ဆဋ္ဌသင်္ဂါယနာတင် ဖွားဖက်တော် များဖြစ်သော ဥတ္တရကုရု ကျောင်းဆောင်၊ အပရ ဂေါယာနကျောင်းဆောင်၊ ဇမ္ဗူဒီပကျောင်းဆောင်၊ ပုဗ္ဗဝိဒေဟကျောင်းဆောင်တို့သို့ ရောက်ရှိပြီး ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက် လာမည့်ဆရာတော်ကြီးများ သီတင်းသုံးမည့် အခြေအနေကို သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြသရာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာအေး သံဃာ့ဆေးရုံကြီးသို့ ရောက်ရှိပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့မှ ဆရာတော်ကြီးများ အရေးပေါ် ဆေးကုသမှုပြုနိုင်ရေးအတွက် ဆေးရုံအတွင်း/အပြင် သန့်ရှင်းစေရေး၊ သိမ်တော်ကြီးအတွင်း သန့်ရှင်းစေရေးတို့ကို မှာကြားသည်။
ယင်းနောက် ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ ရောက်ရှိပြီး ကျမ်းစာအုပ်များ၊ တရားစာအုပ်များ ရိုက်နှိပ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သာသနာတော်အတွက် အကျိုးပြုကျမ်းစာအုပ်များ အချိန်မီ ရိုက်နှိပ်ထုတ်ဝေနိုင်ရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မဟာသိမ်တော်ကြီးသို့ ရောက်ရှိပြီး သိမ်တော်ကြီးအတွင်း ငှက်များ ဝင်ရောက်ခြင်းမရှိစေရန်၊ ခိုချေးများ ကင်းရှင်းစေရေးအတွက် အမြဲမပြတ်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး ကမ္ဘာအေး စာပုံနှိပ်တိုက်သို့ရောက်ရှိကာ ကျမ်းစာအုပ်များ၊ တရားစာအုပ်များ၊ အန္တရာယ်ကင်းဘုရားရှိခိုး စာအုပ်များ စသည်တို့ ရိုက်နှိပ်ရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ ဘာသာ သာသနာအတွက် အကျိုးပြုကျမ်းစာအုပ်များ အချိန်မီရိုက်နှိပ်ထုတ်ဝေနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



