
နေပြည်တော် ဒီဇင်ဘာ ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက်တို့တွင် ကျင်းပသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ လယ်ဝေးမြို့ အင်တိုင်းသာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရနှင့် သရက်ခုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမာလာတို့ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုပြီး ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဥပ္ပါတသန္တိ ပါဠိဝတ်ရွတ်စဉ်စာအုပ်များကို ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ လယ်ဝေးမြို့ အင်တိုင်းသာကျောင်း တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဥတ္တမသာရ နှင့် သရက်ခုံကျောင်းတိုက် ပဓာနနာယကဆရာ တော် ဘဒ္ဒန္တနန္ဒမာလာတို့က အနုမောဒနာတရား ဟောကြားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး အခမ်းအနား ကို ရုပ်သိမ်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက် အတွင်း/ အပြင်၌အမှိုက်သိမ်း သန့်ရှင်းရေးဆောင်ရွက်နေသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ဝန်ထမ်းများကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် နေပြည်တော် လယ်ဝေးမြို့နယ် အေလာ သရက်တောပရိယတ္တိစာသင်တိုက်တွင် အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်တော်မူသည့် ဆရာ တော်သံဃာတော်များကို သွားရောက်ကြည်ညိုပြီး ဥပ္ပါတသန္တိပါဠိတော်ဝတ်ရွတ်စဉ် စာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည် တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင် တော်ရှိ ဓမ္မာရုံ၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော် နေသော ဆရာတော်သံဃာတော်များကို သွားရောက် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး တွင် ဥပ္ပါတသန္တိပါဠိတော်ကို နိုဝင်ဘာ၅ ရက်မှစ၍ ၁၀၈ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက်ရှိရာ ယနေ့ အထိ ၅၆ ရက်မြောက် ရွတ်ဖတ်ပူဇော်လျက်ရှိ ကြောင်းနှင့် နေပြည်တော်တွင် အသံမစဲ ဥပ္ပါတသန္တိ ပါဠိတော်ကို ဆက်လက်ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်