ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မန္တလေးတိုင်းဒေသကြီးအတွင်း လုပ်ငန်းများစစ်ဆေး

 

 

နေပြည်တော်   ဧပြီ   ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦး၊  မန္တလေးတိုင်း ဒေသကြီး    လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး   ကျော်ကျော်မင်းနှင့်     အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်   မြို့သာစက်မှုဥယျာဉ်မြို့တော်အနီး   သရက် ချိုပင်ကျေးရွာအုပ်စုရှိ  မြေလွတ်မြေရိုင်းနေရာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေး ဇုန်နှင့် အဆိုပါမွေးမြူရေးဇုန်အတွက် လိုအပ်လာမည့် သောက်သုံးရေ  ရရှိရေးလုပ်ငန်းများ၊ တည်ဆောက် လျက်ရှိသည့်       လျှိုပိတ်တမံတည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးကြသည်။ 
ဧက ၃၀၀၀ ရှိ မွေးမြူရေးဇုန်
နွား ၊  သိုး၊   ဆိတ် မွေးမြူရေးလုပ်ငန်းများပါဝင်သော ဧက ၃၀၀၀ ရှိ မွေးမြူရေးဇုန်၏  သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက  ရေရရှိ နိုင်မည့် နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်လျက် ရှိရာ ယခုတည်ဆောက်လျက်ရှိသည့် လျှိုပိတ်တမံမှာ တမံအလျား ပေ  ၁၂၀၀ ၊ တမံအမြင့် ပေ  ၆၀ ရှိ မြေသားတမံ  အမျိုးအစားဖြစ်ပြီး  လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း၊ လုပ်ငန်းများအားလုံးကို ယခုနှစ် မိုးမကျမီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ရေချွေတာမည့်စနစ်များ ထည့်သွင်း
လျှိုပိတ်တမံ  တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးစဉ်      ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများကို  ဒေသ၏   နှစ်စဉ်မိုးရေရရှိမှု၊ စီးဝင်ရေပမာဏနှင့် သိုလှောင်နိုင်မှုတို့အရ  မြို့သာ မွေးမြူရေးဇုန်အတွက်   ရေလိုအပ်ချက်ပြည့်မီရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်၍       ပထဝီမြေ မျက်နှာအခြေအနေအရ  ရေရှည်အကျိုးရှိနိုင်မည့် နည်းလမ်းကို ဖော်ထုတ်အသုံးချရန် လိုအပ်ကြောင်း၊ အလားတူ  ရေချွေတာနိုင်မည့်  အသုံးပြုမှုစနစ်များ ထည့်သွင်း စီမံဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေး ပြောကြားသည်။ 
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး
ထို့နောက်  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့သာစက်မှုဥယျာဉ်မြို့တော်     တည်ဆောက်မည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများ၊ မြို့သာမွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းခွင်များကို  လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဒေသထွက် ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံသည့်  စားသောက် ကုန်ချောထုတ်  စက်မှုလုပ်ငန်းများ  ဖွံ့ဖြိုးလာရေး၊ ခေတ်မီ အဆင့်မြင့် ဆီစက်လုပ်ငန်းနှင့်   တိရစ္ဆာန် အစာ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်ချက် များနှင့် ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်မှုကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။  
သတင်းစဉ်