
နေပြည်တော် နိုဝင်ဘာ ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် OECD တို့ ပူးပေါင်း၍ နော်ဝေနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံအစိုးရ တို့၏ အကူအညီဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမူဝါဒ လေ့လာသုံးသပ်ချက် အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် OECD၊ European Union၊ ILO၊ နော်ဝေနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သည့် “High-Level Event on Promoting Responsible Investment in Myanmar” အစီအစဉ်သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Ranieri Sabatucci၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး ဒုတိယအကြီးအကဲနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအကြီးအကဲ Mr. Giacomo Solari၊ နော်ဝေနိုင်ငံသံရုံး ယာယီတာဝန်ခံ Ms. Lise Nordgaard တို့ကလည်း အဖွင့်အမှာစကား ပြောကြားကြသည်။
မြန်မာနိုင်ငံသည် OECD နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရင်းနှီး မြှုပ်နှံမှုမူဝါဒ လေ့လာသုံးသပ်ချက် ကို ၂၀၁၄ ခုနှစ်တွင် ပထမအကြိမ် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ခဲ့ပြီး နောက် ခြောက်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် သိသာ ထင်ရှားသည့် တိုးတက်မှုများရရှိ အောင် ဆောင်ရွက်နိုင်ခဲ့သည်။
အကြံပြုချက်များကို ပံ့ပိုး
ဒုတိယအကြိမ် OECD ၏ ရင်းနှီး မြှုပ်နှံမှုမူဝါဒ လေ့လာသုံးသပ်ချက် သည် အစိုးရအား ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်အသစ်အတွက် အခြေခံ ကောင်းများ၊ အရည်အသွေးပြည့်ဝ သည့် အလုပ်သမားဆိုင်ရာစံနှုန်းများ ကို ချမှတ်ရာတွင် များစွာအထောက် အကူပြုသည့်အပြင် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်သစ်ကိုဖြစ်စေရန် ဘက်စုံ မူဝါဒ လေ့လာသုံးသပ်ချက်များနှင့် အကြံပြုချက်များကို ပံ့ပိုးပေးသည်။
၄၀၀ ခန့် တက်ရောက်
အဆိုပါအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် အစိုးရဌာနဆိုင်ရာ အရာရှိကြီး များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စား လှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ သတင်းမီဒီ ယာများမှ တာဝန်ရှိသူများ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ကြသည်။
သတင်းစဉ်