ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီးပွားရေးဝန်ကြီးများ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုစီးပွားရေးဝန်ကြီးများ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်

================================================================================================

 

နေပြည်တော် နိုဝင်ဘာ ၁၁

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့ နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership– RCEP) ထိပ်သီးအစည်းအဝေးမတိုင်မီ ကျင်းပသော စီးပွားရေးဝန်ကြီးများ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

 

အစည်းအဝေး၌ ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး Tran Tuan Anh က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ညှိနှိုင်းမှု ညွှန်ကြားရေးမှူးချုပ် Mr. Iman Pambagyo က ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီ၏ အစီရင်ခံစာကို ဝန်ကြီး များထံ တင်ပြသည်။ ဝန်ကြီးများက ရှစ်နှစ်တာကြာမြင့် ခဲ့သည့် RCEP ညှိနှိုင်းမှုများကို ရလဒ်ကောင်းများ ပေါ်ထွက် လာအောင် ကြိုးပမ်းအားထုတ်ခဲ့သည့် ကုန်သွယ်ရေးညှိနှိုင်း မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကို ချီးကျူး ဂုဏ်ပြုစကား အသီးသီးပြောကြားပြီး ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌ၏ အစီရင်ခံစာကို ဆွေးနွေး အတည်ပြုသည်။

 

ဝန်ကြီးများက RCEP သဘောတူစာချုပ်ကို နိုဝင်ဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ရာ စာချုပ်မှ ရရှိလာမည့် အခွင့်အလမ်းများကို ထိထိရောက်ရောက် အသုံးပြုနိုင်ရန်အတွက် စာချုပ်အသက်ဝင်ရေးဆောင်ရွက် ရမည့်လုပ်ငန်းများ၏ အရေးပါမှုကို အလေးပေးပြောကြား ပြီး အဆိုပါလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် RCEP ကြားဖြတ်ပူးတွဲကော်မတီအား ဖွဲ့စည်းရန် သဘောတူကြ သည်။ ထို့နောက် ဝန်ကြီးများက RCEP သဘောတူစာချုပ်ကို မကြာမီကျင်းပမည့် (၄) ကြိမ်မြောက် RCEP ထိပ်သီးအစည်း အဝေးတွင် လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုကြပြီး အဆိုပါထိပ်သီးအစည်း အဝေးတွင် အတည်ပြုထုတ်ပြန်မည့် ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်နှင့် RCEP တွင် အိန္ဒိယနိုင်ငံပါဝင်ရေး ဆိုင်ရာ ဝန်ကြီးများ၏ ကြေညာချက်တို့ကိုလည်း သဘော တူကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက RCEP သဘောတူစာချုပ် ညှိနှိုင်းပြီးစီး ရေးအတွက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌအဖြစ် ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးတွင် ဦးဆောင်ခဲ့ သော ဗီယက်နမ်နိုင်ငံကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ RCEP ဆွေးနွေးညှိနှိုင်းမှုတစ်လျှောက်လုံးတွင် လိုအပ်သော အကူ အညီ အထောက်အပံ့များပေးခဲ့သည့် အာဆီယံအတွင်းရေး မှူးချုပ်နှင့် ရုံးအဖွဲ့၊ သဘောတူစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့သည့် ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

RCEP သဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံ ပါဝင်သည့်အတွက် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကို လည်းကောင်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ ကုန်သွယ်မှု၏ ၂၈ ရာခိုင်နှုန်းနီးပါးကိုလည်းကောင်း ကိုယ်စားပြုထားသဖြင့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူစာချုပ်များအနက် တစ်ခုအပါအဝင် ဖြစ်လာ မည်ဖြစ်သည်။

 

RCEP ၏ အဖွဲ့ဝင်နိုင်ငံများတွင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် RCEP သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း ဖြင့် မိမိတို့နိုင်ငံ၏ ထုတ်ကုန်များကို ပိုမိုကျယ်ပြန့်သည့် ကမ္ဘာ့အဆင့်မြင့်ဈေးကွက်များသို့ တင်ပို့နိုင်မည့် အခွင့် အလမ်းများ ရရှိမည်ဖြစ်သည်။ ထို့ပြင် သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မြန်မာနိုင်ငံသို့ တာဝန် ယူမှု၊ တာဝန်ခံမှုရှိသော အရည်အသွေးမြင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမိုစီးဝင်လာနိုင်မည့် အခွင့်အရေးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍအသီးသီးရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများ၏ စွမ်းဆောင် ရည်ကိုလည်း နိုင်ငံတကာအဆင့်မီ သဘောတူစာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်ပါအကောင်အထည်ဖော် ရန်အတွက် မြှင့်တင်ဆောင်ရွက်နိုင်မည့်အခွင့်အလမ်း ရရှိ မည်ဖြစ်သည်။

 

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန် နိုင်ငံတို့မှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်၊ ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်