
နေပြည်တော် ဇွန် ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိ နေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့အနီးရှိ JSC Atomenergomash (AEM-Technologies ‘Izhora’) အပူစွမ်းအင်သုံး နှင့် နည်းပညာဆိုင်ရာ Service ဆောင်ရွက်ပေး နေသော အလုပ်ရုံသို့ သွားရောက်လေ့လာကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် JSC Atomener-gomash (AEM-Technologies ‘Izhora’) အလုပ်ရုံ သို့ရောက်ရှိရာ အလုပ်ရုံ အမှတ် (၃၃)(၃၄) အတွင်း၌ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွင် အသုံးပြု ဆောင်ရွက်နေသော ဘွိုင်လာနှင့် တာဘိုင်ပစ္စည်း များ ထုတ်လုပ်မှုနှင့် တပ်ဆင်နေမှုများကို လေ့လာ ကြသည်။
ယင်းနောက် အလုပ်ရုံအစည်းအဝေးခန်းမတွင် JSC Atomenergomash (AEM-Technologies ‘Izhora’) ၏ Director General Mr.Kotov Igor က အလုပ်ရုံလည်ပတ်ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်မှု ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် Central Design Bureau of Mechanical Engineering အလုပ်ရုံသို့ ရောက်ရှိရာ အလုပ်ရုံ၏ Production Director Mr. Alexy Kuzmin က အလုပ်ရုံမှ ထုတ်လုပ်ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
Central Design Bureau of Mechanical Engineering အလုပ်ရုံသည် နှစ်ပေါင်း ၈၀ ကြာ အတွေ့အကြုံရှိသော အလုပ်ရုံတစ်ခုဖြစ်ပြီး အပူ စွမ်းအင်သုံးစက်ပစ္စည်းများ၊ ရေအေးစနစ်၊ ပန့်စနစ်၊ ပိုက်လိုင်းစနစ်များကို အဓိကထား ထုတ်လုပ်လျက် ရှိသည်။ ထို့ပြင် အပူစွမ်းအင်သုံးစက်ရုံများ၊ ရေယာဉ် တပ်ဆင်ထုတ်လုပ်မှုများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းနယ်ပယ်များတွင် လိုအပ်သော စက်ပစ္စည်း ထုတ်လုပ်ခြင်းများအပြင် ဒီဇိုင်းများ ရေးဆွဲထုတ်လုပ်မှုကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်