ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

 

နေပြည်တော်   စက်တင်ဘာ   ၂၃     


လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် အတူ ယနေ့ နံနက်ပိုင်းက  ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး    မိုင်တိုင်အမှတ်   ၂၉၃  အနီး   လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်     ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ  ကံကောင်းဓာတ်အားခွဲရုံ  တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းခွင် သို့ ရောက်ရှိပြီး ယာယီရှင်းလင်းဆောင်၌ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်    ကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်နှင့် တာဝန်ရှိ သူများက  ၅၀၀ ကေဗွီ ကံကောင်းဓာတ်အားခွဲရုံနှင့် ၅၀၀ ကေဗွီ စပါးကြွယ်ဓာတ်အားခွဲရုံ တည်ဆောက် ရေး   စီမံကိန်းလုပ်ငန်းများ   ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်  လုပ်ငန်းအစီအမံ များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က  ယခုစီမံကိန်းသည်  နိုင်ငံ၏လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးကဏ္ဍတွင်    အရေးပါသောစီမံကိန်းဖြစ် သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆောင်ရွက် ရန်ကျန်  လုပ်ငန်းများအလိုက်  ပြီးစီးရမည့်အချိန် ဇယားများ   ရေးဆွဲထားပြီး   ၎င်းအချိန်ဇယားများ အတိုင်း    သတ်မှတ်ချိန်ပြီးစီးနိုင်ရေး   အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ရာတွင်လည်း အရည်အသွေးပြည့်မီအောင်   ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊  ဓာတ်အားခွဲရုံမြေနေရာများကို လည်း   ဌာနပိုင်အမည်ပေါက်ရရှိရေး   ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းများကို ဆောင်ရွက်လျက်ရှိရာမှ    အခက်အခဲများကြောင့် သက်တမ်းတိုးရန်လိုအပ်ပါက သေချာတိကျ ခိုင်မာ သည့် အချက်အလက်များဖြင့်  ကြိုတင်သက်တမ်းတိုး တင်ပြသွားရန် လိုအပ်ကြောင်း မှာကြားပြီး စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  စီမံကိန်းလုပ်ငန်းခွင်အတွင်း ထရန်စဖော်မာများနှင့် Shunt   Reactor  တပ်ဆင်ပြီးစီးမှု၊    Hybrid  Gas Insulated Switchgear (HGIS) တပ်ဆင်ပြီးစီးမှု၊ 500  kV  Switch  Bay  နှင့်  230  kV  Switch  Bay တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Control  Building   တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို       လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


ယခုဆောင်ရွက်လျက်ရှိသည့်      ၅၀၀  ကေဗွီ ကံကောင်းဓာတ်အားခွဲရုံစီမံကိန်းသည် မြန်မာနိုင်ငံ တွင်  ပထမဆုံးအကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံစီမံကိန်းဖြစ် ကာ ၎င်းစီမံကိန်းပြီးစီးသွားသည်နှင့်  နိုင်ငံမြောက်ပိုင်း တွင် တည်ရှိနေသော လျှပ်စစ်ဓာတ်အားပေးစက်ရုံ များမှ ထုတ်လုပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားများ ကို နိုင်ငံ၏တောင်ပိုင်းသို့ ပြည့်ဝစွာပို့လွှတ်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ယခုအခါစီမံကိန်းတစ်ခုလုံး အနေဖြင့် ၇၃ ဒသမ ၁၇ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။          

သတင်းစဉ်