
နေပြည်တော် ဇန်နဝါရီ ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစား ကွင်း/အားကစားရုံများတွင် ကျင်းပလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမ၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ ပိုက်ကျော် ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ကျင်းပလျက်ရှိသည့် တက္ကသိုလ် ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပ လျက်ရှိသည့် တက္ကသိုလ်ပေါင်းစုံ စားပွဲတင်တင်းနစ် ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ တွင် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။
အဆိုပါ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေး ဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ (ဘောလုံး၊ပိုက်ကျော် ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန် ပစ်) အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ အားကစားနည်း ငါးနည်းဖြင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစား ကွင်း/အားကစားရုံများ၌လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌လည်းကောင်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘ ပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။
သတင်းစဉ်