
နေပြည်တော် မတ် ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များဖြစ်သော (ဂျူဒို၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဝူရှူး(ဆန်းဆို)နှင့် ဗိုဗီနမ်) အားကစားအဖွဲ့များ၏ လေ့ကျင့်မှုပြုလုပ်နေသည့်နေရာများသို့ လိုက်လံကြည့်ရှုအားပေးသည်။
အထူးဂရုစိုက်ဆောင်ရွက်
တွေ့ဆုံအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက အားကစားအဖွဲ့လိုက် နည်းပြနှင့် အားကစားသမား များနှင့်တွေ့ဆုံ၍ အားကစားသမားများအား (၃၁)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်ကာလနီးကပ်လာပြီဖြစ် သောကြောင့် အုပ်ချုပ်/ နည်းပြနှင့် အားကစား သမားများအနေဖြင့် ပိုမိုကြိုးစားအားထုတ်လေ့ကျင့် ရမည့် အရေးကြီးကာလသို့ ရောက်ရှိလာပြီဖြစ် ကြောင်း၊ “ကျန်းမာရေးသည် ပထမ၊ စည်းကမ်းသည် ဒုတိယ၊ စံချိန်သည် တတိယ” ဆိုသည့် ဆောင်ပုဒ် အတိုင်း ကျန်းမာရေးကောင်းမွန်စေရေးနှင့် လေ့ကျင့် ချိန်များတွင် Injury မရရှိစေရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့လပေါင်း များစွာ အပင်ပန်းခံကြိုးစားလေ့ကျင့်ထားမှုများနှင့် ပြိုင်ပွဲတွင် မိမိတို့၏အရည်အသွေးများကို ထုတ်ဖော် ပြသခွင့်မရရှိဘဲ အလဟဿ မဖြစ်စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း/စည်းကမ်းများနှင့်အညီ နေထိုင်သွားလာလှုပ်ရှား လေ့ကျင့်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ Training Programme များတွင် ထည့်သွင်းရေးဆွဲ ထားသည့် လေ့ကျင့်ခန်းများအတိုင်း Effective Training ဖြစ်စေရေးအတွက် နည်းစနစ်မှန်မှန်၊ ပြင်းပြင်းထန်ထန်နှင့် ထိထိရောက်ရောက် လေ့ကျင့် ကြရန်လိုကြောင်း။
ကြိုးစားယှဉ်ပြိုင်ကြ
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့်အခါ မိမိပြိုင်ဘက် နှင့် အရည်အချင်းကွာခြားမှုရှိသော်လည်း မိမိနိုင်ငံ၏ ဂုဏ်သိက္ခာမကျစေရန် မဆုတ်မနစ်သောစိတ်ဓာတ်၊ ဇွဲ၊ လုံ့လတို့ဖြင့် အဆင့်အတန်းရှိရှိ နောက်ဆုံးအချိန် အထိ ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း၊ နည်းပြများအနေဖြင့်လည်း အားကစားသမားများ လေ့ကျင့်မှုပြုလုပ်ရာ၌ (Training Over Load) မဖြစ် စေရေးနှင့် အားကစားသမားကောင်း စိတ်ဓာတ်ထား ရှိရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း၊ အားကစားသမားအနေဖြင့်လည်း နည်းပြများက ၎င်းတို့၏ ဖြတ်သန်းတွေ့ကြုံလာသော အတွေ့အကြုံ များနှင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးသည့် အတိုင်း လေ့ကျင့်မှုမပျက်ကွက်ဘဲ ပုံမှန်လေ့ကျင့် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ကြောင်း၊ အားကစားသမားတစ်ဦးချင်းစီတိုင်းသည် ဆုတံဆိပ် ရရှိရန် အရေးကြီးသည့်အတွက် မိမိအတွက်ရော နိုင်ငံအတွက်ပါ ဆုံးရှုံးမှုများမရှိစေရန် မိမိကိုယ်မိမိ အထူးဂရုစိုက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆုတံဆိပ်ရရှိရန် မျှော်မှန်း ယုံကြည်ထားသည့်အတွက် အားကစားသမားများ အနေဖြင့် အိပ်ရေးပျက်မခံဘဲ ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်စားသောက်ရာတွင် အထူး ဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ အားကစားသမားများ အနေဖြင့် ဖြစ်ချင်တာထက် ဖြစ်သင့်သည်ကို ဦးစားပေးလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နေထိုင်စားသောက် ရေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများရှိပါက တာဝန်ရှိသူများထံ တင်ပြရန် နှင့် လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်