
နေပြည်တော် ဖေဖော်ဝါရီ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများကို တွေ့ဆုံရာ ရခိုင်ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြား ရေးမှူး ဦးအောင်မျိုးက ပြည်နယ် အတွင်း ဌာန၏ရည်မှန်းချက် တာဝန်များ အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်း စီမံချက်နှင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်း များ ဆောင်ရွက်ပြီးစီးမှု၊ ကောက်ယူရရှိသည့် အိမ်ထောင်စု စာရင်းများနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ရခိုင်ပြည်နယ်အနေဖြင့် ပန်းခင်းစီမံချက် အဆင့်(၁) ကို ရာနှုန်းပြည့် ပြီးစီးအောင်မြင် အောင် ဆောင်ရွက်နိုင်သကဲ့သို့ အဆင့်(၂)ကိုလည်း ရာနှုန်းပြည့် ပြီးမြောက် အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ပြင် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းအရ ရရှိလာသည့် အိမ်ထောင်စု အချက်အလက်များ ကို e-ID software ဖြင့် ချိတ်ဆက် ကာ အချက်အလက် ပြင်ဆင် ဖြည့်စွက်၊ အတည်ပြုခြင်းလုပ်ငန်း ကိုလည်း ယခုလအတွင်း ပြီးစီး အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ လျှပ်စစ်မီးနှင့် အင်တာနက် အခက်အခဲရှိသည့် မြို့နယ်များ၏ အိမ်ထောင်စု စာရင်း အချက်အလက်များကို ပြည်နယ်ဦးစီးမှူးရုံး၌ စုစည်း ကာ သတ်မှတ်ကာလအတွင်း စိစစ် အတည်ပြုနိုင်ရေးအတွက် ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီသို့ တင်ပြဆောင်ရွက် ရန်လိုကြောင်း၊ ယင်းစာရင်း အချက်အလက်များ ဖြည့်သွင်း အတည်ပြုပြီးမှသာ မှန်ကန်သည့် လူဦးရေစာရင်းကို ထုတ်ပြန်နိုင် မည်ဖြစ်သည့်အတွက် အားလုံးက အလေးထား ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း။
နိုင်ငံသား စိစစ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း မှတ်တမ်း မှတ်ရာများ စနစ်တကျ တိုက်ဆိုင် ကာ ဥပဒေနှင့်အညီ ရသင့်သည့်သူ များအား ကြန့်ကြာမှုမရှိစေရေး အတွက် စိစစ်ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မရသင့်သည့် သူများအား မှားယွင်းထုတ်ပေး ခြင်း မရှိစေရေးအတွက် အဆင့်ဆင့် စိစစ်ကြီးကြပ်ဆောင်ရွက်ကြရန် လိုကြောင်း၊ ယာယီနေရပ်စွန့်ခွာ စခန်းများ၌ ရောက်ရှိနေထိုင်သူ များ၏ နိုင်ငံသားကတ်ပြား စိစစ် ထုတ်ပေးခြင်း လုပ်ငန်းများကို လည်း မြို့နယ်ရုံးအချင်းချင်း ချိတ်ဆက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းကာ ထိထိရောက်ရောက် ဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကိုလည်း စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရန် ဆောင်ရွက်လျက်ရှိရာ ရခိုင် ပြည်နယ်အနေဖြင့် ဆောင်ရွက် ရမည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း သတ်မှတ် ကာလအတွင်း ပြီးစီးနိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက် ထားကြရန် လိုကြောင်း၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်စွာ ဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာန ၏လုပ်ငန်းများသည် နိုင်ငံတော် လုံခြုံရေးနှင့် သက်ဆိုင်သည့် အတွက် ဂရုတစိုက် အလေးထား ဆောင်ရွက်ကြရန် လိုကြောင်း အကျယ့်တဝင့် ရှင်းလင်းပြော ကြားပြီး ဝန်ထမ်းများကို ရင်းရင်း နှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်