ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇွန်   ၁၁ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachahige Prabashini Ponnamperuma  အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 


တွေ့ဆုံစဉ်     မြန်မာ - သီရိလင်္ကာ     နှစ်နိုင်ငံ၏   ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ တူညီသည် နှင့်အမျှ နှစ်နိုင်ငံ ပြည်သူအချင်းချင်း အပြန်အလှန် ကူးသန်းသွားလာနိုင်ရေး၊ နှစ်နိုင်ငံရှိ တန်ခိုးကြီးဘုရား များအား နှစ်နိုင်ငံပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ပြည်ဝင်ဗီဇာကိစ္စရပ်များ   လွယ်ကူအဆင်ပြေစေရေး၊ နှစ်နိုင်ငံပြည်သူများ  တရားမဝင် ဝင်ထွက်သွားလာမှု  မရှိစေရေးအတွက်    စိစစ်ကြပ်မတ်ဆောင်ရွက်နိုင် ရေးနှင့်      နှစ်နိုင်ငံ      လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး    အခြေအနေများနှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။


တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့်  ဦးဌေးလှိုင်နှင့်  ဒေါက်တာ မျိုးသန့်၊   အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။                        

သတင်းစဉ်